Breaking News

ဆေးခန်း၊ ဆေးရုံပြခနဲ့ ဘာသာရေးနဲ့ ယုံကြည်မှုကို အခြေခံတဲ့ ပျောက်စေဆေးကုသမှု

 

မြန်မာနွေဦးခရိုနီကယ် - အောက်တိုဘာ ၁၃ မြင်ကွင်း

(မိုးမခ) ၊ အောက်တိုဘာ ၁၄ ၊ ၂၀၂၆  

 

ဆေးခန်း၊ ဆေးရုံပြခနဲ့ ဘာသာရေးနဲ့ ယုံကြည်မှုကို အခြေခံတဲ့ ပျောက်စေဆေးကုသမှု

ခုရက်ပိုင်း ကျန်းမာရေးနဲ့ပတ်သက်တဲ့ သတင်းထဲက သတင်းတပုဒ်ကတော့ ရန်ကုန်မြို့ မြောက်ဒဂုံ ၄၂ ရပ်ကွက်က ဘုန်းတော်ကြီး ကျောင်းတကျောင်းမှာ အခမဲ့ဆေးကုပေးနေတယ်ဆိုတဲ့ ပရဟိတဆရာလေး နေလင်းအောင် ရဲ့ ဆေးကုသမှုတွေကို ရပ်နားထားဖို့ စစ်အစိုးရအောက်က ကျန်းမာရေးနဲ့ အုပ်ချုပ်ရေးအာဏာပိုင်တွေက တားမြစ်လိုက်တယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။

မြောက်ဒဂုံ ၄၂ ရပ်ကွက်က မဟာဂန္ဓာရုံကျောင်းမှာ အခမဲ့ ဆေးကုသပေးတယ်ဆိုတဲ့ ပရဟိတဆရာလေး နေလင်းအောင်က လူနာအချို့ကို ဒူးခေါင်းနဲ့ တိုက်ပြီး ပျောက်စေကုသတဲ့ ဗီဒီယိုအချို့ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာပြီး ရက်သီတင်းပတ် အနည်းငယ်အကြာမှာ အခုလို ကျန်းမာရေးဌာနနဲ့ အုပ်ချုပ်ရေးအာဏာပိုင်တွေက တားမြစ်တာတွေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

ဒီအခမဲ့ ဆေးကုသခန်း ဖွင့်လှစ်ထားတာ နှစ်နဲ့ချီ ကြာမြင့်နေပြီဖြစ်ပေမဲ့ လူမှုကွန်ရက်ပေါ်က ဝေဖန်ပြောဆိုမှုတွေ ပေါ်ထွက်လာပြီးနောက် ရက်အနည်းငယ်အကြာမှာ အရေးယူတာတွေ ပိတ်သိမ်းခိုင်းတာတွေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ ဆီမန်းလို့ အများက ခေါ်ဆိုကြတဲ့ လိမ်းဆေးနဲ့ ကုသတာဖြစ်ပြီး အရိုး၊ အကြောနဲ့ အခြားသော ရောဂါတွေကို ဝိဇ္ဇာဓရနည်းနဲ့ ကုတာလို့ ဆေးကုသသူက အင်တာဗျူးတခုမှာ ပြောကြားဖူးကြောင်း သတင်းမီဒီယာတွေမှာ ဖော်ပြထားတာပါ။

တရက် တရက်ကို လာရောက် ကုသသူ ရာဂဏန်းကနေ ထောင်ဂဏန်းအထိ ရှိနေပြီး ဘုန်းတော်ကြီးကျောင်းရဲ့ အမိုးအကာအောက်မှာ လူရာနဲ့ချီ တန်းစီပြီး ကုသမှုခံယူဖို့ စောင့်ဆိုင်းနေကြတဲ့ မြင်ကွင်း ဆေးကုသသူ ဦးနေလင်းအောင်က မိုက်ကရိုဖုန်းနဲ့ မေးမြန်းရင်း ရောဂါရှိတဲ့ ကိုယ်ခန္ဓာနေရာကို လက်ဝါးနဲ့ ပွတ်သပ်တာ၊ ခန္ဓာကိုယ် အချို့နေရာကို ဒူးနဲ့ တိုက်တာတွေကို လူမှုကွန်ရက်ပေါ်က ဗီဒီယိုတွေမှာ တွေ့ကြရပါတယ်။

ဆေးကုသမှုအတွက် ဘယ်ရွေ့ဘယ်မျှ ငွေကြေးကောက်ခံတာ မရှိဘဲ စေတနာရှိသရွေ့ အလှူငွေထည့်ဝင်တာကိုသာ လက်ခံတဲ့သဘော ဖြစ်ပါတယ်။ ဆေးကုသမှုခံဖို့ လာရောက်သူတွေကို နေ့စဥ် အခမဲ့ကျွေးမွေးတာတွေလည်း ရှိနေတာဖြစ်ပါတယ်။ နယ်က လာရောက်သူတွေအတွက် ဘုန်းတော်ကြီးကျောင်းမှာ အခမဲ့တည်းခိုနိုင်တယ်လို့ ဆိုပါတယ်။ အခန်းနဲ့ လုံလုံခြုံခြုံ တည်းခိုနေရာမျိုးထက် ခုံတန်းလျားလိုမျိုးမှာ တည်းခိုဖို့ နေရာပေးထားတာမျိုးဖြစ်တယ်လို့ သွားရောက်ကုသခံဖူးသူ တဦးက ဆိုပါတယ်။ အနီးအနားက သီလရှင်ကျောင်းတကျောင်းမှာ တညကို အလှူငွေ ၃/၄ ထောင်ထည့်ဝင်ပြီး ပန်ကာနဲ့ ခြင်ထောင်နဲ့ တည်းခိုနိုင်တဲ့နေရာလည်း ရှိတယ်လို့ ဆိုပါတယ်။

ပရဟိတ ဆရာလေးလို့ ဆေးကုသခံယူဖို့သွားရောက်သူတွေနဲ့ မြောက်ဒဂုံက နေထိုင်သူအချို့ က ခေါ်ဝေါ်ကြတဲ့ ဦးနေလင်းအောင်ရဲ့ အခမဲ့ ဆေးကုသမှုဟာ ဒီနေ့ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ ဆေးကုသမှုအတွက် ကုန်ကျစရိတ် မတတ်နိုင်တာကြောင့် ယုံကြည်မှုနဲ့ ဘာသာရေး အငွေ့အသက်တွေ ရောစွက်နေတဲ့ ပျောက်စေဆေးကုခန်းလိုမျိုးကို လာရောက်ကြရတာ ဖြစ်ပါတယ်။

အခုလို ဖြစ်စဥ်ကို ဝေဖန်ကြရာမှာ ဆေးရုံဆေးခန်းမှာ ဘာလို့ ကုသတာ မလုပ်ကြတာလဲ၊ ဆီမန်းလိုမျိုး၊ ပျောက်စေ ကုသနည်းတွေနဲ့ ကုသတဲ့နေရာကို ဘာကြောင့်သွားကြတာလဲ။ ကျန်းမာရေး အသိ၊ ဗဟုသုတ နည်းပါးတယ်ဆိုတဲ့ အပြစ်တင်မှုတွေ လူမှုကွန်ရက်ပေါ်မှာ အများအပြား တွေ့နေကြရပါတယ်။ ပုဂ္ဂလိက ဆေးရုံ ဆေးခန်းလိုမျိုးမှာ ကုသမှုခံယူတဲ့အခါ အထူးကုဆရာဝန် တဦးအနေနဲ့ စမ်းသပ်ခ ၂သောင်းကနေ ၂၆၀၀၀ လောက်အထိကျသင့်သလို လက်ခံဝန်ဆောင်မှုပေးတဲ့ ဆေးရုံတွေအနေနဲ့ ဝန်ဆောင်ခ ၂၀၀၀၀ နဲ့ ၂၅၀၀၀ ကြား ယူကြတာကြောင့် ဆေးမဝယ်ရသေးခင်မှာပဲ ၅ သောင်းကျပ်လောက် ကျသင့်တဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

ဆေးဝယ်ယူတာနဲ့ဆို ဆေးရုံ၊ ဆေးခန်း တခါပြရင် အနည်းဆုံး ၇ သောင်းကနေ တသိန်းကျော်အထိ ကျသင့်မှာဖြစ်ပါတယ်။ ဒါက ဆီးစစ်၊ သွေးစစ်၊ ဓာတ်မှန်၊ အာထရာဆောင်း၊ စကင် စတာတွေ မလုပ်ရတဲ့အနေအထားမျိုးရဲ့ ကုန်ကျစရိတ်ဖြစ်ပြီး စစ်ဆေးမှုတွေ လုပ်ရတဲ့အခါ အဲဒီစရိတ်တွေက သောင်းဂဏန်းကနေ သိန်းဂဏန်းကျော် ထပ်မံကျသင့်ဦးမှာ ဖြစ်ပါတယ်။ ရန်ကုန်၊ မန္တလေး တို့လို မြို့ကြီးတွေက ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းတွေမှာ သွေးစစ်တာ၊ ဓာတ်မှန်ရိုက်တာတွေ လုပ်ရတဲ့အခါ ၂ သိန်းဝန်းကျင်အထိ ကျသင့်တယ်လို့ ဆေးရုံ၊ ဆေးခန်းမှာ ကုသမှုခံယူနေကျ မြို့ခံတဦးက လူမှုကွန်ရက်မှာမှတ်ချက်ပေးထားတာ တွေ့ရပါတယ်။ ဆေးရုံတက်ရတာ ခွဲစိတ်မှုလုပ်ရတာမျိုး ဆိုခဲ့ရင် ၅ ရက်စာအတွက် စပေါ်ငွေ သိန်း ၃၀ ခန့်တင်ရတယ်လို့လည်း ဆိုပါတယ်။

ဒီလို ငွေကြေးပမာဏတွေဟာ နေ့လုပ်နေ့စား သို့မဟုတ် ပင်စင်စား၊ အလုပ်မလုပ်နိုင်တော့တဲ့ သက်ကြီးရွယ်အို အငြိမ်းစားတွေ အနေနဲ့ လက်လှမ်းမမီတဲ့ပမာဏ ဖြစ်ပါတယ်။ နေ့စဥ် စားရေး၊ နေရေးအတွက် အလျင်မီအောင် မနည်းကြိုးစားနေရသူတွေအနေနဲ့ အထက်က ပုဂ္ဂလိက ဆေးခန်း၊ ဆေးရုံတွေရဲ့  ကုန်ကျစရိတ်တွေကို အကုန်အကျခံနိုင်တဲ့ အခြေအနေမရှိတာပါ။

အစိုးရဆေးရုံတွေ သွားဖို့ ဆိုရင်လည်း ပုဂ္ဂလိက ဆေးရုံတွေလို ဆရာဝန်တွေ ကျန်းမာရေးဝန်ထမ်းတွေအတွက် ကုန်ကျစရိတ် မရှိသည့်တိုင် လိုအပ်တဲ့ ဆေးဝါးကို လူနာက ဝယ်ပေးရတာကြောင့် ကုန်ကျစရိတ်အတိုင်းအတာ တခုထိ ရှိနေတာ ဖြစ်ပါတယ်။

ဒီလို အခြေအနေတွေကြောင့် ဝင်ငွေနည်းပါးသူနဲ့ ဆေးကုသစရိတ် မတတ်နိုင်တဲ့ လူနာတွေအဖို့ အခုလို ပျောက်စေ၊ ပရဟိတ ဆေးခန်းလိုမျိုးက ကယ်တင်ရှင်သဖွယ် မှတ်ယူကြတာ ဖြစ်ပါတယ်။ တဖက်မှာ ရုပ်ပိုင်းဆိုင်ရာ ရောဂါဝေဒနာခံစားရတာအပြင် အခြားတဖက်မှာ စီးပွားရေးဝေဒနာလည်း ခံစားနေကြရတာကြောင့် ဆေးပညာ အမြင်တခုတည်းက ကြည့်ကာ ပျောက်စေဆေးကုသမှုတွေကို ပစ်ပစ်ခါခါ ဝေဖန်ရှုတ်ချပြီး ကုသမှု ခံယူသူတွေကိုလည်း ဗဟုသုတနည်းပါးသူတွေအဖြစ် သတ်မှတ်ပြောဆိုတာက ကိုယ်ချင်းစာတရား နည်းပါးရာရောက်သလို ဒီနေ့ခေတ်ရဲ့ လူမှုစီးပွားရေး ရောဂါကို နားမလည်ရာကျပါတယ်။

အများပြည်သူ ကျန်းမာရေးစောင့်ရှောက်တဲ့စနစ် ပျက်စီးနေတဲ့ နိုင်ငံမှာ လူမှုအဖွဲ့အစည်းရဲ့ အောက်ဆုံးအလွှာမှာ နေကြရသူတွေအဖို့ ကွမ်းယာဆိုင် စပ်ဆေး၊ ပျောက်စေဆရာ၊ ဆေးမြီးတို စတဲ့ စနစ်တွေနဲ့ အသက်သေဆုံးလုနီးရောဂါ၊ သာမန်ဆေးခန်းတွေက လက်မခံတဲ့ ရောဂါ၊ နောက်ဆုံးအခြေအနေတွေမှာသာ ပြည်သူ့ဆေးရုံလိုမျိုးကို တက်ရောက်ရတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။

စစ်အာဏာမသိမ်းခင်ကတည်းက မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်က ဖွံ့ဖြိုးဆဲ အိမ်နီးချင်းနိုင်ငံတွေနဲ့တောင် နှိုင်းယှဥ်လို့ မရတဲ့ အနေအထားမှာ စစ်အာဏာသိမ်းပြီးနောက် ကျန်းမာရေးဝန်ထမ်း ထောင်သောင်းနဲ့ချီ CDM လှုပ်ရှားမှုတွေထဲ ပါဝင်ခဲ့ကြသလို ကျန်းမာရေး အသုံးစရိတ်တွေ သိသာစွာလျှော့ချခံရတဲ့ အခြေအနေတွေကြောင့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု ပျက်စီးနေတာ အားလုံးအသိ ဖြစ်ပါတယ်။

ဒီလို နောက်ခံအနေအထားမှာ ငွေကြေးမတတ်နိုင်တဲ့ ရောဂါဝေဒနာသည်တွေအဖို့ ပျောက်စေဆရာ ဖြစ်စေ၊ ဆေးမြီးတိုဖြစ်စေ ကောက်ရိုးတပင်ကိုလည်း အသက်ရှင်လိုရှင်ငြား ဆွဲမိတဲ့ ရေနစ်သူနဲ့ အလားသဏ္ဌာန်တူနေတဲ့ ဘဝတွေကို စာနာ နားလည်တတ်ဖို့လည်း အရေးကြီးတယ်လို့ ဆိုလိုချင်တာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar