မန်းဖိုးအေး(ဝါးခယ်မ) - မြစ်ဆုံဆည် တကျော့ပြန်ဆောက်လုပ်ရေးကို ကန့်ကွက်ခြင်း ၊ အပိုင်း (၄) - (၅)
မြစ်ဆုံဆည် တကျော့ပြန်ဆောက်လုပ်ရေးကိုကန့်ကွက်ခြင်း - အပိုင်း(၄)
မြစ်ဆုံရေကာတာတည်ဆောက်ရေး
မန်းဖိုးအေး(ဝါးခယ်မ)
(မိုးမခ) အောက်တိုဘာ ၁၅၊ ၂၀၂၆
၂၀၁၆ ခုနှစ် ရှန်ဂရီလာဟိုတယ်မှာ "တရုတ်-မြန်မာ ချစ်ကြည်ရေးအခမ်းအနား ညစာစားပွဲ" အချိန်မှာ သူငယ်ချင်းဟန့်ကျုန်းက ...
"ကျင်လိ နက်ဖန်မနက်ပိုင်း လသာလမ်း လားရှိုး(၇)လွှာပေါက်စီ လက်ဖက်ရည်ဆိုင်မှာ ဆုံကြမယ်။ လာဖြစ်အောင် လာခဲ့နှော်"
ဟန့်ကျုန်းရဲ့ ဖိတ်ခေါ်ချက်အတိုင်း ကျနော်ရောက်သွားပါတယ်။
"ကျင်လိ၊ ရပ်ဆိုင်းသွားတဲ့မြစ်ဆုံဆည် ပြန်ဆောက်ဖို့ မင်း ဆောင်းပါးရေးကွာ။ စာမူခ မြိုးမြိုးမြက် မြက်ရအောင် ကြံစည်ပေးမယ်" ဟန့်ကျုန်း ကျနော့ကို တိုက်တွန်းပါတယ်။ ကျနော် ချက်ချင်း ငြင်းဆိုလိုက်တယ်။
"ဟန့်ကျုန်း ငါမရေးဘူး။ မြစ်ဆုံဆည် ဆောက်လုပ်ရေးကို ငါ ကန့်ကွက်တဲ့ထဲ ပါဝင်တယ်။မရေးဘူးသူငယ်ချင်း"
ဒီတော့ ဟန့်ကျုန်းက ... " မင်းတော်တော် အတွေးခေါင်တာပဲ၊ မင်း ပိုက်ဆံမလိုချင်ဘူးလား။ ဒါ အခွင့်ကောင်းပဲကွ" သူ မရမက တိုက်တွန်းတယ်။
ခေါင်းမာတဲ့ကျနော်ကလဲ ... "ဘာလဲ ငါ့ကလောင်လေး ပေါက်လိုက်ရုံနဲ့ ငါ့ကလောင်ကိုအသုံးချပြီး မင်းငါ့ကို ချောက်တွန်းတာလား ၊သူငယ်ချင်း ငါ စကားရှည်ရှည်လျားလျား ပြောမယ်နော်။ ဒီ မြစ်ဆုံဆည် ဆောက်လိုက်ရင် ဒို့မြန်မာနိုင်ငံအတွက် ဘယ်လိုအကျိုးအမြတ်တွေ ရနိုင်သလဲဆိုတာကို မင်းတို့တရုတ်ဘက်ကကော ဗိုလ်သန်းရွှေ စစ်အစိုးရဘက်ကရော ၊ဒို့မြန်မာပြည်သူတွေ နားလည်သဘောပေါက်အောင် မင်းတို့ အစကတည်းက ကြိုတင်စည်းရုံး ပြောပြထားရမှာ။မင်းတို့က လုပ်ရမယ့်အလုပ်ကို ကြိုမလုပ်ဘူး။
တရုတ်ဘက်က မြန်မာ့စစ်အစိုးရ ဦးပိုင်နှင့် ကြိတ်ပြီး ခိုးကြောင်ခိုးဝှက် တိုးတိုးတိတ်တိတ် စာချုပ်ချုပ်ဆိုကြတယ်။ မြန်မာပြည်သူတွေကအစ ဘယ်သူမှ မသိရှိကြဘူး။ စာချုပ်သာ ချုပ်ဆိုထားတယ်၊ မင်းတို့ လက်တွေ့ အကောင်အထည်ဖော် မလုပ်ရဲကြဘူး။ ဒီတုန်းက နိုင်ငံတကာရဲ့' ဆန်ရှင်" ပိတ်ဆို့ရေးက မင်းတို့အတွက် အကြပ်တွေ့နေတယ်။မြစ်ဆုံဆည် တည်ဆောက်ရေးတင် မကသေးဘူး။ နိုင်ငံတကာရဲ့ "ဆန်ရှင်"ကြောင့် ဗိုလ်သန်းရွှေ မလှုပ်မရှား မရွေ့နိုင် ဖြစ်နေတယ်။ ဒီ"ဆန်ရှင်" အကြပ်အတည်းက လွတ်ကင်းအောင် ဗိုလ်သန်းရွှေ မျက်လှည့်ပြလိုက်တယ်။
ဗိုလ်သိန်းစိန်ကို စစ်ဘောင်းဘီ ချွတ်ခိုင်းလိုက်တယ်။ ဗိုလ်သိန်းစိန်လဲ ပုဆိုးပြောင်းဝတ်ပြီး ဦးသိန်းစိန်ဖြစ်သွားတယ်။ ပြိုင်ဘက်ပါတီကင်းမဲ့တဲ့ (၂၀၁၀) ရွေးကောက်ပွဲကနေ သမ္မတဦးသိန်းစိန် အရပ် သားအစိုးရ ပေါ်ပေါက်လာတယ်။ အရပ်သား ဒီမိုကရေစီသမ္မတ ဦးသိန်းစိန်ခေတ်မှာ မင်းတို့က မြစ်ဆုံဆည်ဆောက်လုပ်ရေးကို လျပ်တပြက် ဖော်ဆောင်လိုက်တယ်။ ဒီတော့ ကန့်ကွက်တဲ့ ငါတို့အုပ်စုက ခိုင်လုံတဲ့ အကြောင်းအချက်တွေ ချပြပြီး တခဲနက် ကန့်ကွက်ကြတယ်။ ကန့်ကွက်မှုလှိုင်းက ကြီးမားလွန်းတယ်။သမ္မတဦးသိန်းစိန် ခေါင်းမခံဝံ့ဘူးလေကွာ။
တကယ်လို့ ငါတို့ဘက်က ဟန့်တားကန့်ကွက်ကြတဲ့ ပညာရှင်တို့ရဲ့ ထောက်ပြချက်အတိုင်း မြစ်ဆုံဆည်ကြီး ကျိုးပေါက်ရင် ဦးသိန်းစိန်က သမိုင်းတရားခံအဖြစ် တွင်ရစ်မယ်လေကွာ။ သူ့ခေါင်းပေါ် ကျရောက်လာမယ့်အရေးကို ဦးသိန်းစိန် တွေးမိတယ်။ ဒါကြောင့်လဲ သူ့အထက် ဗိုလ်သန်းရွှေရဲ့ ဖိအားကိုရော ငွေရှင်ကြေးရှင် တရုတ်တို့ရဲ့ ဖိအားကိုရော ဦးသိန်းစိန် အမှုမထားတော့ဘဲ သွေဖည်လိုက်တယ်။
"ကျနော့ရဲ့ သမ္မတသက်တမ်းမှာ မြစ်ဆုံဆည် ဆောက်လုပ်ရေးကို ရပ်ဆိုင်းလိုက်တယ်" ဆိုပြီး ရဲရဲဝံ့ဝံ့ ကန့်ကွက်လိုက်တယ်။
ကမ္ဘာကို ကြွေးကြော်ထားတဲ့ သမ္မတဖြစ်တဲ့ ဦးသိန်းစိန်ရဲ့ ရဲဝံ့ပြတ်သားတဲ့ "ရပ်ဆိုင်းခြင်း" ပဲ့တင်သံက ကမ္ဘာကို ဟိန်းထသွားတယ်။ စစ်ဘက်က ပါဝါအကြီးဆုံးရှိတဲ့ ဗိုလ်သန်းရွှေ မလွန်ဆန်ရဲဘူး။အင်အားတောင့်တင်းကြီးမားတဲ့ တရုတ်ပြည်ဘက်ကလဲ လက်တွေ့ကျကျ စိုးရိမ်မှုတွေ ဝင်လာတယ်" ဆည်ကိုဆောက်မယ့်လေသံ" တိုးတိုးလေးတောင် မထွက်ရဲဘူး။ အဲဒီလိုထိတ်လန့်ကြောက် ရွံ့နေတဲ့အချိန်အခါကာလမှာ ငါက မင်း မြိုးမြိုးမြက်မြက်ဆောင်ရွက်ကြေးကိုမက်ပြီး "မြစ်ဆုံဆည် တည်ဆောက်ကြေဟေ့" အော်ကြီးဟစ်ကျယ် ဆောင်းပါးရေးလိုက်ပါပြီတဲ့။ အကယ်၍များ မြစ်ဆုံဆည်ဆောက်လုပ်ရေးကို သက်သေသာဓက အကြောင်းမျိုးစုံပြသကန့်ကွက်ကြသူတို့ရဲ့ အကိုးအကားထောက်ပြတဲ့ အချက်အလက်အတိုင်း တည်ဆောက်ပြီးတဲ့ မြစ်ဆုံဆည် ကျိုးပေါက်လိုက်တာနဲ့ ဆည်ဆောက်လုပ်တဲ့တရုတ်ဘက်က တာဝန်ခံပုဂ္ဂိုလ်ကော ဗိုလ်သန်းရွှေတို့အုပ်စုကော သမိုင်းတရားခံအဖြစ် တွင်ကျန်ရစ်မှာဖြစ်တယ်။ ဆည်ဆောက်လုပ်ဖို့ အကြံပြုတိုက်တွန်းတဲ့ဆောင်းပါးရေးသားတဲ့ ငါလဲပဲ သမိုင်းတရားခံစာရင်းထဲ ပါသွားချေမပေါ့။ အေး မင်းအဲဒီ့မြိုးမြိုးမြက်မြက် စာမူခကို ရယူချင်ရင် မင်းပဲရေးပေါ့ကွာ။ မင်းမှာလဲ 'စံလှိုင်' ဆိုတဲ့ ကလောင်တချောင်း ရှိတာပဲလေ" လို့ ကျနော် အကြောက်အကန် ငြင်းဆန်လိုက်တယ်။ ငွေကျည်ဆန်အထိမခံဝံ့ပါ။
ဟန့်ကျုန်းနှင့် ကျနော်ကျင်လိ(မန်းဖိုးအေး) နှစ်ဦးစလုံး ခေါင်းမာသူတွေဖြစ်ကြတယ်။ သူ့အမြင် ကိုယ့်အမြင် မလျှော့ကြသူချည်းပါ။
"သူငယ်ချင်းကျင်လိ၊ မင်းအမြင်တွေ တက်တက်စင် လွဲနေတယ်။ တို့တရုတ်ဘက်က လုံးဝ မကျိုးမပေါက်အောင် တည်ဆောက်မှာဟ။ မင်းက စိုးရိမ်စရာမရှိ တွေးပြီးစိုးရိမ်နေတယ်။ ဒီလိုလုပ်ကွာ၊ မင်းနဲ့ငါ လောင်းမယ်။ ငါက လုံးဝမကျိုးတဲ့ဘက်က။ မင်းက ကျိုးတဲ့ဘက်ပေါ့ကွာ၊ ဒို့လောင်းကြမယ်"
ဟန့်ကျုန်း ကျနော့ကို ငွေကြေးအလောင်းအစား စိန်ခေါ်လိုက်တယ်။ ကျနော်က ..."ဒီမယ်ဟန့်ကျုန်း ငါအလောင်းအစား ဝါသနာမပါဘူး။ နှစ်လုံးသုံးလုံးတောင် မထိုးဘူး။ ဒို့တရုတ်လူမျိုးက ထစ်ကနဲဆို လောင်းကစားစကား တယ်ပြီးပြောတာကိုးကွ"
ဟန့်ကျုန်းက ... "မင်းထင်မြင်ယူဆတာ မင်းပိုင်တယ်ဆိုရင် လောင်းရဲရမှာပေါ့" သူ့ရဲ့လောင်းကစားစကားကိုပဲ ထပ်အထွန့်တက်တယ်။ ကျနော် နားကြားပြင်းကပ်လာတယ်။ ပွဲမြန်မြန်ဖြတ်မှဖြစ်မယ်။ ဒီတော့ကျနော်က.. ဒီမယ်ဟန့်ကျုန်း၊ မင်းကစီးပွားရေးသမား၊ လူချမ်းသာ၊ ငါက နိုင်ငံရေးလုပ်တဲ့ငမွဲ၊ ငွေကြေးနဲ့လောင်းကြေးထပ်မယ်။ သိန်းတသောင်စကြေး လောင်းကြေးထပ်လို့ မင်းရှုံးရင် မင်းအတွက်ဒီလောင်းကြေးက မဖြစ်စလောက် ငွေကြေးဖြစ်တယ်။ ငါရှုံးရင် ကြွေးတင်မယ်။ငါ့ဘဝပျက်မယ်။ ငွေကြေးနဲ့မလောင်းဘူးကွာ။ တခြားဟာနဲ့ လောင်းကြေးထပ်မယ်။ ဘယ်လိုလဲ" ကျနော်သူ့ကိုပြောလိုက်တယ်။
သူက ... ဘယ်လိုမျိုစလောင်းကြေးထပ်မလဲပြော။ ဟန့်ကျုန်း ပိုင်ပိုင်နိုင်နိုင် မေးခွန်းထုတ်လိုက်တယ်။ ကျနော်က ...
"မင်းနဲ့ငါ့ရဲ့ တူညီတဲ့လောင်းကြေးထပ်မယ်ကွာ" သူ့ကိုကျနော် စကားနဲနဲ ထစ်ထားလိုက်တယ်။ သူလဲ မရမက မေးခွန်းထုတ်လာတယ်။
"ကျင်လိ အမြန်ပြောကွာ မင်းနဲ့ငါလောင်းကြေးချင်း တူညီတဲ့အရာမျိုးနဲ့ လောင်စကြမယ်ဆိုတော့ ဘယ်လိုလောင်းကြေးလဲ၊ မြန်မြန်ပြောကွာ"
"ဒီမယ်ဟန့်ကျုန်း မင်းနဲ့ငါတို့ရဲ့ တန်ကြေးချင်းတူညီတဲ့ အသက်ပေါ့ကွာ။ ရှုံးတဲ့သူဦးခေါင်းကို နိုင်တဲ့သူက ဖြတ်တန်းကွာ"
ဟန့်ကျုန်းက–... "ဒါကသေခြင်းပဲ၊ အသက်ခြင်းလောင်းကြေးထပ်တာ ဘယ်ဖြစ်မှာလဲကွ၊ ငါသဘောမတူဘူး"
ကျနော်က ... "အသက်က မင်းမှာလဲရှိတယ် ၊ငါ့မှာလဲရှိတယ်။ တန်းတူရည်တူ ရှိကြတယ်။ ရှုံးတဲ့သူကို နိုင်တဲ့သူက သတ်တန်း စိန်ခေါ်တယ်ကွာ။ လောင်းချင်ရင် မင်းလိုက်ခဲ့လေကွာ"
ကျနော် ပြတ်ပြတ်ပြောလိုက်တယ်။ဟန့်ကျုန်းမလိုက်ပါဝံ့ပါ။ သူက.. "မင်းကိုပေးတဲ့ငွေ မလိုချင်နေပေါ့ကွာ" ကျနော်နှင့်ဟန့်ကျုန်း တင်းမာတဲ့ ငြင်းခုန်ပွဲ ဒီမှာတင် ရပ်ဆိုင်းသွားတယ်။ ကျနော် စားပွဲဝိုင်းက ထလာလိုက်တယ်။ ။
-
မြစ်ဆုံဆည် တကျော့ပြန်ဆောက်လုပ်ရေးကို ကန့်ကွက်ခြင်း
အပိုင်း(၅) ပန်ထွာဧကရီနှင့် ဒွတ်တဘောင်တို့ရဲ့စစ်ပွဲ
မန်းဖိုးအေး(ဝါးခယ်မ)
သမိုင်းအသွင် ဒဏ္ဍာရီအလား ပုံပြင်ဖြစ်ရပ်တို့ဖြင့် ဖြစ်ခဲ့၊ဖြစ်ဆဲ၊ ဖြစ်လတ္တံ့သော ဥပမာ ဥပမေယျ များစွာထဲက BC ၆ ရာစု သို့တည်းမဟုတ် ၉ ရာစု ခေတ်ကာလတွေမှာတုန်းက ကောလိယတိုင်း ဒေဝဒဟပြည့်ရှင် မဟာသမ္မတဘုရင် ဒွတ်တဘောင်နှင့် လှဧကရီပန်ထွာဘုရင်မတို့၏ တိုက်ပွဲကြီးကား ကြီးကျယ်ခမ်းနားလှပေသည်။
ကြီးကျယ်ခမ်းနား အင်အားတောင့်တင်းလှသည့် ဒေဝဒဟ မင်းနေပြည်တော်ကြီးကို ဒွတ်တဘောင်မည်သော မဟာသမ္မတ ဘုရင်ကြီးက စိုးမိုးအုပ်ချုပ်တော်မူလေသည်။ ထီးပြိုင်နန်းပြိုင် အလှထွဋ်တင် ပန်ထွာဘုရင်မသည်လည်း သရေခေတ္တရာ ပြည်တော်ကြီးကို စိုးမိုးအုပ်ချုပ် မင်းလုပ်တော်မူလေတယ်။
ဒွတ်တဘောင်ဧကရာဇ်မင်းကြီးသည် အလှထိပ်ခေါင် ပန်ထွာသခင်မကို ချစ်ခင်စုံမက် နှစ်သက်တော်မူလေသည်။ လိမ္မာပါးနပ် စကားအရာ ကြွယ်ဝလေသည့် သံတမန်ကို ရွှေငွေကျောက်သံ ပုလဲရတနာများကိုပါ ပဏ္ဏာလက်ဆောင် သယ်ဆောင်စေပြီး နှစ်ပြည့်တပြည် ရွှေလမ်းငွေလမ်း မေတ္တာလမ်း ဖောက်လိုသည့်အရေး သံခင်းတမန်ခင်း ခင်းကျင်းလေသည်။ လှထွဋ်ထိပ်တင် ပန်ထွာဘုရင်မက အလှဂုဏ်မောက်ကြွ ခြေကိုဆောင့်ကာ ကမ်းလင့်လာသည့် မေတ္တာစကားကို ရင့်သီးမောက်မာ ငြင်းဆန်လိုက်သည်။ ရိုးရိုးသာမန် ငြင်းဆန်လိုက်ခြင်း မဟုတ်ချေ။ရှေ့တော်မှောက်၌ ခစားရောက်ရှိနေတဲ့ ဒွတ်တဘောင်ဘုရင်ကြီး၏ သံတမန်မင်းကို ပန်ထွာသခင်မက လက်ရုံးတော် တပ်ဗိုလ်တပ်မှူးတို့ဖြင့် ထိုသံတမန်အား အကြမ်းအရမ်း ဆွဲထုတ်တော်မူလေသည်။
သံတမန်ကြီးလဲ ထုထောင်းရိုက်နှက် ခံလိုက်ရပြီး ဒဏ်ရာဗရပွဖြင့် ဒွတ်တဘောင်ရှေ့မှောက်ဆီ ပြန် လည်ဆိုက်ရောက် အခစားဝင်လေသည်။ ဖြစ်ကြောင်းကုန်စင် စုံစုံလင်လင်ကို အရှင်သခင်အား သံ တော်ဦးတင် လျှောက်ထားလေတယ်။ အမျက်ချောင်းချောင်းထကာ စစ်သည်ဗိုလ်ပါအလုံးအရင်းဖြင့် ပန်ထွာဘုရင်မ၏သရေခေတ္တရာအား ဒလမန်းကြမ်း တိုက်စစ်ဆင်လေသည်။ အချစ်ကြီးတော့ အမျက်ကြီးချေပေါ့။
ဒွတ်တဘောင်၏ခေါပဏီတပ်ဖွဲ့ကြီး ကြမ်းပေ့ရမ်းပေ့စစ်ဆင်ချေပြီ။ သရေခေတ္တရာအရှင်မပန်ထွာအလှမဖုရားက အပြုံးမပျက် နန်းရင်ပြင်ထက်ကနေ ဖုန်တလုံးလုံးထနေတဲ့ ဒွတ်တဘောင်ရဲ့ တပ်အင်အားကြီးကို လှမ်းမျှော်ကြည့်ကာ ပြုံးတော်မူလေသည်။ ပင်ကိုယ်ချောမောလှပသည် ပန်ထွာအလှဧကရီ။ အပြုံးကလေးချီလိုက်တော့ ပို၍ပင် အလှသွေးကြွယ်လှချေပေါ့။ မောကြီးပမ်းကြီး ဒုန်းစိုင်းကာစစ်ချီလာသည့် လူကြမ်းကြီးဒွတ်တဘောင်ကို ပန်ထွာသခင်မက မခို့တရို့ပြုံးရာကနေ ရုတ်ချည်း မာန်တင်းကာ ဖော့ဖယောင်းအသွင် သွယ်လျသည့်လက်ယာဘက်လက်တော်ကို လေဝယ် မြောက်တက် ပင့်တင်လိုက်သည်။ ချိုမြမြအသံဖြင့် ... "စစ်သည်တော်ယွန်းစေ" ဟစ်ကြွေးလိုက်သည်။ သခင်မ၏ အသံတော်က သာယာနာပျော်ဖွယ်ချိုမြပေသော်လည်း အားမာန်အပြည့်၊ လေဝယ်ဟိန်းထသွားလေသည်။ နန်းရင်ပြင်ထက်က ဧရာမကြီးမားလှသည့် ပန်ထွာဘုရင်မ၏ "ဘဝစည်တော်" သံကြီးကား တော်လဲသံအလားဟိန်းထသွားလေသည်။ ဒွတ်တဘောင်တပ် အလုံး အရင်းကား ရုတ်ချည်းဖရိုဖရဲဖြစ်ကာ ပျက်သုဉ်းချေပြီ။ ဆင်တပ်၊ မြင်းတပ်တို့ကား ထိတ်လန့်တုန် လှုပ်ကြပြီး နောက်သို့ဦးလှည့် ခုန်ပေါက်ပြေးလွှားကြလေသည်။ တပ်မှူးတပ်သား အမြောက်အမြား စစ်ဆင်၊ စစ်မြင်းတို့၏ခွာအောက်တွင် အတုန်းအရုံး ကျဆုံးကုန်ကြလေသည်။ ကိုယ်ရံတော်တပ်ဖွဲ့ကြီးက ဒွတ်တဘောင်မင်းကို အစွမ်းကုန် အကာအကွယ်ပေးကြရှာသည်။
ဒွတ်တဘောင်၏စစ်ရှုံးတပ်ဖွဲ့ကြီး မိမိတို့၏ဒေဝဒဟနေပြည်တော်သို့ ပြန်လည်ဆုတ်ခွာရလေသည်။ သေကြေကြသည့်ရုပ်အလောင်းတို့ကို မြေမြှုပ်သင်္ဂြိုဟ်ကြရ။ ဒဏ်ရာအနာတရ ရရှိသူတို့ကို ဆေးဝါးကုသခြင်း ဆောင်ရွက်ကြပါတယ်။ တပ်မှူးတပ်သားတို့အား စိတ်ဓာတ်မကျရလေအောင် ချီးမြှင့်မြောက်စားမှုတွေ ပြုလုပ်ရပါတယ်။ နောက်တချီ မကြေပွဲနွှဲဖို့ အစွမ်းကုန် လေ့ကျင့်ပျိုးထောင်ပါတယ်။
ဒွတ်တဘောင်မင်းက တပ်ဖွဲ့ကို ခိုင်မာတောင့်တင်းအောင် ပြင်ဆင်ဖွဲ့စည်းလိုက်တယ်။ နေ့ကောင်းရက်မြတ်ရွေးကာ သရေခေတ္တရာဆီ တိုက်စစ်ဆင်ပြန်ပါတယ်။ သို့သော် စစ်ချီတိုက်ခိုက်ရုံလေးသာ တိုက်ရပါသေးတယ်။ ပန်ထွာရဲ့ စည်တော်ယွန်းသံ ကြောက်ခမန်းလိလိ ရုတ်တရက် တုန်ဟီးသံကြီး ထွက်ပေါ်လာတယ်။ ယခင်တိုက်ပွဲစဉ်ကအတိုင်း ဒွတ်တဘောင်တို့ အလဲလဲအကွဲကွဲ မရှုမလှရှုံးနိမ့်ရပြန်ပါတယ်။
အခဲမကြေသည့် ဒွတ်တဘောင် စစ်ဗျူဟာမျိုးစုံ စစ်ချီတိုက်ခိုက်ပေသော်လဲ ရှုံးနိမ့်ပြီးရင်း ရှုံးနိမ့်နေရပါတယ်။ ဒွတ်တဘောင်မင်းကြီး အခဲမကြေချေ။ ပညာရှိ မှူးကြီးမတ်ရာ တပ်ဗိုလ်တပ်မှူးများနှင့် တိုးတိုးတိတ်တိတ် ကြိတ်မှိတ်ကာ ဆွေးနွေးညှိနှိုင်းအကြံထုတ်ကြလေတယ်။ ထိုအခါ အမတ်ကြီးတပါးက ဒွတ်တဘောင်မင်းကြီးထံ ချဉ်းကပ်လိုက်တယ်။ ဘုရင်ကြီးတပါးတည်း သိရှိလေအောင် သံတော်ဦးတင်လိုက်ပါတယ်။
အမတ်ကြီး အထူးလျှို့ဝှက်လျှောက်တင်လိုက်တဲ့အကြံဉာဏ်က ..." (၁) စည်တော်ကြီးကို ထိုးဖောက်ဖျက်ဆီးခြင်း။ (၂) စည်တော်ကြီးကို တီးခတ်သည့် စစ်သည်တော်အား လုပ်ကြံသတ်ဖြတ်ခြင်းတို့ ဖြစ်တယ်။ ထိုလျှို့ဝှက်ချက်အကြံဉာဏ် နှစ်ခုနှစ်ရပ်စလုံး ထမြောက်အောင်မြင်သည်ပဲဖြစ်ဖြစ်၊ နှစ်ခုထဲက တခုခုကို ပေါက်မြောက်အောင်မြင်အောင် မဖြစ်မနေ ကြိုးပမ်းရပါမယ်။စည်တော်ကြီးယွန်းသံ မကြားရချေက ဒွတ်တဘောင်မင်းကြီး၏တပ်မတော်သားတို့သည် ဖရိုဖရဲ မဖြစ်နိုင်ချေ။ စစ်ပွဲအောင်မြင်မည် ဖြစ်ပါသည်။ ထပ်ဆင့်ဆောင်ရွက်ရမယ့် စစ်ဆင်ရေးတရပ်ကိုတော့"ဤသို့ ... ဤသို့ ပြုမူချေ" ဟူ၍ အထူးလျှို့ဝှက် စီစဉ်လေသည်။
ဒွတ်တဘောင်ဘုရင်ကြီးလဲ ပန်ထွာနန်းမထဲဆီချဉ်းနင်းဝင်ရောက်မည့်သွေးသောက်ကို အထူး တလည် ရွေးချယ်လေ့ကျင့်ပေးသည်။ စည်တော်ကြီးကို စောင့်ကြပ်သည့် ပန်ထွာဘုရင်မ၏ လူယုံကို တံစိုးလက်ဆောင် အမြောက်အမြားပေးအပ်ပြီး သူ့လူကိုယ့်ဘက်သားဖြစ်အောင် အပိုင်သိမ်းသွင်းထားလေသည်။ စည်တော်တီးခတ်သည့် ပန်ထွာ၏ လက်ရွေးစင်အမှုတော်ထမ်းသူ၏သွားလာလှုပ် ရှားမှုတို့ကို အသေးစိတ် လေ့လာမှတ်သားထားပါတယ်။ ဒါ့အပြင် သစ်သားလှေတော်ကြီးကိုပါ လျှို့ဝှက်တည်ဆောက်လိုက်တယ်။ သရေခေတ္တရာနှင့် မလှမ်းမကမ်းက ချောင်ကြိုချောင်ကြားမှာ အထူးဝှက်ကွယ်ထားပါတယ်။
ထို့ပြင်တဝ ရာသီဥတု၊ ရေ၊လေတို့၏ ဘာသာဘာဝပိုင်းတွင် အထူးတလည် ကျွမ်းကျင်နှံ့စပ်သူတို့အား နေ့ရက်အချိန်တို့တွင် အပြောင်းအလဲ မည်သို့မည်ပုံ ဖြစ်နိုင်ချေရှိမည်ကိုပါ စူးစမ်းလေ့လာ တွက်ချက်ထားစေပါတယ်။ အစစအရာရာ အနည်းငယ်မျှလွဲချော်ဖွယ်ရာ ချွတ်ချော်တိမ်းပါး ဟာ ကွက်များ မရှိရလေအောင် စေ့စေ့စပ်စပ် စစ်ရေးဗျူဟာ ချမှတ်လိုက်တယ်။
လုပ်ငန်းအစီအစဉ် အစပြုချေပြီ။ တံစိုးလက်ဆောင် ပေးကမ်းထားသည့် ပန်ထွာသခင်မ၏ စည် တော်စောင့်က စည်တော်ကြီးကို ထိုးခွဲဖျက်ဆီးလိုက်လေပြီ။စည်တော်ကြီး ပေါက်ကွဲပျက်စီးသည့်သတင်း စိုးစဉ်းမျှ မပေါက်ကြားချေ။ တဖန် စည်တော်တီးရဲမက် လုပ်ကြံခံလိုက်ရတဲ့ သတင်းဟာလည်း ပေါက်ကြားခြင်း မရှိချေ။
ပန်ထွာဘုရင်မရဲ့ သရေခေတ္တရာ ထီးနန်းကြီးကား ဧရာဝတီမြစ်ကြီးရဲ့ ကမ်းနံဘေးမှာ အထင်ကရ တည်ထားခြင်း ဖြစ်ပါတယ်။ ဝါဆိုဝါခေါင် ရေဖောင်ဖောင်မှာ မြစ်ရေသည် သရေခေတ္တရာမြို့ထက် ဆည်ဘောင်တာရိုးကြီးက ရှည်ရှည်လျားလျား မြင့်မားပါသည်။ ထိုဧရာဝတီမြစ်ရေကြောင့် သရေ ခေတ္တရာနေ တိုင်းသူပြည်သားတို့၏စိုက်ရေးပျိုးရေး သွားရေးလာရေး ရောင်းဝယ်ဖောက်ကားမှုတို့ စည်ပင်သာယာ ဝပြောလှပါပေသည်။
အချိန်အခါရောက်လာချေပြီ။ ဒွတ်တဘောင်ဘုရင်ကြီးကား ကြည်းကြောင်းရေကြောင်းဖြင့်ပန်ထွာဘုရင်မ၏ သရေခေတ္တရာတိုင်း နိုင်ငံတော်ကြီးကို အလုံးအရင်း တိုက်စစ်ဆင်လေပြီ။ ပန်ထွာဘုရင် မကား ခါတိုင်းကအတိုင်း အပြုံးပန်းတို့ ဝေဆာပွင့်လန်းလျက် ဒွတ်တဘောင်တပ်ဖွဲ့ကြီး မြို့ရိုးနားအထိ ချဉ်းကပ်လာအောင် စစ်မြှူလိုက်သည်။ အနီးကပ်ဆုံးဆီကို ချဉ်းကပ်လေသည်နှင့် ပန်ထွာလှဧကရီသည် ကျော့ရှင်းလှပ ဖော့ဖယောင်းအသွင် လက်ယာဘက် လက်မောင်းတော်ကို အချိုးကျကျ လှလှပပပင့်မြှောက်ကာ အချက်ပြလိုက်သည်။ နီတျာတျာနှုတ်ခမ်းဆီမှ ... "စည်တော်ယွန်းစေ" မိန့်တော်မူသည်။ အားမာန်အပြည့်ဖြင့် သာယာချိုအေးသည့် ပန်ထွာ၏အမိန့်ပေးတေးသံက လေဝယ်ဟိန်းထသွားပါသည်။ ပန်ထွာလှပျိုဖြူ၊ ကျော့ရှင်းလှပ၊ ရင်ကိုပင့် ၊ ခြေဖျားကြွ ဝင့်လိုက်သည်။ ဒွတ်တဘောင်၏ ခေါပဏီတပ်ဖွဲ့ကြီး ဖရိုဖရဲ ဒလှိမ့်ခေါက်ကွေးပြေးချေမည့် မြင်ကွင်းကို ပန်ထွာပျိုဖြူ ငံ့လင့်လေသည်။
သို့သော် သို့သော် ယခုသော်ကား ယခင့်ယခင်ကနှင့်မတူ တမူထူးခြား ချေပါပကော။ ဒွတ်တဘောင်တပ်ဖွဲ့ ညာသံအချက်ကျကျဖြင့် မိမိ၏နန်းမြို့ရိုးဘက်ဆီ နီးသည်ထက်နီး ချဉ်းကပ်ပြီးရင်းချဉ်းကပ်လာနေသည်ကို ပန်ထွာ မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရလေသည်။ ဘာရယ်ဘာကြောင့်ဆိုသည်ကို ပန်ထွာ ပါးစပ်အဟောင်းသား ငေးငိုင်လျက်။
ကြည့်နေရင်း ကြည့်နေရင်းက ဒွတ်တဘောင်တပ်ဖွဲ့ ရုတ်ချည်းအပြေးချီတက်လာမှု တုန့်ကနဲ ရပ်ဆိုင်းသွားပါတယ်။စစ်ကြောင်းက နောက်ဘက်ဆီ အပြေးနှင် ဆုတ်ခွါလိုက်တယ်။မြင့်ရာဘက်ဆီ အပြေးအလွှား ဆုတ်ခွါလိုက်ကြတယ်။
"အုန်း....အုန်း" " အုန်းအုန်း...အုန်းအုန်း "
ပေါက်ကွဲသံကြီးများက မြေပြင်လွှာပင် တုန်ဟီးသွားတယ်။ ဘယ်ချင်းဘယ်ရာ ဘဇာတွေများ ဖြစ်ချေသလဲ ငေးကြောင်တွေးဆရုံလေးမှာပဲ
"ဖျောင်း... ဖျောင်း... ဖျောင်းဖျောင်း"
"ဝေါ... ဝေါ...ဝေါ........"
အော်မြည်သံတို့နှင့်အတူ ရေလုံးကြီးက နန်းမြို့ရိုးကို ဖြိုလှဲလိုက်သည်။ တိုတောင်းလှသည့် အချိန်ကလေးမှာ ပြဿာဒ်အပေါင်း အပိုင်းပိုင်းပြိုလဲကာ ရေအောက်ဆီ စီးမျောပျောက်ကွယ်သွားလေတယ်။ တဒင်္ဂကာလလေးမှာ သက်ရှိသက်မဲ့အားလုံး ရေနှင့်မျောပါ ပျောက်ကွယ်သွားလေသည်။
ဒွတ်တဘောင်ဘုရင်ကြီးက သရေခေတ္တရာ နန်းမြို့ကြီးထက် လွန်စွာမြင့်မြင့်မားမား ကာရံထားသည့် ဧရာဝတီမြစ်ရေကို တားဆီးကာရံထားသည့် တာတမံကြီးကို ချိုးဖျက်လိုက်ပါတယ်။ ကြီးမားသည့်ရေလှိုင်းကြီး ဖြစ်ပေါ်လာပြီး သရေခေတ္တရာ မြို့နန်းကြီးက အစအနလေးတောင် မကြွင်းမကျန်ရစ်ဘဲ လုံးဝ ပျောက်ကွယ်သွားလေသည်။ မင်းစိုးရာဇာ မင်းမှုထမ်းတို့အားလုံး သေကြေပျက် ပြုန်းရုံတင် မကသေးပါ။ သရေခေတ္တရာ မြို့သူမြို့သား ၊ တိုင်းသူပြည်သားတို့ပါ ပျက်သုဉ်းပျောက်ကွယ်သွားချေပြီ။
စစ်ပွဲအောင်နိုင်သူ ဒွတ်တဘောင်မင်းကြီး စစ်ပွဲကိုသာ သူအောင်မြင်သွားပါတယ်။ သူချစ်ခင်စုံမက် နှစ်သက်လေတဲ့ ပန်ထွာလှဧကရီ၏ အချစ်ကိုတော့ သူ ပိုင်ဆိုင်ခွင့် မရလိုက်ချေ။ သူ့ရဲ့ အမျက်ကြီးမှုကြောင့် ပန်ထွာအလှပဂေးလေးကို သူလက်လွှတ်ဆုံးရှုံးရချေပေါ့။ သူ့ရဲ့ရက်စက်ယုတ်မာမှုက အပြစ်မဲ့ ပြည်သူပြည်သားတို့ပါ အားလုံး သေကြေပျက်စီးကြရကုန်သည်။ ရက်စက်ယုတ်မာသူရဲ့သမိုင်းအမည်းစက်ကြီးထင်ကျန်ရစ်ချေလေပြီကော။
"အို ချစ်သက်ထားပန်ထွာငယ် မောင်ကြီး ဒီမောင်ကြီး ဒွတ်တဘောင်ရဲ့ အချစ်ကြီးပြီး အမျက်ပါကြီးခဲ့မှုကြောင့် မောင်ကြီးအချစ်ကို လက်လွှတ်ဆုံးရှုံးရချေပေါ့။ နှမငယ်ပန်ထွာ မောင်ကြီးကို နာကျည်းလေမှာ အသေအချာလေပါ။ ခွင့်လွှတ်နိုင်ချေမရှိဘဲ မောင်ကြီးကို ကျိန်ဆဲလေမှာ အသေ အချာပါ နှမငယ်။ ချစ်နှမပန်ထွာရဲ့ ကျိန်စာအောက်မှာ မောင်ကြီးဒွတ်တဘောင် ဘဝဘဝတွေမှာ ဆက်ကာဆက်ကာ ခံရရှာချေပေပါတကား ပန်ထွာ"
-
Join Us @ MoeMaKa Telegramt.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
