Breaking News

လေးမျက်နှာမြို့ ရေဘေးနဲ့ စစ်တပ်အစိုးရရဲ့ လုပ်ဆောင်နိုင်စွမ်း

မြန်မာနွေဦးခရိုနီကယ် - ဩဂုတ် ၂ မြင်ကွင်း

(မိုးမခ) ၊ ဩဂုတ် ၃ ၊ ၂၀၂၆


လေးမျက်နှာမြို့ ရေဘေးနဲ့ စစ်တပ်အစိုးရရဲ့ လုပ်ဆောင်နိုင်စွမ်း 

ဇူလိုင်လ ၃၀ ရက်နေ့ ညနက်ပိုင်းမှာ စတင်ခဲ့တဲ့ ငဝန်မြစ်ကိုကာထားတဲ့ တာကျိုးပြီးရေတွေ လေးမျက်နှာမြို့နဲ့ အနီးတဝိုက်က ကျေးရွာတွေဆီ ဝင်ရောက်နေတာ ယနေ့ဆို ၃ ရက်ကျော်လာပြီ ဖြစ်ပါတယ်။ တာကျိုးပြီး စီးဝင်လာတဲ့ ငဝန်မြစ်ရေ ပမာဏဟာ များပြားတာကြောင့် ချောင်းဟောင်းတွေ၊ မြေမျက်နှာပြင် နိမ့်ရာနေရာတွေ၊ လမ်းကြောင်းအဟောင်းတွေကနေ တောင်ဘက်နဲ့ ထိစပ်နေတဲ့ အခြားသော ကျေးရွာတွေဆီ ဆက်လက်စီးဝင်နေဆဲ ဖြစ်ပါတယ်။ စီးဝင်လာတဲ့ ရေဘေးအန္တရာယ် ခံစားရမယ့် နယ်မြေတွေ တစတစ ကျယ်ပြန့်လာနေသလို ထိခိုက်ပျက်စီးမှုနဲ့ ဆုံးရှုံးမှုပမာဏ ကြီးမားလာနေပြီး ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေး၊ ကျိုးပေါက်သွားတဲ့ တာကို ပိတ်ဆို့ဖို့ လုပ်ဆောင်မှုတွေက အားရစရာ မရှိတဲ့အနေအထားမျိုးတွေ တွေ့မြင်နေရတာပါ။ 

ပြီးခဲ့တဲ့ ၃ ရက်အတွင်း ဧရာဝတီတိုင်း အစိုးရအဖွဲ့က တာဝန်ရှိသူတွေလို့ဆိုတဲ့ အုပ်ချုပ်ရေးဘက်က သူတွေ သက်ကယ်လှေလို လှေတစီးနဲ့ လာရောက်တာသာ တွေ့ရပြီး ကူညီကယ်ဆယ်ရေးနဲ့ ပတ်သက်တဲ့ ကိန်းဂဏန်းတွေမှာ အိမ်ခြေ ၁၇၀၀ ကျော်၊ လူဦးရေ အနေနဲ့ ၈ ထောင်ကျော် ရေဘေးသင့်ပြီး လယ်ဧက ၇၃၀၀ ကျော် ရေနစ်မြုပ်နေတယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။ တာမကျိုးခင် နာရီပိုင်းအလိုမှာ ကျိုးပေါက်နိုင်ခြေရှိတဲ့ အန္တရာယ်ရှိကြောင်း ကြိုတင်နှိုးဆော်မှုတွေရှိတာကြောင့် ဘေးလွတ်ရာကို ကြိုတင်ရွှေ့ပြောင်းဖို့ အချိန်အနည်းငယ်ရတယ်လို့ ဆိုနိုင်ပါတယ်။ 

အခုအချိန်ထိ တွေ့မြင်နေကြရတဲ့ လူမှုကွန်ရက်နဲ့ သတင်းမီဒီယာတွေက ဗီဒီယိုတွေနဲ့ ဓာတ်ပုံတွေအရတော့ မီးသတ်၊ ကြက်ခြေနီနဲ့ ပရဟိတကူညီကယ်ဆယ်ရေးတို့လို သူတွေသာ ကယ်ဆယ်ရေး လုပ်ငန်းတွေကို လုပ်ဆောင်နေကြတာ တွေ့ရပါတယ်။ ဧရာဝတီတိုင်း အစိုးရအဖွဲ့ဝင်တွေ အသုံးပြုတဲ့ လှေလိုမျိုးတွေ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြတာ မတွေ့ရသလို ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် လိုအပ်တဲ့ လောင်စာဆီ အခက်အခဲနဲ့လည်း တွေ့ကြုံနေကြရတယ်လို့ သတင်းတွေမှာ ဖော်ပြထားကြတာပါ။ အီရန်-အမေရိကန် စစ်ပွဲစတင်ကတည်းက လောင်စာဆီ ခွဲတမ်းနဲ့ ရောင်းချသလို စုံ/မ ထွက်ရက်တွေ ကျင့်သုံးနေတာကြောင့် ကယ်ဆယ်ရေးနဲ့ ရေဘေးအတွင်း နေအိမ်တွေမှာ ပိတ်မိနေသူတွေကို ထမင်းထုပ် ဝေငှတာ စတဲ့ လုပ်ငန်းတွေ အခက်အခဲနဲ့ ကြုံတွေ့နေကြရတယ်လို့ သတင်းတွေထဲမှာ တွေ့မြင်နေကြရပါတယ်။ 

ဇူလိုင်လ ၃၁ ရက်နေ့က နေပြည်တော်ရှိ လွှတ်တော်မှာ နိုင်ငံတော် အခြေပြမိန့်ခွန်းကို ပြောဆိုခဲ့တဲ့ သမ္မတ ရာထူးရယူထားသူ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အနေနဲ့ နိုင်ငံစီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ ငြိမ်းချမ်းရေးကိစ္စတွေကို မြေပြင်က ဖြစ်ပျက်နေတဲ့ အခြေအနေနဲ့ ပြောင်းပြန်သဖွယ် ပြောဆိုနေချိန်မှာ ဧရာဝတီတိုင်းက မြို့နယ်တခုမှာ တာကျိုးပြီး ရေဘေးနဲ့ ကြုံတွေ့နေရချိန် ဖြစ်ပါတယ်။ 

အခုလို အပျက်အစီး အများအပြားနဲ့ ကြုံတွေ့ရနိုင်ပြီး တာကျိုးပြီး ဝင်ရောက်လာတဲ့ရေတွေက သီတင်းပတ်ကနေ လနဲ့ချီတဲ့အထိ စပါးခင်းတွေ၊ လူနေမြို့ရွာတွေထဲ ကျန်ရှိနိုင်တဲ့ အန္တရာယ်ကြုံတွေ့နေရချိန် ကျိုးသွားတဲ့ တာနေရာကို တားဆီးဖို့ လုပ်ဆောင်နေတဲ့ မြင်ကွင်းတွေမှာ လုံလောက်တဲ့ ယန္တရားနဲ့ ပစ္စည်းကိရိယာတွေ အသုံးပြုပြီး လျင်မြန်ထိရောက်တဲ့ တားဆီးမှုမျိုးထက် လက်ဖြစ်သဘော ဆန်တာတွေ့မြင်နေကြရတာ ဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ် အနေနဲ့ စစ်ပွဲတွေမှာ အသာစီးရဖို့အတွက်ဆို တိုက်လေယာဥ်၊ ရဟတ်ယာဥ်၊ လက်နက်ခဲယမ်းတွေကို နေ့စဥ် ပေါပေါသီသီ အသုံးပြုနေသည့်တိုင် ဒီနယ်မြေဒေသတွေမှာ နေထိုင်နေကြတဲ့ ထောင်နဲ့ချီတဲ့ဒေသခံတွေရဲ့ အသက်တွေ ထိခိုက်ဆုံးရှုံးနိုင်ပြီး နေအိမ်၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ဆုံးရှုံးနိုင်တဲ့ အခြေအနေ ရေဝင်ရောက်တဲ့ ဧရိယာ ကျယ်ပြန့်လာတာနဲ့ အမျှ ထိခိုက်ဆုံးရှုံးတဲ့ ပမာဏ ပိုမိုကြီးမားလာတာကို မင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရ အနေနဲ့ အလေးအနက်ထားပုံမရပါဘူး။ 

စစ်ပွဲတွေမှာ အနိုင်ရရေးက လူ့အသက်တွေနဲ့ နေအိမ် အသက်မွေးဝမ်းကျောင်းတွေ နာရီပိုင်း ရက်ပိုင်းအတွင်း ဆုံးရှုံးသွားမယ့် အရေးထက် ပိုအရေးကြီးတဲ့ သဘောလို့ မှတ်ယူထားတာ ထင်ရှားပါတယ်။ 

အခုလို ငဝန်မြစ်ဘေးက တာကျိုးပြီး လေးမျက်နှာကနေ အခြားသော ကျေးရွာအုပ်စုတွေအထိ မြစ်ရေတွေ စီးဝင်လာတဲ့ အနေအထားဟာ အချို့သော ဒေသတွေကလို မိုးသည်းထန်ပြီး တောင်ကျရေ ဝင်ရောက်ပြီး ရေကြီးတာမျိုးနဲ့ သဘောသဘာဝ မတူပါဘူး။ တောင်ကျရေ၊ မြစ်ရေ မြင့်တက်လို့ ရပ်ကွက်တွေ ရေမြုပ်တာမျိုးနဲ့ မတူဘဲ အခု ဖြစ်ပွားတဲ့ဒေသတွေမှာ လူနေထိုင်တဲ့ မြို့ရွာတွေနဲ့  စိုက်ပျိုးမြေတွေက မြစ်ရေမျက်နာပြင်ထက် နိမ့်တဲ့အရပ်ဒေသတွေ ဖြစ်နေတာကြောင့် အခု ဖြစ်ရပ်က တရက်နဲ့တရက် ထိခိုက်ဆုံးရှုံးမှုတွေ မြင့်တက်လာနိုင်တဲ့ အနေအထားဖြစ်ပါတယ်။ 

လတ်တလော မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်က ကူညီကယ်ဆယ်ရေး အဖွဲ့တွေ (ပရဟိတ) လာရောက်ကူညီနေကြတာ သတင်းတွေမှာ ကြားသိနေရပေမဲ့ အမှန်တကယ် ဖြစ်သင့်တဲ့အနေအထားက အုပ်ချုပ်တဲ့ အစိုးရအနေနဲ့ ရှိတဲ့ အရင်းအမြစ်တွေ အကုန်အသုံးပြုပြီး ကယ်ဆယ်ရေးနဲ့ ကူညီပေးရေးတွေကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ 

အခုဖြစ်ပွားတဲ့ ဖြစ်ရပ်မျိုးဟာ ဆယ်စုနှစ် ၂ ခု ၃ ခုအတွင်း တကြိမ်ဖြစ်ပွားတဲ့ အခြေအနေမျိုးဖြစ်ပြီး အချို့ဒေသတွေမှာ နှစ်စဥ် ရေကြီးတာမျိုးနဲ့ ပြင်းထန်မှု၊ သက်ရောက်မှု အတိုင်းအတာတွေ မတူညီပါဘူး။ 

မင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရအနေနဲ့ ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်က ရေဘေးကို ဘယ်လို ဆက်လက် စီမံခန့်ခွဲမလဲ၊ လူဦးရေ ထောင်သောင်းနဲ့ချီ ထိခိုက်ခံစားနေရတဲ့ ရေဘေး အန္တရာယ်ကို စစ်ပွဲအနိုင်ရရေးလောက် အလေးမထားတဲ့ အဖြစ်ကလည်း အခုအခါမှာ ထင်ထင်ရှားရှား မြင်တွေ့လာနေရတာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar