Breaking News

စားသုံးသူအသုံးစရိတ်ကို သတ်မှတ်ပေးနေသော အဓိက အပြောင်းအလဲ ၃ ခု



ားသုံးသူအသုံးစရိတ်ကို သတ်မှတ်ပေးနေသော အဓိက အပြောင်းအလဲ ၃ ခု
နိုင်ငံတကာသာဂိ (မိုးမခဘာသာပြန်) စက်တင်ဘာ ၂၃၊ ၂၀၂၆

၂၀၂၆ ခုနှစ်အတွင်း အိမ်ထောင်စုအသုံးစရိတ်အပေါ် ဖိအားတွေ လျော့ကျမသွားသေးပါဘူး။ ငွေဖောင်းပွမှုနှုန်းဟာ ၄.၉% အထိ တက်နိုင်ပြီး၊ လူတစ်ဦးချင်းစီရဲ့ အမှန်တကယ်ဝင်ငွေတိုးနှုန်းက ၁.၃% အထိ ကျဆင်းလာမယ်လို့ ခန့်မှန်းထားပါတယ်။ စားသုံးသူအသုံးစရိတ် တိုးနှုန်းကလည်း ၁.၁% အထိသာ ရှိနိုင်ပြီး၊ ကမ္ဘာ့ဒေသအများအပြားမှာ စားသုံးသူတွေ၏ ဈေးကွက်အပေါ် ယုံကြည်မှုကလည်း မတည်ငြိမ်သေးပါဘူး။

စားသုံးသူတွေက ငွေကို လျော့သုံးနေတာထက် အသုံးစရိတ်ကို ဘယ်နေရာမှာ သုံးမလဲဆိုတာ ပိုရွေးချယ်လာတာ ဖြစ်ပါတယ်။ ပိုအရေးကြီးတဲ့ အမျိုးအစားတွေကို ဦးစားပေးပြီး အသုံးစရိတ်စီမံပုံကို ပြုပြင်နေကြပါတယ်။

ဒီနှစ်မှာ ငွေဘယ်နေရာကို စီးဆင်းမလဲဆိုတာကို သတ်မှတ်ပေးမယ့် အဓိကအပြောင်းအလဲ ၃ ချက်ကတော့—
Macro shocks — ကြီးမားတဲ့ စီးပွားရေး/နိုင်ငံရေး ရုတ်တရက်အပြောင်းအလဲတွေက စားသုံးသူတွေ၏ အိတ်ကပ်ကို ရက်ပိုင်းအတွင်း ထိခိုက်လာခြင်း

Consumer pool splitting — စားသုံးသူဈေးကွက်က ဝင်ငွေအမြင့်နဲ့ အနိမ့်တန်း လူအုပ်စုတွေ ဆိုပြီး ပို ခွဲဖြာထွက်လာခြင်း

Time becoming currency — အချိန်ကိုယ်တိုင်က ကုန်ပစ္စည်းအမှတ်တံဆိပ်တွေ ယှဉ်ပြိုင်ရတဲ့ တန်ဖိုးတစ်ခု ဖြစ်လာခြင်း


၁။ Macro shocks က စားသုံးသူအိတ်ကပ်ကို ချက်ချင်းထိခိုက်လာတယ်

ပထဝီနိုင်ငံရေးဆိုင်ရာ ရုတ်တရက်အပြောင်းအလဲတွေဟာ ကုန်ဈေးနှုန်းတွေ တကယ်တက်လာမတိုင်ခင်ကတည်းက စားသုံးသူအပြုအမူကို ပြောင်းလဲစေနိုင်နေပါပြီ။ အရင်က အခွန်တိုးမြှင့်မှုကြီးတွေ ဖြစ်ခဲ့တဲ့အချိန်တွေမှာ ကုန်ဈေးနှုန်းတွေ မတက်ခင်ကတည်းက ငွေဖောင်းပွမယ်ဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာပြီး စားသုံးသူယုံကြည်မှု ကျဆင်းခဲ့ပါတယ်။

၂၀၂၆ ခုနှစ်မှာ ဒီလို သက်ရောက်မှုတွေ ပိုမြန်ဆန်လာပါတယ်။ အမေရိကန်/အစ္စရေး-အီရန် စစ်ပွဲကြောင့် ယုံကြည်မှုနဲ့ စီးပွားရေးယုံကြည်ချက်တွေ ကျဆင်းလာပြီး၊ Hormuz ရေလက်ကြားပဋိပက္ခ ကြောင့်လည်း ထုတ်လုပ်မှုကုန်ကျစရိတ်တွေ ထပ်တက်လာနိုင်တဲ့ ဖိအားတွေ ပေါ်လာပါတယ်။

ယနေ့ခေတ်ဟာ သတင်းတွေ အလွန်မြန်တဲ့ ဒစ်ဂျစ်တယ်ခေတ်ဖြစ်တဲ့အတွက် သတင်းခေါင်းစဉ်တစ်ခု ထွက်ပြီး ရက်ပိုင်းအတွင်းပဲ စားသုံးသူတွေက သူတို့ရဲ့ အသုံးစရိတ်အစီအစဉ်ကို ပြောင်းလဲနိုင်ပါတယ်။ ဒါကြောင့် ကုန်ပစ္စည်းအမှတ်တံဆိပ်တွေ အနေနဲ့ တုံ့ပြန်ဖို့ အချိန်အလွန်နည်းလာပါတယ်။

ဒီလိုအခြေအနေမှာ တည်ငြိမ်မှု က ယှဉ်ပြိုင်မှုအသာစီးတစ်ခု ဖြစ်လာပါတယ်။

Home Depot က ၂၀၂၅ ခုနှစ်မှာ ကုန်ပစ္စည်းအများစုအတွက် ဈေးမတက်အောင် ထိန်းထားမယ်လို့ လူသိရှင်ကြား ပြောခဲ့ပါတယ်။ သူတို့မှာ ထုတ်လုပ်သူနဲ့ ပစ္စည်းရင်းမြစ် မျိုးစုံရှိတာကြောင့် အဲဒီကတိက ယုံကြည်ရစရာဖြစ်သလို၊ စားသုံးသူတွေဆီကို “ဈေးနှုန်းတည်ငြိမ်မယ်” ဆိုတဲ့ သတင်းအရောက် ပို့နိုင်တာကလည်း အရေးကြီးပါတယ်။

အဓိကသင်ခန်းစာကတော့—ကုမ္ပဏီတွေက နိုင်ငံရေး/စီးပွားရေးရှော့ခ်တွေကို မထိန်းချုပ်နိုင်ပေမယ့် အဲဒီရှော့ခ်တွေ စားသုံးသူဆီ ဘယ်လိုရောက်သွားမလဲ (ရောက်သွားမှု သက်သာစေအောင်) ဆိုတာကိုတော့ ထိန်းနိုင်တယ် ဆိုတာပါ။

၂။ ဈေးကွက်တစ်ခုထဲမှာ စားသုံးသူ နှစ်မျိုး ပိုမိုထင်ရှားလာတယ်

စားသုံးသူဈေးကွက်ဟာ အမြင့်နဲ့ အနိမ့် ဝင်ငွေရ လူတန်းစား နှစ်ဖက်စလုံး ပိုမိုကြီးထွားလာပြီး အလယ်တန်းစားဝင်ငွေ အုပ်စုက ကျုံ့လာနေပါတယ်။

၂၀၂၅ ခုနှစ်မှာ ကမ္ဘာတစ်ဝှမ်း Social Class A နဲ့ Social Class E တို့က အမြန်ဆုံးလူဦးရေတိုးတက်လာတဲ့ ဝင်ငွေအုပ်စုတွေ ဖြစ်ခဲ့ပြီး၊ ၂၀၄၀ ခုနှစ်အထိ ၁၄% ကနေ ၁၅% လောက် တိုးမယ်လို့ ခန့်မှန်းထားပါတယ်။ တစ်ဖက်မှာ အလယ်တန်းစားဝင်ငွေ အုပ်စုက လျော့နည်းလာမယ်လို့ ဆိုထားပါတယ်။

ဒီအပြောင်းအလဲဟာ ခဏတာ စီးပွားရေးအတက်အကျမဟုတ်ဘဲ ခေတ်ရဲ့ ရေရှည်အပြောင်းအလဲ ဖြစ်တယ်လို့ ဆောင်းပါးက ယူဆထားပါတယ်။

အရေးကြီးတာက ဒီကွာခြားမှုဟာ ဝင်ငွေတစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ အမြင့်ဝင်ငွေ နဲ့ အနိမ့်ဝင်ငွေ စားသုံးသူတွေကြားမှာ တန်ဖိုးထားပုံ၊ ဒစ်ဂျစ်တယ်အသုံးပြုပုံ၊ ကိုယ်ပိုင်အမှတ်အသားနဲ့ ဆိုင်တဲ့ လိုလားချက်တွေပါ ပိုမိုကွာခြားလာပါတယ်။

ဒါပေမယ့်—ဝင်ငွေမြင့်သူတွေကလည်း ဈေးချိုတဲ့ private label ပစ္စည်းတွေကို ရှောင်တာမဟုတ်ပါဘူး။
ဝင်ငွေနည်းသူတွေကလည်း နာမည်ကြီး brand တွေကို လုံးဝမစွန့်ပစ်ပါဘူး။

တစ်နှစ်ဝင်ငွေ ဒေါ်လာ ၂၀,၀၀၀ အောက်ရှိတဲ့ အုပ်စုထဲမှာ—၄၃% က branded goods ကို non-branded goods ထက် ပိုကြိုက်တယ်လို့ ဆိုပါတယ်။ ဈေးကြီးတဲ့ကုန်တံဆိပ်ကိုပဲ သုံးတယ်လို့ ဆိုတာပါ။
၂၆% က အားကောင်းပြီး လူသိများတဲ့ brand တွေကို ပုံမှန်ရှာဖွေတယ်လို့ ဆိုပါတယ်။

Retailer တွေလည်း ဒီလို ဈေးကွက်ကွဲပြားလာမှုအတွက် ပြင်ဆင်နေကြပါပြီ။ Kroger ဥပမာအားဖြင့် ကိုယ်ပိုင် brand ကို ၄ အဆင့်ခွဲထားပြီး အလွန်ဈေးသက်သာတဲ့ အဆင့်ကနေ premium အဆင့်အထိ ထုတ်ထားပါတယ်။ ဒါကြောင့် ဝင်ငွေအုပ်စုအားလုံးကို တစ်ပြိုင်နက် ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါတယ်။

၃။ အချိန်က “တန်ဖိုးအသစ်” ဖြစ်လာတယ်

စားသုံးသူအသုံးစရိတ်ဟာ ပိုက်ဆံနဲ့ပဲ မဆိုင်တော့ဘဲ အချိန်ကို ဘယ်လိုသုံးသလဲ ဆိုတာနဲ့ ပိုပြီး ဆက်စပ်လာပါတယ်။
၂၀၂၆ ခုနှစ်မှာ စားသုံးသူ ၆၈.၅% ဟာ သူတို့ဘဝကို ပိုရိုးရှင်းအောင်လုပ်ပြီး ကိုယ်ပိုင်အချိန်ပိုရအောင် ကြိုးစားနေကြပါတယ်။
တစ်ဖက်မှာတော့—ခရီးသွားခြင်း
စားသောက်ခြင်း
အပန်းဖြေခြင်း
အတွေ့အကြုံရယူခြင်း တို့မှာ ပိုမိုသုံးစွဲလာကြပါတယ်။

ဒါကြောင့် လူတွေ အချိန် ဘယ်မှာ သုံးသလဲဆိုတာက ငွေ ဘယ်မှာ သုံးမလဲဆိုတာကို သတ်မှတ်လာပါတယ်။

အမှတ်တံဆိပ်တွေဟာ စားသုံးသူရဲ့ “wallet share” ကိုပဲ မယှဉ်ပြိုင်တော့ဘဲ စားသုံးသူရဲ့ (ဘ၀နေနည်း ထိုင်နည်းကို ရှာဖွေခြင်း) Leasure time, community life, social ritual တွေထဲ ဝင်ရောက်နိုင်ဖို့ပါ ယှဉ်ပြိုင်လာကြပါတယ်။ လူတွေက ငွေနောက်မလိုက်တော့ဘဲ အချိန်နောက်ကို လိုက်တယ်လို့ သုံးချင်သုံးနိုင်ပါတယ်။

Heineken ရဲ့ “Social Off Socials” ကတော့ ဖုန်းမသုံးတဲ့ လူမှုစုဝေးပွဲတွေ ဖန်တီးပြီး အမှတ်တံဆိပ်မှာ ဂုဏ်ချင်းယှဉ်ပြိုင်တဲ့ brand” တစ်ခုမဟုတ်ဘဲ “လူတွေ တကယ်ဆက်သွယ်နိုင်အောင် စီစဉ်ပေးတဲ့ host” လို တည်ဆောက်ခဲ့ပါတယ်။ ဘီယာသောက်ပြီး ဘ၀၏ တန်ဖိုးရှိအချိန်ကို သုံးတယ်လို့ ပြသဖို့ က အရေးကြီးလာပြီး ဘီယာသောက်ပြီး အချိန်ဖြုံးနေတယ်ဆိုတာကနေ သွေဖီဖို့ ကြိုးစားတာကို ဆိုချင်ပါတယ်။

အလွယ်ဆုံးနားလည်အောင် ရှင်းရရင်

ဒီဆောင်းပါးရဲ့ အဓိကအယူအဆက “လူတွေ ပိုက်ဆံမသုံးတော့တာ မဟုတ်ဘူး။ ပိုစဉ်းစားပြီး ပြန်လည် စီမံခန့်ခွဲသုံးလာတာ” ဖြစ်ပါတယ်။

ဥပမာ၊ အရင်က မိသားစုတစ်စုက တစ်လကို $1,000 သုံးတယ်ဆိုပါစို့။ အခုလည်း $1,000 လောက် သုံးနေတုန်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်—
မလိုအပ်တဲ့ပစ္စည်းတွေ လျှော့ဝယ်မယ်
အိမ်သုံးပစ္စည်းမှာ ဈေးသက်သာတဲ့ private label သုံးမယ်
ဒါပေမယ့် အားလပ်ရက်ခရီး၊ စားသောက်ဆိုင်၊ ဖျော်ဖြေရေးမှာတော့ ပိုသုံးမယ်
သတင်းဆိုးကြီးတစ်ခုကြောင့် စီးပွားရေးမကောင်းတော့ဘူးလို့ ထင်ရင် ဝယ်ယူမှုအစီအစဉ်ကို ချက်ချင်းပြောင်းမယ်


ဆိုတဲ့ပုံစံဖြစ်လာတာပါ။

ဒီတော့ business တွေအတွက် အဓိက သင်ခန်းစာ ၃ ခုက—

တည်ငြိမ်မှုကို ရောင်းပါ
— မသေချာမရေရာတဲ့အချိန်မှာ ဈေးနှုန်း၊ supply၊ service တည်ငြိမ်တယ်ဆိုတာကို ပြနိုင်တဲ့ brand က အသာစီးရနိုင်ပါတယ်။

အလယ်တန်းစားတစ်မျိုးတည်းကို မရည်ရွယ်နဲ့ — premium customer နဲ့ budget-conscious customer နှစ်ဖက်စလုံးအတွက် product tiers သီးခြားစီ လိုလာပါတယ်။

ပိုက်ဆံအတွက်ပဲ မယှဉ်ပြိုင်နဲ့၊ အချိန်အတွက်ပါ ယှဉ်ပြိုင်ပါ
— လူတစ်ယောက်က သင့် brand နဲ့ အချိန်ကုန်ဆုံးချင်လာအောင် experience, community, convenience ပေးနိုင်ရင် ငွေသုံးစွဲမှုကလည်း နောက်ကလိုက်လာနိုင်ပါတယ်။

တစ်ကြောင်းတည်းနဲ့ဆိုရင်—

၂၀၂၆ စားသုံးသူဟာ “ဘယ်လောက်သုံးမလဲ” ထက် “ဘယ်နေရာမှာ၊ ဘာကြောင့်၊ ဘယ်အချိန်မှာ သုံးမလဲ” ကို ပိုအလေးထားလာတဲ့ စားသုံးသူ ဖြစ်လာနေပါတယ်။

Jana Rude (Senior Global Insight Manager: Consumers)

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar