Breaking News

မောင်လူမွှေး - ဒဏ်ရာများနှင့် တောင်တန်း (၁၄)

PDF Zoland တပ်ဖွဲ့ဝင်တွေ

မောင်လူမွှေး - ဒဏ်ရာများနှင့် တောင်တန်း (၁၄)

မိုးမခ ၊ စက်တင်ဘာ ၂၀ ၊ ၂၀၂၆

 

ချင်းတောင်ပေါ်မှာ နေရစ်ခဲ့တဲ့ မြေပြန့်လွင်ပြင်သားတွေ

ချင်းပြည်နယ်တိုက်ပွဲများတွင် မြေပြန့်လွင်ပြင်ဒေသသားများလည်း ပါဝင်ခဲ့ကြသည်။ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်နေ့မှ စတင်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဧပြီ ၉ ရက်နေ့မှာ ပြီးဆုံးခဲ့သည့် ငါးလကြာ ဖလမ်းမြို့သိမ်းတိုက်ပွဲတွင်လည်း မြေပြန့်သားတွေ ပါဝင်တိုက်ခိုက်ခဲ့ကြသည်။ မြေပြန့်သားတွေအနေဖြင့် ချင်းတောင်ပေါ်တွင် တိုက်ပွဲဝင်ဖို့ဆိုသည်မှာ လွယ်ကူသည့် အလုပ်တစ်ခုမဟုတ်ပါ။ ချင်းတောင်ပေါ်က ခရီးလမ်း၊ ရာသီဥတုနှင့် အစားအသောက်ဓလေ့သည် မြေပြန့်နှင့် ခြားနားပါသည်။

ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် ဖလမ်းမြို့အရှေ့ဘက် ကလေးဒေသအခြေစိုက် Kalay Revolution Force (KRF) တပ်ဖွဲ့မှ ရဲဘော် ငါးဦး ကျဆုံးခဲ့သည်။ ကလေးမြို့နယ်တောင်ပိုင်းနှင့် ဖလမ်းမြို့နယ်သည် နယ်မြေချင်း ထိစပ်နေကြသည်။ ကလေးတောင်ပိုင်းကနေ ချင်းတောင်တွေကို အနီးကပ်မြင်ရသည်။ နတ်ချောင်းရွာတောင်ဘက်ကနေ ဝေဘူလမြို့နှင့် ဖလမ်းကို ကတ္တရာလမ်းအတိုင်း အလွယ်တကူ သွားလို့ရသည်။ ကလေးဒေသ အခြေစိုက် KRF တပ်ဖွဲ့သည် မဟာမိတ်တပ်ဖွဲ့အဖြစ် ချင်းတိုင်းရင်းသား ညီအစ်ကိုတွေ၏ တိုက်ပွဲမှာ ပါဝင်ဆင်နွှဲခဲ့ကြခြင်းဖြစ်သည်။ KRF တပ်ဖွဲ့ဝင် ရဲဘော်ငါးဦးသည် ချင်းတောင်ပေါ်မှာ စစ်အာဏာရှင်စစ်တပ် ကင်းစင်ရေးအတွက်၊ ညီအစ်ကို ချင်းလူမျိုးတို့အတွက် အသက်ပေးခဲ့ကြသည်။

ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် မြေပြန့်အညာဒေသက ဗမာတပ်ဖွဲ့တွေလည်း မဟာမိတ်အဖြစ် ပါဝင်တိုက်ခိုက်ခဲ့ကြသည်။ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းထဲက မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့ ၁၅ ဖွဲ့ကျော်သည် ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့ကြောင်း သိရသည်။ ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း Myingyan Black Tiger (MBT) တပ်ဖွဲ့မှ ရဲဘော် ခုနစ်ဦး၊ Generation Z Army မှ ရဲဘော် ၇ ဦး၊ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA မှ ရဲဘော် ၂ ဦးနှင့် 96 Soldiers PDF-အညာတပ်ခွဲမှ ရဲဘော် တစ်ဦးတို့ ကျဆုံးခဲ့ကြောင်း သိရသည်။

ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် ကျဆုံးခဲ့သည့် မြေပြန့်မှ တပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းကို သူတို့၏ ဇာတိဒေသသို့ သယ်ဆောင်ရန်မှာ မဖြစ်နိုင်ပါ။ ထို့ကြောင့် ကျဆုံးရဲဘော်များ၏ ရုပ်အလောင်းအများစုကို ချင်းတောင်တန်းကြီးပေါ်မှာ သင်္ဂြိုဟ်ခဲ့ကြရသည်။ ရုပ်အလောင်းကို နောက်ဆုံးမြင်ခွင့်မရကြရှာသော ရဲဘော်တွေ၏ မိဘများ မည်သို့ခံစားရမည်ကို မောင်လူမွှေး မမှန်းဆရဲပါ။ သူတို့၏ စိတ်ခံစားမှုများကို စကားလုံးများအဖြစ် ဖော်ပြလို့လည်း ရနိုင်မည်မထင်ပါ။ အချို့မိဘများသည် သူတို့သား ပြန်လာနိုးနဲ့ မျှော်လင့်ကောင်း မျှော်လင့်နေကြမည်ဖြစ်သည်။ သေချာတာတစ်ခုကတော့ ကျဆုံးရဲဘော်တွေ၏ မိဘများ၊ မောင်နှမများ၊ ဆွေမျိုးများ၏ စိတ်နှလုံးသားထဲတွင် ချင်းတောင်တန်းကြီးနှင့် သူတို့မိသားစုဝင် ရဲဘော်ကို တွဲပြီး မြင်ယောင်နေမည်ဖြစ်သည်။

မောင်လူမွှေးသည် ကျဆုံးရဲဘော်လေးတွေ၏ မျက်နှာများကို လိုင်းပေါ်ကနေ မကြာမကြာ ကြည့်နေမိတတ်ပါသည်။ နုနယ်သောအရွယ်၊ လောက၏ အလှအပကို ခံစားတတ်ဆုံးအရွယ်၊ ရင်ခုန်လို့ အကောင်းဆုံးအရွယ်မှာမှ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် အသက်ပေးခဲ့ကြသည်။ ချင်းပြည်နယ် စစ်တပ်ကင်းစင်ရေးမှာ ပါဝင်အသက်ပေးခဲ့ကြသည်။ နုနယ်သော သူတို့၏ မျက်နှာများကို ကြည့်ပြီး မောင်လူမွှေး စိတ်နှလုံး ညှိုးနွမ်းရပါသည်။

ကျဆုံးခဲ့သည့် ရဲဘော်များသည် မိမိနိုင်ငံတွင် စစ်အာဏာရှင် အမြစ်ပြတ်ရေးဟူသည့် မျှော်လင့်ချက်တစ်ခုတည်းဖြင့် မိမိအသက်ကိုစွန့်ကာ အာဏာသိမ်းစစ်တပ်ကို တိုက်ပွဲဝင်ခဲ့ကြခြင်းဖြစ်သည်။ စစ်အာဏာရှင် အမြစ်ပြတ်ရေး ရည်မှန်းချက်၊ မျှော်လင့်ချက် တစ်ခုတည်းဖြင့် သူတို့သည် မိုင်ပေါင်းများစွာ ဝေးရာကနေ ရောက်လာခဲ့ကြသည်။ တောင်တန်းတွေကို ဖြတ်သန်းခဲ့ကြသည်။ ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ခဲ့ကြသည်။ လက်ရှိမြေပြင်တွင် တိုက်ပွဲဝင်နေသည့် ရဲဘော်အများစုသည်လည်း စစ်အာဏာရှင်ပြုတ်ကျရေး ရည်မှန်းချက်တစ်ခုတည်းဖြင့် ဆက်လက်တိုက်ပွဲဝင်နေကြဆဲ ဖြစ်ပါသည်။

မောင်လူမွှေးတို့သည် အခက်အခဲကြုံလို့ စိတ်ပျက်လာလျှင် မြေပြင်တွင် တကယ်တိုက်ပွဲဝင်နေသည့် ရဲဘော်တွေ၏ မျက်နှာကို ထောက်ထားပြီး ရှေ့ဆက်ကြရသည်။ သူတို့၏ စိတ်ဓာတ်ကို လေးစားသည်။ တော်လှန်ရေးတပ်ဖွဲ့တစ်ခု၏ ခေါင်းဆောင်ပိုင်းများက ဆုံးဖြတ်ချက် အမှားများချမိသောအခါ၊ အမြော်အမြင်နည်းသောအခါ၊ ကိုယ်ကျိုးကြည့်သောအခါ အောက်ခြေက ရဲဘော်တွေပါ ထိခိုက်ကြရပါသည်။ ထိုသို့သော ထိခိုက်မှုများသည် ကြေကွဲစရာ ကောင်းလှပါသည်။ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးသည် အာဏာသိမ်းစစ်တပ်နှင့် ပူးပေါင်းသွားခဲ့ပါသည်။ သို့သော် ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် အသက်ပေးသွားခဲ့သော BNRA ရဲဘော်နှစ်ဦးအပေါ် မောင်လူမွှေးတို့ လေးစားမှုမလျော့ပါ။ သနားကရုဏာပင် ပို၍ တိုးလာပါသေးသည်။ သနားကရုဏာဖြစ်သည့် ခံစားမှုနောက်တွင် နာကြည်းခံပြင်းမှုလည်း ပါလာပါသည်။

ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် အကျအဆုံးများသည့် မဟာမိတ်တပ်ဖွဲ့မှာ တီးတိန်မြို့နယ်အခြေစိုက် ချင်းညီနောင် အဖွဲ့ဝင် PDF-Zoland ဖြစ်ပါသည်။ ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် PDF-Zoland က ရဲဘော် ဆယ်ဦး ကျဆုံးခဲ့ပါသည်။ တကယ်တော့ အာဏာသိမ်း စစ်တပ်လက်အောက်ကနေ မြို့တစ်မြို့ကို သိမ်းရခြင်းသည် အရင်းအနှီးကြီးလှသည်။ လူငယ်တွေ၏ အသက်များ၊ ဘဝများနှင့် မိသားစုတို့၏ ကြေကွဲဝမ်းနည်းမှုများအပါအဝင် အရင်းအနှီးပြုရတာတွေ များစွာရှိပါသည်။ တိုက်ပွဲတွင် ကျဆုံးသွားသည့် ရဲဘော်အရေအတွက်ကို လူတွေက သတိပြုမိသော်လည်း ထိခိုက်ဒဏ်ရာရသည့် ရဲဘော်တွေကို သတိမထားမိဘဲ နေတတ်ကြပါသည်။ ကိုယ်လက်အင်္ဂါတွေနှင့်အတူ မိမိတို့၏ အနာဂတ်ကို စွန့်လွှတ်လိုက်ရသော လူငယ်များစွာ ရှိပါသည်။

လူငယ်တွေ၏ အသက်သွေးချွေး၊ မိသားစုတွေ၏ ကြေကွဲခြင်းနှင့် အနာဂတ်တို့ကို အရင်းအနှီးပြုပြီး မြို့တစ်မြို့ကို သိမ်းခဲ့ရသည်။ ထိုမြို့ကို သိမ်းပိုက်ပြီးနောက် ပြည်သူတွေ အောင်ပွဲခံကြသည်။ အောင်ပွဲခံထိုက်သည်ဟုလည်း မြင်ပါသည်။ သို့သော် အချို့သော လိုင်းပေါ်မှာ အောင်ပွဲခံမှုတွေက အပေါစား ဆန်လွန်းသည်။ သူတို့၏ အောင်ပွဲခံသည့် အပြုအမှုများ၊ စကားများတွင် ကျဆုံးခဲ့ရသည့် ရဲဘော်တွေကို လေးစားရကောင်းမှန်း မသိကြပါ။ အရင်းအနှီး၏ တန်ဖိုးနှင့် ကျေးဇူးတရားကို မေ့လျော့သောသူတို့သည် စစ်အာဏာရှင်ဆန့်ကျင်ရေး၊ တော်လှန်ရေးတွင် အမှိုက်သရိုက်များသာဖြစ်သည်ဟု ဆိုချင်ပါသည်။

 

 

👉 မောင်လူမွှေး - ဒဏ်ရာများနှင့် တောင်တန်း    

 

 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar