Breaking News

တာပလု - အချစ်၊ အသက်နဲ့ လက်ဖျားက အနုပညာ





တာပလု - အချစ်၊ အသက်နဲ့ လက်ဖျားက အနုပညာ
(မိုးမခ) အောက်တိုဘာ ၁၇၊ ၂၀၂၆

လူတစ်ယောက်အကြောင်းကို စာသင်ချိန် တစ်ချိန်ပြည့်တဲ့အထိ ပြောပြခဲ့ဖူးတဲ့ ဆရာမတစ်ယောက် ရှိခဲ့ဖူးတယ်။ အလယ်တန်းကျောင်းသား ဘဝတုန်းကပါ။

နှစ်ပေါင်းများစွာ ကြာသွားခဲ့တဲ့ အထိ အဲဒီအခိုက်အတန့်က ရင်ထဲမှာ မဟောင်းနွမ်းဘဲ ကျန်နေခဲ့တုန်းပဲ။ ဆရာမက ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ကို ပုံပြင်တစ်ပုဒ်လို ပါးပါးလေး သီကုံးပြခဲ့တာပါ။

​ရန်ကုန်-ပုသိမ် လမ်းမကြီးရဲ့ ဘေးဆိုက်မှာ ကုန်းခေါင်ခေါင်းလေး ခိုနေတဲ့ ကျေးလက်ရွာလေးတစ်ရွာ။ ကျောင်းသူကျောင်းသားတွေအတွက် ပြင်ပကမ္ဘာဆိုတာ တာဝေးလွန်းလှပါတယ်။ သတင်းစာနဲ့ ဂျာနယ်ဆိုတာ ငရုတ်သီး၊ ကြက်သွန်ထုပ်လာတဲ့ အပိုင်းအစလေးတွေကို ပြန့်အောင်ဖြန့်ပြီး လိုက်ဖတ်ရတဲ့ အရပ်။

ရုပ်မြင်သံကြားစက်ဆိုလို့ တရွာလုံးမှာ တစ်လုံးတည်းရှိတဲ့ ထိုခေတ်က၊ သတင်းစကားဆိုတာ လေထဲမှာ လွင့်ပါလာတဲ့ တဆင့်စကားတွေနဲ့တင် ကျေနပ်ခဲ့ကြရတာ။

​အဲဒီရွာကလေးရဲ့ စာသင်ကျောင်းဆီ ရန်ကုန်သူ ဆရာမလေးတစ်ယောက် တာဝန်ကျလို့ ရောက်လာခဲ့တယ်။ တခြားဆရာတွေနဲ့ မတူတာက သူ့မှာ တိုင်းပြည်ရဲ့ ပြင်ပအကြောင်းအရာတွေကို ကလေးတွေရဲ စိတ္တဇနယ်ရုပ်ထဲ ရောင်စုံခြယ်ပေးနိုင်တဲ့ စွမ်းပကား ရှိတယ်။ ဖွံ့ဖြိုးရေးချိန်တွေဆို အေရိုးဗစ် လေ့ကျင့်ခန်းတွေ သင်ပေးတယ်၊ ကျောင်းစာထဲက သင်ခန်းစာတွေကို လက်တွေ့အပြင်မှာ လုပ်ပြခိုင်းတယ်။

​တစ်ရက်မှာတော့ နေ့လည်ထမင်းစားပြီး စာသင်ချိန် စစချင်းမှာပဲ ဆရာမ စာသင်ခန်းထဲကို ခြေလှမ်းသာသာလေးနဲ့ ဝင်လာခဲ့တယ်။ အဲဒီနေ့က စာသင်ချိန် တစ်ချိန်လုံးကို အထင်ကရ လူပုဂ္ဂိုလ်တစ်ယောက်အကြောင်း ရေရွှန်းဝေအောင် ပြောပြသွားခဲ့တာပါ။

တိုင်တန်းနစ် ရုပ်ရှင်ကားကြီးအကြောင်း၊ ထူးခြားဆန်းပြားတဲ့ လူပုဂ္ဂိုလ်တွေနဲ့ ပုံပြင်တွေအကြောင်းကို သူ့စာသင်ချိန်တွေမှာပဲ စိတ်ကူးအမြင်ဆန်းအောင် ပြောပြလေ့ရှိသလိုမျိုးပေါ့။

​အဲဒီနေ့က စာသင်ချိန် ကုန်တဲ့အထိ စကားလမ်းကြောင်း ခင်းခဲ့တာကတော့ ဒေါက်တာဆိုင်မွန်သာ အကြောင်းပါပဲ။ ဒေါက်တာဆိုင်မွန်သာ ဆိုတာ ဘယ်လိုရုပ်သွင်မျိုးလဲ၊ အပြင်မှာ ဖြူသလား မဲသလား ကျနော်တို့ မသိခဲ့ပါ။ အခု စာမူရေးနေတဲ့အချိန်အထိလည်း ဒေါက်တာဆိုင်မွန်သာကို အပြင်မှာ တစ်ကြိမ်မှ မမြင်ဖူးခဲ့ဖူးပါဘူး။

ကျနော့်မှာ အတန်းဖော် သူငယ်ချင်း "စိုင်မွန်သာ" ဆိုတာပဲ ရှိခဲ့တာပါ။ ဆရာမက ဆရာကြီး ဒေါက်တာဆိုင်မွန်သာအကြောင်း ပြောပြနေချိန်မှာ ကျနော်တို့ အတန်းသူအတန်းသားတွေကြားထဲက စိုင်မွန်သာတစ်ယောက် ပါးစပ်ဟပြီး ငေးနားထောင်နေခဲ့တယ်။ ဆိုင်မွန်သာအကြောင်းကို စိုင်မွန်သာက ငေးလို့ နားထောင်နေခဲ့တာပေါ့။

​ပုရွက်ဆိတ်ကစတဲ့ ဖြစ်ရပ်

​အလွန်အင်မတန်မှကို ချောမောလှပတဲ့ အမျိုးသမီးတစ်ဦး ရှိခဲ့ဖူးတယ်။ ဆံပင်အရှည်ကြီးနဲ့ လိုက်ဖက်သူ၊ မိန်းမချင်းတောင် ငေးမောရလောက်တဲ့ အလှအပမျိုးကို ပိုင်ဆိုင်ထားသူတစ်ယောက် ဖြစ်တယ်လို့ ဆရာမက သူ့ပုံပြင်ကို အစချီလိုက်ပါတယ်။

​ရုပ်ရည်၊ ပညာ၊ မိဘကျောထောက်နောက်ခံ အရာရာ ပြည့်စုံလှပါပေတယ်ဆိုတဲ့ အမျိုးသမီးတစ်ဦးရဲ့ ဘဝအချိုးအကွေ့ဟာ သေးငယ်လှတဲ့ ပုရွက်ဆိတ်ကလေးတစ်ကောင်ကနေ စတာပါပဲ။ ပုရွက်ဆိတ်ဟာ အဲဒီအမျိုးသမီးရဲ့ ဦးခေါင်းအထဲကို ဘယ်အချိန်၊ ဘယ်လိုင်းကနေ ရောက်နှင့်နေခဲ့မှန်း မသိခဲ့ရဘူး။ ပုံမှန်အလုပ်တွေကြား မောပန်းလို့ အချိန်ကုန်နေချိန်မှာ ပုရွက်ဆိတ်တွေက သူ့ဦးခေါင်းထဲမှာ တဖြည်းဖြည်းနဲ့ အသိုက်လုပ်လာတယ်၊ အကောင်ပေါက်လာတယ်။ တအုံအုံနဲ့ ပုရွက်ဆိတ်တွေဟာ အကောင်ပေါက်လိုက်၊ အသိုက်လုပ်လိုက်နဲ့ လူတစ်ယောက်ရဲ့ ဦးခေါင်းအထဲမှာ မြေလှန်နေကြတာပါ။

​ဦးခေါင်းက တစ်ချက်တစ်ချက် စူးခနဲ ကိုက်တယ်။ ဆေးမြီးတိုလေးနဲ့ပဲ ပွတ်သပ်လိုက်ကြတာပေါ့။ မခံမရပ်နိုင်အောင် ခေါင်းမကိုက်သေးသရွေ့ သာမန်ဝေဒနာလောက်ပဲလို့ ယူဆခဲ့ကြတာလေ။

ဘဝဆိုတာမျိုးက ဆန်းကြယ်လှတယ်။ တစ်နေ့မှာတော့ ဦးခေါင်းထဲကနေ ခေါင်းခွံကွဲထွက်မတတ် ကိုက်ခဲလာတော့တယ်။ ဦးခေါင်းထဲမှာလည်း အကြိတ်လိုလို အရာမျိုးကို လက်နဲ့စမ်းမိလာတယ်။ အဲဒီအချိန်မှာ ဦးခေါင်းထဲမှာ ပုရွက်ဆိတ်တွေ အကောင်ပေါင်း ဘယ်လောက်အထိ အသိုက်ဖွဲ့ ပေါက်ဖွားနေကြပြီလဲ ဆိုတာတော့ မခန့်မှန်းနိုင်တော့ပါဘူး။ ရောဂါလက္ခဏာက ပြင်းထန်လာတဲ့အတွက် ဆေးခန်းပြတဲ့အဆင့်ကနေ ဦးခေါင်းကို ဓာတ်မှန်ရိုက်ဖို့ ဖြစ်လာပါတော့တယ်။

​ဓာတ်မှန်ထဲက အဖြေကတော့ သူ့ဘဝအချိုးအကွေ့ရဲ့ နိဂုံးဆီ ခေါ်ဆောင်သွားတဲ့ ဒဏ်ရာပါပဲ။ လူတစ်ယောက် အသက်ရှင်ဖို့ ခွင့်ရေးနည်းပါးလှတဲ့ အခြေအနေမျိုးမှာ ဦးခေါင်းကို ခွဲစိတ်ကုသရတော့မှာ ဖြစ်ပါတယ်။

​"ဒီအမျိုးသမီး ဆုံးဖြတ်ချက်ချပြီး ပထမဆုံး ဘာလုပ်ခဲ့တယ်ထင်လဲ"

​ဆရာမက စကားခဏရပ်ပြီး ငြိမ်သက်စွာ နားထောင်နေကြတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို မေးခွန်းထုတ်လိုက်ပါတယ်။ စာသင်ခန်းတစ်ခုလုံး တိတ်ဆိတ်သွားတယ်။ ဘယ်သူမှ ပြန်မဖြေကြပါဘူး။ သူ့မေးခွန်းကို ဆရာမကပဲ သက်ပြင်းတစ်ချက်နဲ့ ပြန်ဖြေခဲ့တယ်။

​"အသက်ဆက်ရှင်ဖို့ အခွင့်အလမ်း နည်းပါးလွန်းလို့ သူ့ရည်းစားဆီကို ဖြတ်စာတစ်စောင် အရင်ဆုံး ရေးလိုက်တာပေါ့"

​ဆရာမပြောပြတဲ့ လေသံအဆုံးမှာ ဟာ... ဟင် ဆိုတဲ့ မင်းမောသံတွေဟာ စာသင်ခန်းထဲ ဟိုတစ်စ ဒီတစ်စ ပျံ့လွင့်သွားကြပါတယ်။ အဲဒီဖြစ်ရပ်ကို ပြောပြခဲ့တဲ့ ဆရာမဟာ လက်ရှိမှာတော့ ကလေးနှစ်ယောက်ရဲ့ မိခင်ဖြစ်နေပါပြီ။ ကျနော်တို့ကို အဲဒီအကြောင်း ပြောပြခဲ့ချိန်တုန်းကတော့ ဆရာမဟာ အပျိုကြီးဂုဏ်ပုဒ်ကို တင့်တယ်စွာ ကိုင်ဆောင်ထားသူပါ။ ဆရာကြီး ဒေါက်တာဆိုင်မွန်သာရဲ့အကြောင်းကိုတော့ ဇာတ်လမ်းရဲ့ အထွတ်အထိပ် ရောက်မှပဲ ထုတ်ဖော်ပြခဲ့တာပါ။

​သမီးရည်းစားနှစ်ဦးရဲ့ ဖြစ်ရပ်ကို ဆွဲဆွဲငင်ငင်၊ စီကာပတ်ကုံးနဲ့ ရသပေါ်အောင် ဆရာမက အချိန်ပေးပြီး ပြောပြခဲ့တာပါ။ လူနှစ်ဦးရဲ့ ချစ်ခြင်းတရား၊ သံယောဇဉ်စကြဝဠာထဲကို သေကွဲဆိုတဲ့ အကြောင်းတရားတစ်ခုက ကြောက်စရာကောင်းအောင် ဝင်ရောက်နှောင့်ယှက်လာတာပေါ့။ ဒီအရာကို အောင်မြင်စွာ ကုသပျောက်ကင်းမှပဲ Happy Ending ဆိုတဲ့ ပျော်ရွှင်ခြင်းနဲ့ ဇာတ်ပေါင်းနိုင်တော့မှာပါ။

​အမျိုးသမီးဆီက ပေးလာတဲ့ ဖြတ်စာကို အမျိုးသားက လုံးဝမသိကျေးကျွန် ပြုလိုက်ပါတယ်။ အမျိုးသမီးမှာတော့ သူ့ရဲ့ နှမြောစရာ ရှည်လျားလှတဲ့ ဆံနွယ်တွေကို ရင်နာနာနဲ့ ရိတ်ပစ်လိုက်ရတယ်။ ဦးခေါင်းပေါ်မှာ ရနံ့သင်းတဲ့ ဆံနွယ်တွေ မရှိတော့ဘူး။

ခွဲစိတ်ကုသရမယ့် ရောဂါကလည်း မြန်မာနိုင်ငံမှာ ပထမဆုံး ခွဲစိတ်ရမယ့် ရှုပ်ထွေးလှတဲ့ ရောဂါအမျိုးအစား ဖြစ်နေပြန်တယ်။ အသက်တစ်ချောင်းလုံးကို ခွဲစိတ်ဆရာဝန်ရဲ့ လက်ချောင်းတွေထက်မှာပဲ ပုံအပ်ထားရတော့မယ့် အခြေအနေပါ။

​ဦးခေါင်းခွဲစိတ်ဖို့ စောင့်ဆိုင်းနေရတဲ့ အမျိုးသမီးရဲ့ ဖြတ်စာထဲက စာသားတွေ၊ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် မျက်ရည်စက်တွေကြား စကားပြောကြတဲ့ အခန်းတွေကိုတော့ အချိန်တွေ ကြာခဲ့ပြီမို့ ကျနော် မမှတ်မိတော့ပါဘူး။ ကလေးမိခင် ဖြစ်နေပြီဖြစ်တဲ့ ဆရာမကိုယ်တိုင်လည်း အဲဒီတုန်းကလို ချစ်ခြင်းမေတ္တာအကြောင်းကို ရင်ထဲထိအောင် ပြန်ပြောပြနိုင်ပါဦးမလားလို့ မသိမသာ တွေးမိပါသေးတယ်။

​ခေါင်းကိုက်ရောဂါကို ပြင်းထန်စွာ ခံစားနေရတဲ့ အမျိုးသမီးဟာ ခွဲစိတ်ခန်းထဲကို ဝင်သွားခဲ့တယ်။ မေ့ဆေးအရှိန်နဲ့ အေးစက်စက် အမှောင်ထုထဲ ရောက်သွားခဲ့ပြီပေါ့။ ခွဲစိတ်ဆရာဝန်ကတော့ စိတ်ကို အတိတ်မရှိ အနာဂတ်မရှိအောင် တည်ငြိမ်အောင် ထားရတယ်။ တစ်ချက်ကလေးမှ စကယ်တည်း ချွတ်ချော်တိမ်းစောင်းလို့ မရဘူးလေ။ သူ့ရဲ့ လက်တစ်ဖျား လုပ်ဆောင်ချက် လွဲချော်တာနဲ့ လူနာရဲ့ အသက်ဓာတ်ဟာ လေထဲ လွင့်ပါသွားတော့မှာ။

​ဒီခွဲစိတ်မှုကို ဆရာကြီး ဒေါက်တာဆိုင်မွန်သာက တာဝန်ယူခဲ့တာပါ။ ဦးခေါင်းထဲမှာ ဒုက္ခပေးနေတဲ့ ပုရွက်ဆိတ်အုံကို ဖယ်ထုတ်ရမယ်၊ အသက်ရှူနှုန်းနဲ့အပြိုင် ငြိမ်နေတဲ့ အကြောတစ်ချောင်းချင်းစီကို သူ့နေရာသူ ပြန်ချပေးရမယ်။

​အဲဒီအချိန်က ကွန်ပျူတာစနစ် စတင်ထွန်းကားစအချိန်လည်း ဖြစ်ပုံရပါတယ်။ ဆံချည်မျှင်ထက် သေးငယ်လှတဲ့ သွေးကြောမျှင်တွေကို နေရာရွှေ့၊ နေရာပြန်ချရတဲ့ ခက်ခဲလွန်းလှတဲ့ အနုပညာဆန်ဆန် ခွဲစိတ်မှုကြီးကို ခွဲစိတ်ဆရာဝန် မဟုတ်တဲ့ ကျောင်းဆရာမလေးတစ်ယောက်က ကျောင်းသား၊ ကျောင်းသူတွေကို အသေးစိတ် ပန်းချီဆွဲပြနေခဲ့တာပါ။

​ကျနော်တို့အားလုံး ဆရာမရဲ့ စကားရည်စီးကြောင်းနောက်ကို အသက်ရှူဖို့ပင် မေ့လျော့ပြီး လိုက်ပါစီးမျောသွားကြတယ်။ နောက်ဆုံးမှာတော့ ဆရာကြီး ဒေါက်တာဆိုင်မွန်သာရဲ့ ခွဲစိတ်မှုဟာ အောင်မြင်စွာ ပြီးဆုံးသွားခဲ့တယ်လို့ ဆရာမက ပြောပြပါတယ်။ ဒါပေမဲ့ ကျနော်တို့ ကျောင်းသူ၊ ကျောင်းသားတွေ လက်ခုပ်မတီးနိုင်သေးဘဲ အငိုင်သား ငြိမ်နေကြတုန်းပါ။

​"ဆရာကြီး ဒေါက်တာဆိုင်မွန်သာဟာ မြန်မာနိုင်ငံမှာ လူတစ်ယောက်ရဲ့ ဦးခေါင်းအရေပြားထဲက အကြောတွေကို ပထမဆုံး ခွဲစိတ်အောင်မြင်ခဲ့သူတစ်ယောက်ပါ" လို့ ဆရာမက ဆက်ပြောပါတယ်။ ကျနော်တို့ ငြိမ်ပြီး နားထောင်နေကြတုန်းပဲ။

​"နောက်ဆုံးတော့ ခွဲစိတ်မှု အောင်မြင်သွားတဲ့ အမျိုးသမီးနဲ့ သူ့ရည်းစားတို့ မကွဲမကွာဘဲ ပျော်ရွှင်စွာ ဇာတ်ပေါင်းသွားကြတယ်" လို့ ဆရာမက ပြုံးပြီး ပြောလိုက်တော့မှ လက်ခုပ်သံတွေဟာ တစ်ခန်းလုံး ကျိုင်ကျိုင်ရိုက်အောင် ဆူညံသွားပါတော့တယ်။

​ကရင်ငြိမ်းချမ်းရေး အကျိုးဆောင်၊ ဦးနှောက်နဲ့ အာရုံကြောခွဲစိတ် အထူးကု ဆရာဝန်ကြီး ဒေါက်တာစောဆိုင်မွန်သာဟာ အသက် ၈၃ နှစ်အရွယ်မှာ ငြိမ်းချမ်းစွာ ကွယ်လွန်သွားခဲ့ပါပြီ။

တစ်ချိန်တခါက ကျေးလက်တောရွာလေးတစ်ခု၏ စာသင်ကျောင်းလေးမှာ သူ့အကြောင်း ဆရာမတစ်ယောက် ပြောပြခဲ့ဖူးတဲ့ မေ့မရနိုင်သော စာသင်ချိန်လေးကို အမှတ်ရစရာ ရင်ထဲမှ အလှတရားအဖြစ် ပြန်လည်ရေးသားလိုက်ရခြင်း ဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar