စိုးနောင်(မုံရွာ) - ချိုးလိုကူရမဲ့နေ့ကို မျှော်နေတဲ့ ခိုတွေ
ချိုးလိုကူရမဲ့နေ့ကို မျှော်နေတဲ့ ခိုတွေ
စိုးနောင်(မုံရွာ)
(မိုးမခ) အောက်တိုဘာ ၁၀၊ ၂၀၂၆
အမြစ်တွေက
အိမ်ဝန်း တစ်ဝန်းထဲမှာ ရှိပြီး
အကိုင်းအခက်တွေက
တခြားအိမ်ဝန်းတစ်ဝန်းထဲမှာ
ရောက်နေတဲ့ သစ်ပင်လို ဘဝတွေပါ။
မြစ်ညှာက မျောလာတဲ့
သစ်သီးတွေဟာ
မြစ်ကြေမှာ လာပေါက်သလို
ဇာတိမြေဆီ
အလွမ်းတွေနဲ့သာ
ဆန်တက်ခွင့် ရှိတဲ့ ဘဝတွေပါ။
အိမ်ကိုလွမ်းရင်
ခွက်ချင်း မတိုက်ဘူး
နှလုံးသားချင်း တိုက်တယ်။
လူတိုင်းမှာ
နာကျင်စရာ အတိတ်နဲ့
မရေရာတဲ့ အနာဂတ်နဲ့။
လေယာဥ်ပျံတွေ ဆင်းတာ မြင်ရင်
မျက်ရည်က ဆင်းချင်တယ်
ဒီမှာတော့
မျက်လုံးနဲ့ စိတ်နဲ့
အမြဲ လက်လှဲ ပြိုင်နေရတာပဲ။
တစ်ယောက် အတိတ်မှာ
ပြာဖြစ်သွားတဲ့ အိမ်ရှိသလို့
တစ်ယောက် အတိတ်မှာ လည်း
တရှုံ့ရှုံ့ငိုနေတဲ့
ယာတောလေး ရှိတယ်။
အိမ်ပြန်ချင်လား ဆိုတော့
ပြန်ချင်တယ်
အိမ်မပြန်ချင်ဘူးလား ဆိုတော့
မပြန်ချင်ဘူး
ဒီမှာတော့
အမြဲတမ်း အတွေး နှစ်ခွနဲ့
အမြဲတမ်း အဆွေး နှစ်ခွနဲ့။
တစ်ယောက်က
မပျော်ရွှင်မှုကို
အရက် လုပ်သောက်တယ်
တစ်ယောက်က
စိတ်ညစ်တယ်ကို
ဆေးလိပ် လုပ်သောက်တယ်။
ဒီမှာတော့
အားလုံးဟာ မူးမူးနဲ့
တစ်ယောက် အခန်းထဲ
တစ်ယောက် ဝင်အိပ်ခဲ့ကြဖူးသူတွေ ချည်းပဲ
တစ်ယောက် နှလုံးသားထဲ
တစ်ယောက် ဝင်အိပ်ခဲ့ကြဖူးသူတွေ ချည်းပဲ။
ငါတို့ နိုင်ငံမှာသာ
ရွှေက စျေးကြီးတာ
ဒီနိုင်ငံ မှာတော့
ရွှေက စျေးအချိုဆုံးပဲ
မင်း ဘယ်နိုင်ငံသားလဲ ဆိုရင်
ရွှေလို့ မဖြေရဲအောင်
နာကျင် နေရပါပြီ။
သင်္ကြန်ရောက်ရင်
အိမ်ပြန်ပြီး
မုန့်လုံးရေပေါ်လေးတော့
စားချင်သားကွာ
မုန့်လုံးရေပေါ်ထဲ
စစ်ပွဲတွေ ထည့်လုံးထားမှတော့
မစားဖြစ်မဲ့ အတူတူ မပြန်တော့ပါဘူး။
ဘုရားပွဲကျရင်
အိမ်ပြန်ပြီး
ကရေကရာလေးတော့
စားချင်လိုက်တာ
ကရေကရာကို
မတရားမှုတွေ ဖြူးထားမှတော့
မစားနိုင်မဲ့ အတူတူ မပြန်တော့ပါဘူး။
ဖုန်းဆိုတာကြီး
ရှိနေလို့ တော်သေးတယ်
မိဘတွေနဲ့ ဗီဒီယိုကော ပြောခွင့်ရလို့
ဖုန်းဆိုတာကြီး
ရှိနေတာ မကောင်းဘူးကွာ
ဗီဒီယိုကော ပြောတိုင်း
ပြာပုံတွေ လှမ်းမြင်နေရလို့
စစ်ပွဲတွေကို လှမ်းတွေ့နေရလို့။
သူများ နိုင်ငံမှာ
နေရတယ် ဆိုတာ
သူတို့ နိုင်ငံသားတွေ
မစားချင်တာ စားရတယ်
သူတို့ နိုင်ငံသားတွေ
မလုပ်ချင်တာ လုပ်ရတယ်
သူတို့ နိုင်ငံသားတွေ
အိပ်နေချိန်မှာ မအိပ်ဘဲနေရတယ်။
ကိုယ့်နိုင်ငံမှာ
နင်းပြား လုပ်ရတာ
အားမရလို့
နိုင်ငံတကာ လိုက်ပြီး
နင်းပြား လုပ်ကြရတာပါကွာ။
ဇနီး ဓာတ်ပုံလေးကို ထုတ်နမ်း
သားသမီး ဓာတ်ပုံလေးကို ထုတ်နမ်းနဲ့
အငွေ့နဲ့တင် ဝနေရတဲ့ ဘဝဆိုတာ
နတ်ပြည် ရောက်နေတာလိုလိုနဲ့
ငရဲတစ်မျိုး ကျနေရတာပါ။
ဒီမှာက
မင်းအိမ်က
ဘာပို့လိုက်သလဲ ဆိုတာ
မရှိဘူး
မင်းအိမ်ကို
ဘာပို့လိုက်သလဲ ဆိုတာပဲ
ရှိတယ်။
ဒီမှာက
ဘယ်ဘာသာကို
ကိုးကွယ်ပါစေ
အားလုံးဟာ
အလုပ်ရှင်သူဌေးကို
ကန်တော့ ကြရတာပဲ။
ဒီမှာက
နတ်သမီးထောင်ချောက်တွေကို
ရှောင်ပြီး
ကိုယ်ရတဲ့ပိုက်ဆံကို
ကျစ်ကျစ်ဆုပ်ပြီး
အိမ်ပြန် ပို့ကြသူတွေချည်းပဲ။
ဒီမှာက
နေမကောင်းရင်
တစ်ယောက် နဖူးကို တစ်ယောက်စမ်း
တစ်ယောက် အားပေးစကားဟာ
တစ်ယောက်အတွက်
ပါရာစီတင်မောပဲ။
ဒီမှာက
ကိုယ့်ကိုယ်ကို သတ်သေသွားသူကို
ငြိမ်းချမ်းရေး ရသွားပြီလို့ ပြောပြီး
အလုပ်လုပ်ရင်း သေသွားသူကို
လွတ်လပ်ရေး ရသွားပြီလို့
ပြောကြတယ်။
ငါတို့ ဘဝတွေဟာ
သူများ ခြံဝင်းထဲ
အကိုင်းအခက်တွေ ရောက်နေရတဲ့
ဘဝ ဆိုတော့
အားနာနာနဲ့ ပွင့်ရသီးရတယ်
သစ်ရွက်လေး ကြွေတာက အစ
နှိမ့်နှိမ့်ချချလေး ကြွေပေးရတယ်။
တစ်ယောက်တည်း အတွက်
အိမ်ပြန်ချိန်ထက်
အားလုံးအတွက်
အိမ်ပြန်ချိန်ကို မျှော်လင့်မိပါတယ်
သက်မဲ့ရွှေတွေ စျေးကျပြီး
သက်ရှိရွှေတွေ စျေးတက်မဲ့နေ့ရေ.....
ငါတို့ဆီ မြန်မြန် လာပါတော့။ ။
-
t.me@moemaka
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
youtube.com/@moemaka
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
