နိုင်ငံတကာအခင်းအကျင်းသစ်များ (၁၃)

နိုင်ငံတကာအခင်းအကျင်းသစ်များ (၁၃)
တရုတ်ပြည်ရဲ့ ပညာရေးစနစ်
အိန္ဒိယက ကျောင်းသားတွေရဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အကြီးအကျယ် ဖြစ်လာချိန်မှာ တချို့သူတွေက တရုတ်ပြည်မှာကျတော့ ငြိမ်လှချည်လားလို့ဆိုပြီး တရုတ်ပြည် ပညာရေးစနစ်အကြောင်း သိချင်လာပြီး ရေးဖို့ တိုက်တွန်းမှုတွေ ရှိလာပါတယ်။
တရုတ်ပြည်ရဲ့ အုပ်ချုပ်ရေးစနစ်ဟာ တခြားဘယ်နိုင်ငံကမှ မယှဉ်နိုင်တဲ့ အားသာချက်ကြီးတရပ် ရှိပါတယ်။ အဲဒါကတော့ တရုတ်ကွန်မြူနစ်ပါတီက တောက်လျှောက် (၁၉၄၉ မှစလို့ အနှစ် ၇၀ ကျော်) အာဏာရယူထားနိုင်တာပါ။ ဒါကြောင့် ရေရှည်စီမံကိန်းများ ရေးဆွဲနိုင်ပြီး (အတိုက်အခံလည်း မရှိလို့) တသမတ်တည်း အကောင်အထည်ဖော်နိုင်တာပါ။ ဒါ့အပြင် တရုတ်ကွန်မြူနစ်ပါတီက တပါတီတည်း အာဏာရယူထားမှုကို တရားဝင်မှုရှိအောင်၊ ဘက်စုံက ပြည့်ဝအောင် (တနည်း) ပြည်သူလူထုက လက်ခံနိုင်အောင် အဆက်မပြတ် ကြိုးစားဖြည့်ဆည်းတာတွေ လုပ်ဆောင်နိုင်တဲ့အတွက်ကြောင့်လည်း ပါပါတယ်။
အဓိကကတော့ ပြည်သူတွေရဲ့စိတ်ထဲမှာ တန်းတူအခွင့်အရေးတွေ ရှိတယ်။ ကိုယ် ကြိုးစားရင် ကြိုးစားသလောက် တိုးတက်နိုင်တယ်ဆိုတာ ထင်မြင်ယုံကြည်နေအောင် တရုတ်အစိုးရက လုပ်ဆောင်နိုင်တာပါ။ ဒီအတွက် မူဝါဒအမျိုးမျိုးကို နေရာဒေသအလိုက် ချမှတ်ကြပြီး အကောင်အထည်ဖော်ရာမှာလည်း အလွန်အသေးစိတ် လုပ်ဆောင်နိုင်ကြပါတယ်။ ကြီးကြပ်မှုကလည်း နောက်က အစဉ်လိုက်လာတာပါ။
ဘယ်အစိုးရမဆို မူဝါဒတွေ ချမှတ်ရာမှာ အကောင်းချည်း လူမြင်ကောင်းအောင် ချမှတ်ကြတာပါ။ ဒါပေမဲ့ အကောင်အထည်ဖော်ရာမှာတော့ အဂတိအမျိုးမျိုး ပေါ်လာနိုင်ပြီး မတရားမှုတွေ အနည်း အများ ရှိလာတတ်ပါတယ်။ အပြောနဲ့ အလုပ် မညီတာ များပါတယ်။
တရုတ်ပြည်ရဲ့ ပညာရေးစနစ် မူဝါဒတွေကို ဘယ်လိုအကောင်အထည်ဖော်သလဲဆိုတာ ကြည့်ရအောင်ပါ။ (ဥပမာအချို့)
၁။ မြို့-ရွာ ပညာရေး ကွာဟချက်များ လျှော့ချရန်
· က။ အရင်းအမြစ်များကို စနစ်တကျ ခွဲဝေပေးခြင်း။ ကျောင်းအဆောက်အအုံများ၊ ပညာရေး အထောက်အကူပစ္စည်းများ လုံလောက်အောင် စီစဉ်ပေးခြင်း။ ဆရာအရေအတွက် လုံလောက်စေခြင်း။ လစာအခွင့်အရေးများ၊ မွမ်းမံသင်တန်းများ တက်ခွင့်စသဖြင့် အလုံအလောက်ရရှိရေး။ (ကျေးလက်ဆရာများ ဦးစားပေး။)
· ခ။ မြို့ကျောင်းများမှ ဆရာများ အလှည့်ကျ ကျေးလက်ကျောင်းများသို့ သွားရောက်ကူညီသင်ကြားပေးခြင်း။ ကျေးလက်ကျောင်းများကို အဆင့်မြှင့်ပေးခြင်း။
· ဂ။ ပညာသင်ဆု အမျိုးမျိုး (ကျောင်းသားများသာမက ဆရာများကိုပါ ပေးခြင်း။)
· ဃ။ နိုင်ငံတော်ဘတ်ဂျက်မှာ နိုင်ငံအလယ်ပိုင်း၊ အနောက်ပိုင်းဒေသများနဲ့ တိုင်းရင်းသားဒေသများကို အထူးဦးစားပေး သတ်မှတ်ထား။
· င။ အထူးအုပ်စုများ၊ ရွှေ့ပြောင်းအလုပ်သမားများရဲ့ သားသမီးများ၊ ဒုက္ခိတမိဘများရဲ့ သားသမီးများ စသူများအတွက် အထူးအစီအစဉ်များရှိ။
၂။ တိုင်းရင်းသားအားလုံးအတွက် ပညာရေး တရားမျှတမှု
· က။ နိုင်ငံတော်ဘုံစကား (တရုတ်ဘာသာစကား) စနစ်တကျ တတ်အောင် သင်ပေးခြင်း။ မိမိတို့နဲ့ သက်ဆိုင်တဲ့ တိုင်းရင်းသားဘာသာစကားများကိုလည်း စနစ်တကျ သင်ပေးခြင်း။
· ခ။ တကွဲတပြား နေထိုင်ကြသောဒေသများတွင် ဘော်ဒါဆောင်များ ဖွင့်လှစ်ပေးပြီး နေရေး၊ ထိုင်ရေး၊ စားသောက်ရေးများကိုပါ စီမံပေးခြင်း။
· ဂ။ လူနည်းစုတိုင်းရင်းသားများအတွက် အထူးအခွင့်အရေးများ။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများ အမှတ်စာရင်းမှာ အမှတ် (၂၀) အပိုဆောင်းရရှိရုံမျှမက တချို့ နာမည်ကြီးတက္ကသိုလ်များတွင် ကော်တာ (Quota) စနစ် ထားရှိပါတယ်။ (ဥပမာ - ကျောင်းဝင်ခွင့်ပေးရာမှာ (၁၅ - ၂၀) ရာခိုင်နှုန်းကို လူမျိုးစုများအတွက် လျာထားပေးရပါတယ်။)
ဒါတွေဟာ ဥပမာတချို့ပါ။ ဒါ့အပြင် ပညာရေး အခွင့်အလမ်းတွေကို တဖြည်းဖြည်း တိုးတက်အောင် လုပ်ပေးတာ၊ မပြည့်စုံမှုတွေ၊ ချို့ယွင်းမှုတွေရှိရင်လည်း အချိန်မီ ပြုပြင်ပြောင်းလဲတာ၊ နိုင်ငံတော်အဆင့် ဘဏ္ဍာရေးထောက်ပံ့မှုကလည်း လုံလောက်အောင် ထားရှိပေးတာ၊ တရားမျှတတဲ့ စာမေးပွဲစနစ်များ ထားရှိတာ စတဲ့ မူဝါဒများဟာ ကျောင်းသားများအတွက် မိမိတို့ရဲ့ အနာဂတ်ကို ယုံကြည်စိတ် ရှိလာစေနိုင်ပါတယ်။ တိုင်းပြည်ရဲ့ စီးပွားရေးတိုးတက်မှုကလည်း အလုပ်အကိုင်အခွင့်အလမ်းတွေကို အများကြီး ဖန်တီးပေးနိုင်တာကို လက်တွေ့ တွေ့လာကြတော့ ပိုမိုကြိုးစားအားထုတ်လာကြတာပေါ့။
ဒီလိုတွေ ပြောတော့ အားလုံး အဆင်ပြေချောမွေ့နေတာတော့ မဟုတ်ပါဘူး။ တရုတ်ပြည်မှာလည်း တခြားနိုင်ငံများမှာ တွေ့ရတဲ့ အမှုအမျိုးစုံ ပေါ်တာပါပဲ။ အနည်း အများနဲ့ ဖြေရှင်းနည်းများမှာသာ ကွာသွားတာပါ။
တက္ကသိုလ်ကထိကတဦးက ဘွဲ့လွန်သင်တန်းကျောင်းသူတဦးကို မတရားအမြတ်ထုတ်မှုမျိုး၊ ပညာရေးဝန်ထမ်းတဦးက ကျေးလက်က ကျောင်းသူတဦးရဲ့ တက္ကသိုလ်ဝင်ခွင့်ကို မိမိသမီးနဲ့ လဲထည့်လိုက်တာမျိုး (အနှစ် ၂၀ ကျော်မှ ပေါ်တာ)၊ ကျောင်းတည်ဆောက်ရေး ရန်ပုံငွေများကို အလွဲသုံးစားလုပ်တာမျိုး စသဖြင့် မျိုးစုံပါတယ်။ ဒါတွေကို အချိန်ဘယ်လောက်ကြာကြာ မပေါ် ပေါ်အောင်လိုက်ပြီး ဘယ်သူကြီးပဲဖြစ်ဖြစ် အပြစ် အသေး အကြီးအလိုက် တရားစီရင်ပစ်လိုက်တာပါပဲ။
တနိုင်ငံလုံး အုန်းအုန်းကျွက်ကျွက် ဖြစ်သွားတဲ့ အမှုတခုလည်း ဖြစ်လိုက်ပါသေးတယ်။ ကျေးလက်က ဆရာတဦး အသက်မပြည့်သေးတဲ့ ကျောင်းသူလေးတွေကို စာပြပေးမယ်ဆိုပြီး အိမ်ခေါ် မတရားအမြတ်ထုတ် စော်ကားတာပါ။ အဲဒီဆရာကတော့ သေဒဏ်ကျပြီး ထုတ်ကိုသတ်လိုက်ပါတယ်။
အဲဒီအချိန်ကစပြီး ကျောင်းတွေမှာ လိင်ပညာပေးရေး အစီအစဉ်တွေ တဆင့်ပြီးတဆင့် လုပ်ဆောင်လာတာလည်း တွေ့လာရပါတယ်။ အစောပိုင်းက မိဘများက ကျောင်းတွေမှာ လိင်ပညာပေးရေးကို လက်မခံပါဘူး။
ဒီလိုနည်းတွေနဲ့ တရုတ်ပြည်မှာ ပညာရေးစနစ်ကို တရားမျှတမှုရှိအောင် တဖြည်းဖြည်း ကြိုးစားလုပ်ဆောင်နေကြပါတယ်။
လှကျော်ဇော
၂၈-၈-၂၀၂၆
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
လှကျော်ဇော - နိုင်ငံတကာအခင်းအကျင်းသစ်များ
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar