Breaking News

ပြည်တွင်းစစ်နဲ့ ကုန်ပစ္စည်းစျေးနှုန်းတွေနဲ့ လူထုရဲ့ ခံနိုင်ရည်စွမ်း

 

မြန်မာနွေဦးခရိုနီကယ် - အောက်တိုဘာ ၁၂ မြင်ကွင်း

(မိုးမခ) ၊ အောက်တိုဘာ ၁၃ ၊ ၂၀၂၆  

 

ပြည်တွင်းစစ်နဲ့ ကုန်ပစ္စည်းစျေးနှုန်းတွေနဲ့ လူထုရဲ့ ခံနိုင်ရည်စွမ်း

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်နိုင်ငံ နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့မှ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းအစပ် နောင်ချိုမြို့ထိ တရုတ်နိုင်ငံထုတ် လူသုံးကုန်ပစ္စည်းတွေကို စစ်ဆေးရေးဂိတ်တွေမှာ ပေးဆောင်ရတဲ့ ငွေကြေးအပါ ကားခအနေနဲ့ ကုန်တတန်ကို ကျပ် သိန်း၁၀၀ ပေးငှားကြရတဲ့အကြောင်း Burma Voice ဆိုတဲ့ Facebook သတင်းပေ့ချ်တခုက ဖော်ပြထားပါတယ်။

သတင်းဖော်ပြချက်အရ ကုန်ပစ္စည်း ၁၅ တန် တင်ဆောင်တဲ့ ကားတစီးအနေနဲ့ မူဆယ်မြို့နယ် ကျင်စန်းကျော့ဂိတ်မှ စပြီးပေးဆောင်ကြရာမှာ MNDAA ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့၊ SSPP/SSA ရှမ်းလက်နက်ကိုင်တပ်ဖွဲ့၊ TNLA ပလောင်လက်နက်ကိုင်တပ်ဖွဲ့ နဲ့ အာဏသိမ်းစစ်တပ်တို့ကို အဆင့်ဆင့်သော စစ်ဆေးရေးဂိတ်တွေမှာ အနည်းဆုံး ကျပ် ၃ သောင်း၊ ၅ သောင်းကနေ အများဆုံး သိန်းရာဂဏန်းအထိ ပေးဆောင်ကြရတာလို့ ဆိုပါတယ်။ ဒါ့အပြင် ကတ္တရာလမ်း မဟုတ်တဲ့ မြေသားလမ်းတွေမှာ ကားတွေ ဗွက်နစ်တာကြောင့် မြေထိုးစက်တွေနဲ့ ဆွဲကြရပြီး မြေထိုးစက်ဆွဲခတွေမှာလည်း သိန်း ၅၀ ခန့်အထိ ကုန်ကျတယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

တရုတ်နိုင်ငံက တင်သွင်းလာတဲ့ ကုန်ပစ္စည်း တကီလိုအပေါ်မှာ ကျပ် ၁ သောင်းကျသင့်တဲ့ သဘောဖြစ်ပြီး လူသုံးကုန်ပစ္စည်းနဲ့ ဆေးဝါး၊ အဝတ်အထည်၊ လျှပ်စစ်ပစ္စည်း စသဖြင့် မြန်မာနိုင်ငံတွင်းမှာ သုံးစွဲသူတွေ အနေနဲ့ ပစ္စည်းရဲ့ နယ်စပ်မှာ ဝယ်ယူတဲ့ တန်ဖိုးထက် အဆနဲ့ချီတဲ့ ကုန်ကျစရိတ်တွေက ပစ္စည်းဈေးနှုန်းတွေကို မြင့်တက်စေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၆ လ၊ ၁ နှစ်အတွင်း အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ ထိုင်းတို့က တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေကို ဖမ်းဆီးတာ၊ တင်သွင်းခွင့်လိုင်စင်တွေ တင်းကျပ်လိုက်တာတွေကြောင့် ပြည်တွင်းမှာ နေ့စဥ် သုံးစွဲနေကြရတဲ့ စားသောက်ကုန်တွေနဲ့ ဆပ်ပြာ၊ သွားတိုက်ဆေး၊ ဆေးဝါးလို မရှိမဖြစ် ကုန်ပစ္စည်းဈေးနှုန်းတွေ မတန်တဆ ဈေးနှုန်းတွေ ဖြစ်လာနေတာပါ။ စားအုန်းဆီ ၁ ပိသာ ကျပ် ၂ သောင်းကျော် ယခင်နှစ်ထက် ၂ ဆကျော်ကနေ ၃ ဆအထိ ဖြစ်လာသလို၊ ပန်းကန်ဆေး အိုးဆေးရာမှာ သုံးတဲ့ရေမြှုပ် တခုကို ကျပ် ၁ သောင်းအထိ ဖြစ်လာနေတာက အံ့အားသင့်စရာနဲ့ ဝင်ငွေနည်းပါးသူတွေအဖို့ ထိတ်လန့်စရာ ဈေးနှုန်းတွေ ဖြစ်လာနေတာပါ။

ထိုင်းနိုင်ငံက တင်သွင်းလာတဲ့ တင်သွင်းခွင့် ပါမစ်မရ၊ အခွန်မဆောင်ထားတဲ့ ထိုင်းကုန်ပစ္စည်းတွေကို မြဝတီကနေ ရန်ကုန်အရောက် ၁ တန် နှုန်းထားကလည်း သိန်း ၁၄၀ လောက်ရှိတယ်လို့ လွန်ခဲ့တဲ့ လပိုင်းတွေအတွင်း ကြားသိရတဲ့ သတင်းအချက်အလက်တွေ အရ သိရပါတယ်။

လျှပ်စစ်မီးမမှန်၊ ကုန်ကြမ်းတင်သွင်းမှုမှာလည်း အခက်အခဲတွေ အများအပြားရှိနေပြီး အချို့လူသုံးကုန်ပစ္စည်းတွေကို ပြည်တွင်းမှာ ထုတ်လုပ်တာထက် ဝယ်ယူတင်သွင်းတဲ့ ဈေးနှုန်းက သိသာစွာ သက်သာတဲ့ အနေအထားမှာ ပြည်တွင်းထုတ်လုပ်မှု ဖူလုံဖို့ မူဝါဒဟာ ဘယ်လိုမှ အကျိုးမများတဲ့ မူဝါဒတခု ဖြစ်နေတာပါ။

အီရန်-အမေရိကန် စစ်ပွဲဖြစ်ပြီးနောက်မှာ စစ်အစိုးရက လောင်စာဆီ တင်သွင်းမှုပမာဏ ကန့်သတ်လိုက်တာကြောင့်ရော ကျပ်ငွေတန်ဖိုးအတိုင်းအတာတခုထိ ကျလာတာတွေက သယ်ယူပို့ဆောင်စရိတ်၊ ခရီးသွားစရိတ်တွေကို သိသာစွာ မြင့်တက်လာစေတာ ဖြစ်ပါတယ်။ ခုလက်ရှိ အချိန်မှာ တနေ့ လုပ်အားခ ၄/၅ သောင်းရဖို့ မလွယ်ကူတဲ့ အခြေအနေမှာ ရန်ကုန်မြို့တွင်း တက်စီစျေးနှုန်းတွေက ၂ သောင်း ၃ သောင်းကနေ ၄/၅ သောင်းအထိ ရှိလာနေတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့၊ မန္တလေးမြို့လို အချို့သော ကုန်စည်တွေ လွတ်လွတ်လပ်လပ် ရောင်းဝယ်နိုင်တဲ့ မြို့တွေမှာ အထက်က ဖော်ပြတဲ့ ကုန်ဈေးနှုန်းတွေ ဖြစ်နေတာကို ကြည့်ရင်၊ မြန်မာနိုင်ငံထဲက ကချင်၊ ချင်း၊ ရှမ်း၊ စစ်ကိုင်းနဲ့ ရခိုင်တို့လို ပိတ်ဆို့ခံထားရတဲ့ ဒေသမှာ နေထိုင်နေကြသူတွေ အနေနဲ့ နယ်မြေ သယ်ဆောင်ရာ လမ်းတလျှောက်မှာ ပေးဆောင်ရတဲ့ ဂိတ်ကြေးတွေနဲ့ အခွန်အကောက်တွေကို ဖြတ်ကျော်ပြီး ရောက်လာတဲ့ ကုန်စည်ဈေးနှုန်းတွေက ဘယ်လောက် မြင့်မားနေမလဲ ဆိုတာမှန်းဆ ကြည့်နိုင်ပါတယ်။ မြစ်ကြီးနားမြို့မှာ ဆန်တအိတ်ကို ရန်ကုန်မြို့၊ မန္တလေးမြို့တွေထက် သိသာစွာမြင့်မားတဲ့ ဈေးနဲ့ ဝယ်စားနေကြရသလို ပိတ်ဆို့ခံထားရတဲ့ ရခိုင်ပြည်နယ်မှာ နေထိုင်သူတွေအဖို့ ဆန်၊ လောင်စာဆီ၊ ဆေးဝါးတွေကို ဘယ်လောက်ထိ ဈေးကြီးပေးဝယ်ကြရမလဲ ဆိုတာ မှန်းဆကြည့်ရုံနဲ့တင် သိနိုင်ပါတယ်။

အခုလို ကုန်ပစ္စည်းတွေ မတန်တဆ ဈေးနှုန်းတွေ ဖြစ်လာစေတဲ့ အဓိက အကြောင်းအချက်တွေကို ဆန်းစစ်ကြည့်တဲ့အခါ—

၁။ စစ်အစိုးရရဲ့ မှားယွင်းတဲ့သွင်းကုန်စီးပွားရေးမူဝါဒ

၂။ စစ်ပွဲတွေတိုက်ခိုက်နိုင်ဖို့ စစ်ကုန်ကျစရိတ်အတွက် ကုန်စည်သယ်ယူမှုနဲ့ တင်သွင်းမှုဆီကနေ ကောက်ခံနေကြတဲ့အချက်

၃။ လုံခြုံရေး အခြေအနေနဲ့ ခန့်မှန်းတွက်ဆလို့မရတဲ့ စည်းမျဥ်းစည်းကမ်းတွေကြောင့် ဆုံးရှုံးနိုင်ခြေ မြင့်မားတဲ့ အပေါ် အမြတ်ရာနှုန်းပိုပြီး ပေါင်းထည့်ထားကြရတဲ့ အချက်တွေ ဆိုတာ တွေ့ကြရမှာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ် အနေနဲ့ စစ်အသုံးစရိတ်တွေကို ရှာဖွေရာမှာ ပြည်တွင်းသုံးငွေနဲ့ နိုင်ငံခြားငွေ ၂ မျိုးလိုအပ်တဲ့နေရာမှာ ပြည်တွင်းသုံးငွေအတွက် မြို့ကြီးတွေက ကောက်ခံရရှိတဲ့ အခွန်အကောက်၊ ကုန်သွယ်မှုတွေက ရရှိတဲ့အခွန်အကောက်နဲ့ ငွေစက္ကူရိုက်နှိပ်တဲ့ နည်းလမ်းတွေကနေ ရရှိတာဖြစ်ပြီး နိုင်ငံခြားငွေနဲ့ ဝယ်ယူရမဲ့ စစ်ပစ္စည်းလက်နက်တွေအတွက် သယံဇာတ ရောင်းချရာက ရရှိတဲ့ နိုင်ငံခြားငွေ၊ ပြည်ပတင်ပို့မှုတွေက ရာနှုန်းသတ်မှတ်ချက်တခုကို ပြင်ပပေါက်ဈေးထက် နိမ့်တဲ့ မြန်မာကျပ် လဲနှုန်းက ရရှိတာ၊ ပြည်ပမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ မိသားစုလွှဲငွေနဲ့ ဝင်ငွေခွန်ကနေ ရရှိတာ ဖြစ်ပါတယ်။

ဒါတွေက တရားဝင် စီးပွားရေးလုပ်ငန်းလို လမ်းကြောင်းတွေက ရတဲ့ငွေတွေ ဖြစ်ပြီး မူးယစ်ဆေးဝါး၊ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေလို တရားမဝင်လုပ်ငန်း၊ ရာဇဝတ်လုပ်ငန်းတွေက ဝင်ငွေတွေက တရားမဝင် နည်းလမ်းတွေနဲ့ လက်နက်ကိုင် အဖွဲ့တွေနဲ့ အာဏာပိုင် အဖွဲ့အစည်းတွေဆီ စီးဝင်တဲ့ ငွေကြေးပမာဏတွေ ဘယ်လောက်ရှိလဲ ဆိုတဲ့ အချက်အပေါ် ဘယ်သူ့မှာမှ တိကျတဲ့ ကိန်းဂဏန်း မရှိပါဘူး။

တဖက်မှာ အာဏသိမ်းစစ်တပ်ကို တိုက်ခိုက်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ NUG/PDF တပ်တွေ၊ LPDF လို့ခေါ်တဲ့ ဒေသအလိုက် ဖွဲ့စည်းလှုပ်ရှားနေကြတဲ့ တော်လှန်ရေး လက်နက်ကိုင်တပ်တွေအနေနဲ့လည်း စစ်အသုံးစရိတ်တွေအတွက် သယံဇာတ ထုတ်ယူမှုကရတဲ့ အခွန်အကောက်နဲ့ ကုန်သွယ်မှုတွေကို ကောက်ခံတဲ့ အခွန်အကောက်တွေအပေါ်  မှီခိုနေကြတာ ဖြစ်ပါတယ်။

အချို့သော လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့တော့ အွန်လိုင်းလိမ်လည်မှု၊ ကျားဖြန့်လုပ်ငန်းတွေကို အကာအကွယ်ပေးတာ၊ မူးယစ်ဆေးဝါး ထုတ်လုပ်၊ ကုန်သွယ်မှုတွေကို အခွန်ကောက်ခံတာ စတဲ့နည်းနဲ့ ရန်ပုံငွေ ဖြည့်ဆည်းနေကြတာ ဖြစ်ပါတယ်။

အခုလို လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးအနေနဲ့ သယံဇာတဝင်ငွေ၊ ကုန်သွယ်မှု အခွန်အကောက်တွေနဲ့ ပြည်တွင်းစစ်ပွဲအတွက် လိုအပ်တဲ့ ရန်ပုံငွေတွေကို ဖြည့်ဆည်းနေကြတာနဲ့အမျှ ပြည်သူလူထုက ပေးဆောင်ရတဲ့ ငွေကြေးပမာဏဟာ တနှစ်ထက်တနှစ် မြင့်တက်လာနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ပြည်သူလူထုတွေအဖို့ ပြည်တွင်းစစ် အကျိုးဆက်ကြောင့် တဖက်မှာ နေအိမ်၊ ကျေးရွာ၊ မြို့တွေကို စွန့်ခွာကာ လက်နက်ကိုင်တိုက်ပွဲနဲ့ လွတ်ကင်းတဲ့ မြို့၊ ရွာတွေမှာ နှစ်နဲ့ချီ တိမ်းရှောင်သူတွေ တိမ်းရှောင်နေကြရချိန်၊ လက်နက်ကိုင် တိုက်ပွဲမဖြစ်သေးတဲ့ မြို့ရွာတွေမှာလည်း အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ တစတစ ထိခိုက်လျော့ကျလာနေချိန်မှာ ကုန်ဈေးနှုန်းတွေ မြင့်မားတဲ့ ဒဏ်ကို ခါးစည်းခံနေကြရတာ ဖြစ်ပါတယ်။

လက်ရှိ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ် နောက်ထပ် ၃ နှစ်ကနေ ၅ နှစ်အထိ ကြာမြင့်လာခဲ့ရင် ပြည်သူလူထုအနေနဲ့ ဘယ်လို ရှင်သန်နေထိုင်ကြမလဲ ဆိုတဲ့ မှန်းဆ တွက်ချက်ကြည့်တဲ့အခါ သဘာဝပတ်ဝန်းကျင် သယံဇာတ အရင်းအမြစ်တွေ ပြုန်းတီးပျက်စီးမှု များလာမှာ၊ ပြည်သူလူထုအနေနဲ့ လက်ရှိ လုပ်ကိုင်နေတဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ပိုပြီးထိခိုက်လာမဲ့ အခြေအနေမျိုးနဲ့လည်း ကြုံတွေ့ရမဲ့ အလားအလာတွေသာ မြင်တွေ့နေရတဲ့ အနေအထား ဖြစ်ပါတယ်။


 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar