ရွှေကူနဲ့ ဗန်းမော်အကြား ဧရာဝတီမြစ်အတွင်း ဆန်တက်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ သင်္ဘောအုပ်စု ထပ်မံတိုက်ခိုက်ခံရ၊ ရာနဲ့ချီ လက်နက်ချ
မြန်မာနွေဦးခရိုနီကယ် - စက်တင်ဘာ ၂ မြင်ကွင်း
(မိုးမခ) ၊ စက်တင်ဘာ ၃ ၊ ၂၀၂၆
ရွှေကူနဲ့ ဗန်းမော်အကြား ဧရာဝတီမြစ်အတွင်း ဆန်တက်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ သင်္ဘောအုပ်စု ထပ်မံတိုက်ခိုက်ခံရ၊ ရာနဲ့ချီ လက်နက်ချ
အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ကလို မိုးရာသီအလယ် မြစ်ရေအမြင့်ဆုံးကာလမှာ ဧရာဝတီမြစ်ကြောင်းကို အသုံးပြုပြီး မန္တလေးမြို့ကနေ ကချင်ပြည်နယ်၊ ဗန်းမော်မြို့အထိ ရိက္ခာ၊ လက်နက်ခဲယမ်းနဲ့ စစ်တပ်အင်အား ဖြည့်တင်းတဲ့ သင်္ဘောအုပ်စု ဆန်တက်ခဲ့ပါတယ်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲ စတင်တာ နှစ်နှစ်ပြည့်ဖို့ လပိုင်းအလို KIA နဲ့ အာဏာသိမ်းတပ်တွေအကြား ဘယ်ဘက်ကမှ မြို့ကို အပြည့်အဝ မထိန်းချုပ်နိုင်ဘဲ စစ်ဆိုင်ထားတဲ့ စစ်မျက်နှာဖြစ်နေခဲ့တာကြောင့် ဗန်းမော်ဟာ စစ်မျက်နှာအရရော ဗန်းမော်နဲ့ ထိစပ်နေတဲ့ ဒေသတွေရဲ့ အရေးပါမှုကြောင့်ပါ နှစ်ဖက်လုံးက ဆုတ်ခွာခြင်းမပြုဘဲ ဆက်လက်ရင်ဆိုင်တိုက်ခိုက်နေကြတဲ့ စစ်မြေပြင် တခုဖြစ်နေပါတယ်။
သြဂုတ်လ တတိယပတ်မှာ မန္တလေး ဂေါဝိန်ဆိပ်ကနေ ထွက်ခွာလာတဲ့ တိုက်ရေယာဥ် ၂ စီး ပါဝင်ပြီး ကုန်တင်ရေယာဥ် ၈ စီး၊ စုစုပေါင်း ၁၅ စီး ပါဝင်တဲ့ ရေယာဥ်အုပ်စုဟာ စက်တင်ဘာ ၂ ရက်နေ့ ရွှေကူမြို့အထက် ဧရာဝတီမြစ်ကျဥ်း နေရာမှာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံရပြီး ၂ စီး ပျက်စီးကာ ရေယာဥ်ပေါ်ပါ အာဏာသိမ်းစစ်တပ်ဘက်က ၁၀၀ ကျော် လက်နက်ချခဲ့ပါတယ်။ စက်တင်ဘာ ၂ ရက်နေ့ မတိုင်မီကလည်း KIA ရဲ့ တိုက်ခိုက်မှုခံရပြီး သင်္ဘောအုပ်စုထဲက တချို့ ပျက်စီးခဲ့တာရှိခဲ့ပေမယ့် စက်တင်ဘာ ၂ ရက်နေ့ တိုက်ခိုက်မှုက ထိခိုက်ရုံသာမက စစ်ရေယာဥ် မီးလောင်ကာ ကမ်းကပ်ခဲ့ရသလို အာဏာသိမ်းစစ်တပ်ဖွဲ့ဝင်တွေ လက်နက်ချရတဲ့ အဖြစ်အပျက်တွေ ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။
စစ်ရေယာဥ်အုပ်စု တိုက်ခိုက်ရာမှာ FVP ဒရုန်းလို့ ခေါ်ဆိုတဲ့ ဂျန်မာ အသုံးပြုပြီး လှိုင်းဖြတ်တောက်လို့မရတဲ့ ဒရုန်းမျိုးတွေနဲ့ တိုက်ခိုက်တာ၊ ဧရာဝတီမြစ်ကျဥ်း အနီး တိုက်ခိုက်ဖို့ ထိရောက်တဲ့အကွာအဝေးဖြစ်တာတွေက KIA လက်နက်ကိုင်အဖွဲ့အဖို့ အားသာချက် ဖြစ်စေခဲ့တာလို့ ယူဆရပါတယ်။
စစ်ရေယာဥ် အုပ်စု ၁၅ စီးအနက် လက်ရှိအချိန်ထိ ၅ စီးခန့် ပျက်စီးခဲ့ပြီး ကျန်ရေယာဥ်တွေ ဗန်းမော်မြို့ကို ဦးတည်ကာ ဆက်လက်ဆန်တက်သွားကြတယ်လို့ သတင်းတွေထဲ ပါရှိပါတယ်။
စက်တင်ဘာ ၂ ရက်နေ့ တိုက်ခိုက်မှုနဲ့ ပတ်သက်တဲ့ သတင်းဓာတ်ပုံတွေ၊ ဗီဒီယိုတွေ လူမှုကွန်ရက်တွေပေါ်မှာ ဖြစ်ပွားတဲ့ နေ့တွင်းချင်းမှာပဲ ပျံ့နှံ့လာပြီး အချို့သော သတင်းဓာတ်ပုံတွေက အဖြစ်အပျက်ဟောင်းတွေက ဓာတ်ပုံတွေ ဖြစ်တယ်လို့လည်း အချက်အလက်ဆန်းစစ်တဲ့ လူမှုကွန်ရက်ပေ့ချ် တချို့က ပြောဆိုထားတာ တွေ့ရပါတယ်။
သတင်းဓာတ်ပုံတွေနဲ့ ဗီဒိယိုမှတ်တမ်းတွေက စက်တင်ဘာ ၂ ရက် အဆိုပါ ဖြစ်ရပ်က ပုံတွေ ဟုတ်သည် ဖြစ်စေ၊ ယခင်အဟောင်းတွေ ဖြစ်စေ တိုက်ခိုက်မှုနဲ့ အာဏာသိမ်းစစ်တပ်ဘက်က အင်အား ၁၀၀ ကျော် လက်နက်ချခဲ့တဲ့ အချက်အလက်တွေက သီးခြားအတည်ပြုထားကြတာ ဖြစ်လို့ အခု ဖြစ်ရပ်က အာဏာသိမ်းစစ်တပ်အဖို့ ထိုးနှက်ချက် တခု ဖြစ်စေတာတော့ အမှန်ပဲ ဖြစ်ပါတယ်။
အခုလို စစ်ရေယာဥ်အုပ်စု တိုက်ခိုက်ခံရတဲ့ အဖြစ်ဟာ ယမန်နှစ် ဇူလိုင်နဲ့ သြဂုတ်လတွေတုန်းက မန္တလေးကနေ ဗန်းမော်ကို ဆန်တက်စဥ်ကလည်း ကြုံတွေ့ခဲ့ရပေမဲ့ ယခုနှစ် တိုက်ခိုက်မှုက ပိုပြီး အထိနာကာ တပ်ဖွဲ့ဝင် ၁၀၀ ကျော်လက်နက်ချရတဲ့အထိ ကြီးမားတဲ့ထိခိုက်မှုတွေ ရှိတဲ့သဘောလို့ ဆိုနိုင်ပါတယ်။
၂၀၂၄ ခုနှစ်နှောင်းပိုင်းက စလို့ ဗန်းမော်မြို့သိမ်း တိုက်ပွဲဖြစ်ပွားနေခဲ့ရာမှာ နှစ်စဥ် မိုးရာသီလယ်ကာလမှာ စစ်ရေယာဥ်အုပ်စုနဲ့ ရိက္ခာ၊ လက်နက်ခဲယမ်းနဲ့ လူတွေ အကူအနေနဲ့ ပို့ဆောင်ခဲ့တာဖြစ်ပြီး ကြားကာလတွေမှာတော့ လေကြောင်းနဲ့သာ ထောက်ပံ့ပို့ဆောင်နိုင်တဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။
လေကြောင်းနဲ့ ပို့ဆောင်ရာမှာလည်း စစ်ရဟတ်ယာဥ် တိုက်ခိုက်ခံရတဲ့ အဖြစ်အပျက် ဖြစ်ပွားခဲ့ဖူးပြီး ထိခိုက်မှုတွေ ရှိခဲ့တာကြောင့် လေကြောင်းက အကူအညီပို့ဆောင်တာကို အကန့်အသတ်တွေ ရှိနေတဲ့ သဘောလည်း ဖြစ်ပါတယ်။
ဗန်းမော်မြို့ဟာ မံစီကနေ တရုတ်နိုင်ငံ နယ်စပ်ကို ဆက်သွယ်ထားတဲ့လမ်းဆုံ၊ ဧရာဝတီမြစ်ပေါ်မှာ ရှိတဲ့မြို့၊ မြစ်ကြီးနား၊ ဗန်းမော်ကတဆင့် တောင်ဘက်ဆင်းလာရင် မန္တလေးအထိ ကုန်းလမ်းကနေ ဆက်သွယ်တဲ့ နေရာမှာရှိပြီး အချက်အချာကျ၊ စစ်ရေးအရ ဗျူဟာကျတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
ယခု ဖြစ်ရပ်ကြောင့် KIA အနေနဲ့ ဗန်းမော်မြို့ သိမ်းတိုက်ပွဲမှာ အောင်မြင်မဲ့ အဓိပ္ပာယ်အထိ ကောက်ချက်မချနိုင်ပေမဲ့ စစ်ရေယာဥ်အုပ်စုသာ အထိအခိုက်ကြီးကြီးမားမားမရှိဘဲ ဗန်းမော်အထိ ရောက်ရှိသွားခဲ့ရင် ဗန်းမော်မြို့မှာ ရင်ဆိုင်နေတဲ့ စစ်ရေးချိန်ခွင်လျှာကို အပြောင်းအလဲ ဖြစ်စေနိုင်တာတော့ အသေအချာ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာပထမပတ်က စတင်ခဲ့တဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲ အတွင်း နှစ်ဖက်ထိခိုက်သေဆုံးတဲ့ အရေအတွက်နဲ့ ပတ်သက်လို့ KIA ရော၊ အာဏာသိမ်းစစ်တပ် ၂ ဖက်တို့ က တရားဝင် ထုတ်ဖော်ပြောဆိုတာမရှိတာကြောင့် အတိအကျ မသိရှိနိုင်ပါဘူး။ အာဏာသိမ်း စစ်တပ်ဘက်က ဝါဒဖြန့်ဝက်ဆိုက်တခု ဖြစ်တဲ့ ပြည်ချစ်သား သတင်းဝက်ဆိုက်က ၂၀၂၅ စက်တင်ဘာလအတွင်းက ဖော်ပြတဲ့ စာရင်းဇယားတခုမှာ KIA တပ်ဖွဲ့နဲ့ အခြားသော မြို့ နဲ့ တိုင်းဒေသ အမည်နဲ့ ဖွဲ့ထားတဲ့ PDF တပ်ဖွဲ့ဝင် စုစုပေါင်း ၄၄၀၀ ကျော်သေဆုံးပြီး ၄၈၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။ အဆိုပါ ၄၄၀၀ ကျော်အနက် ၅၀ ရာနှုန်းကျော်က KPDF၊ ဗန်းမော် PDF၊ မြစ်ကြီးနား PDF၊ ရွှေကူ PDF၊ စစ်ကိုင်း PDF နဲ့ အခြား ဒေသ PDF အဖွဲ့တွေလို့ ဖော်ပြခဲ့တာပါ။
ဒီကိန်းဂဏန်းတွေကို အတည်မယူနိုင်ပေမဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ နှစ်ဖက် သေဆုံးမှု၊ အရပ်သား သေဆုံးမှု ကိန်းဂဏန်းပမာဏဟာ ထောင်နဲ့ချီရှိနေပြီလို့ ဆိုနိုင်ပါတယ်။
ယမန်နေ့က စစ်ရေယာဥ်အုပ်စု တိုက်ခိုက်ခံရမှုကြောင့် အာဏာသိမ်းစစ်တပ် အနေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ပိုပြီးလုပ်ဆောင်လာနေတာကိုလည်း သတင်းဖော်ပြမှုတွေမှာ တွေ့မြင်နေကြရပါတယ်။ ယမန်နေ့ တရက်တည်းမှာ အာဏာသိမ်းစစ်တပ်က လေယာဥ် အစီး ၁၀၀ ကျော်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ သတင်းတချို့မှာ ဖော်ပြကြတာ တွေ့ရပေမဲ့ အချက်အလက်တွေ အတည်မပြုနိုင်သော်လည်း ဒါဇင်နဲ့ချီတဲ့ လေယာဥ်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ ကောက်ချက်ချရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလမှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတရာထူး ရယူပြီးနောက် ရက် ၁၀၀ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖိတ်ခေါ်တဲ့အထဲ KIA လက်နက်ကိုင်အဖွဲ့ ပါဝင်ခြင်း မရှိသလို လတ်တလောမှာ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နဲ့ ရွှေကူမြို့တို့အနီးမှာ တိုက်ပွဲတွေ အရှိန်မြင့်တက်လာနေပြီး အပစ်ရပ် ဆွေးနွေးရေး အလားအလာတွေ မတွေ့နိုင်တဲ့ အနေအထားလည်း ဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
