ဖားကန့် စုပေါင်းရုံး ဒရုန်းတိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး၊ ဒီပဲယင်းမြို့နယ်ထဲမှာ တော်လှန်ရေး လက်နက်ကိုင် အချင်းချင်း ပစ်သတ်ပြီး ငွေနဲ့ လက်နက်ယူဆောင်
မြန်မာနွေဦးခရိုနီကယ် - အောက်တိုဘာ ၇ မြင်ကွင်း
(မိုးမခ) ၊ အောက်တိုဘာ ၈ ၊ ၂၀၂၆
ဖားကန့် စုပေါင်းရုံး ဒရုန်းတိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး၊ ဒီပဲယင်းမြို့နယ်ထဲမှာ တော်လှန်ရေး လက်နက်ကိုင် အချင်းချင်း ပစ်သတ်ပြီး ငွေနဲ့ လက်နက်ယူဆောင်
ကချင်ပြည်နယ် ဖားကန့်မြို့က စုပေါင်းရုံးမှာ ကာမိုင်း-နန့်ယား-ဖားကန့် ကားလမ်းပြုပြင်ဖို့ အစည်းအဝေး ကျင်းပချိန် KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရာမှာ အစည်းအဝေး တက်ရောက်လာတဲ့ ကချင်အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ KNDPC တာဝန်ခံ ဦးဇော်အောင်နဲ့ ဈေးသည်တဦး ပေါက်ကွဲမှု ထိမှန်သေဆုံးခဲ့ကြောင်း သတင်းတွေမှာ ဖော်ပြထားကြတာ တွေ့ရပါတယ်။
အောက်တိုဘာ ၇ ရက်နေ့မှာ ဖားကန့်မြို့နယ် စုပေါင်းရုံးမှာ ကာမိုင်း-နန့်ယား-ဖားကန့် ကားလမ်း ဆိုးဆိုးရွားရွား ပျက်စီးနေတာကို ပြုပြင်ဖို့ စစ်အစိုးရရဲ့ အုပ်ချုပ်ရေး၊ စစ်တပ်က တပ်မမှူးက ဖားကန့်က လုပ်ငန်းရှင်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေကို ဖိတ်ကြားခဲ့ပြီးနောက် အစည်းအဝေးကျင်းပနေချိန်မှာ အခုလို ဒရုန်းတိုက်ခိုက်မှု အဖြစ်အပျက် ဖြစ်ပွားခဲ့တာပါ။
ထိခိုက်သေဆုံးသူ တဦးက KNDPC ကုမ္ပဏီတာဝန်ခံ ဦးဇော်အောင် (ကချင်အမည် ဒရွန်ဇော်အောင်) ဖြစ်ပါတယ်။ အဆိုပါ စုပေါင်းရုံး ဒရုန်းတိုက်ခိုက်မှု မဖြစ်ပွားမီ နာရီအနည်းငယ်က ဖားကန့်မြို့ နမ္မမြစ် ကျေးရွာအုပ်စုက လျှပ်စစ်ရုံးကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ကပဲ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာမှာ ဈေးသည်တဦး ထိမှန်သေဆုံးခဲ့တယ်လို့ သတင်းတွေမှာ ဖော်ြပထားကြတာ တွေ့ရပါတယ်။
ဖားကန့်မြို့ကို အာဏာသိမ်းစစ်တပ်ဘက်က ထိန်းချုပ်ထားပြီး ဖားကန့်မြို့နယ်ထဲက အချို့သော ဒေသတွေနဲ့ ကျေးရွာတွေကို KIA လက်နက်ကိုင် အဖွဲ့က ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
အစည်းအဝေးကျင်းပတဲ့ အကြောင်းအရာဖြစ်တဲ့ ကာမိုင်း-နန့်ယား-ဖားကန့် ကားလမ်းဟာ ဖားကန့်ကို ဆက်သွယ်ထားတဲ့ ကားလမ်းတွေ အနက်က တခုဖြစ်ပြီး အခုနှစ် မိုးရာသီမှာ ပျက်စီးမှု ဆိုးရွားစွာ ဖြစ်ပေါ်နေတာကြောင့် ကားလမ်းပြင်ဆင်ဖို့ ကုမ္ပဏီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ စစ်အစိုးရရဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ ပါဝင်တဲ့ လမ်းပြုပြင်ဖို့ ဆွေးနွေးမဲ့ အစည်းအဝေး ဖြစ်ပါတယ်။
ကချင်ပြည်နယ်က ကျောက်စိမ်း သယံဇာတထွက်ရှိတဲ့ ဖားကန့်ကို အာဏာသိမ်းစစ်တပ်၊ KIA လက်နက်ကိုင်တပ်ဖွဲ့တွေ ၂၀၂၄ နဲ့ ၂၀၂၅ နှစ်စပိုင်းတွေအထိ KIA နဲ့ ပူးပေါင်းတပ်တွေက အာဏာသိမ်းစစ်တပ် ထိန်းချုပ် နယ်မြေအများအပြားကို သိမ်းယူထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ သို့ပေမဲ့ ၂၀၂၅ ခုနှစ် ဧပြီလနဲ့ မေလတွေမှာ စစ်တပ်ဘက်က ဖားကန့်ကို စစ်ကြောင်းတွေ ပြန်လည်ဝင်ရောက်လာနိုင်ခဲ့ပြီး နယ်မြေအချို့ကို ပြန်လည်ထိန်းသိမ်းခဲ့တာ တွေ့ရပါတယ်။ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လက်လွှတ်ခဲ့ရတဲ့ နယ်မြေတွေ အများအပြားရှိပြီးနောက် MNDAA နဲ့ အပစ်အခတ်ရပ်စဲနိုင်ခဲ့ပြီးနောက်မှာ ဖားကန့်ဒေသဘက်ကို စစ်အင်အားဖြည့်တင်းကာ စစ်ကြောင်းတွေ ပြန်လည်ထိုးဖောက်လာနိုင်တာ တွေ့ရပါတယ်။ ကချင်ပြည်နယ်မှာ သယံဇာတ အရင်းအမြစ်တွေ အနက်အဓိကကျတဲ့ သယံဇာတတခုဖြစ်တဲ့ ကျောက်စိမ်းထွက်ရှိရာဒေသကို ထိန်းချုပ်ထားနိုင်ခြင်းအားဖြင့် KIA အနေနဲ့ ဖားကန့်ဒေသကို အလုံးစုံ ထိန်းချုပ်ကာ အခွန်အကောက်တွေ ရရှိမဲ့ အခြေအနေကို တားဆီးဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ် အနေနဲ့ ၂၀၂၅ ခုနှစ် အစပိုင်းကစလို့ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေ ရဲ့ ရန်ပုံငွေရရှိရာ အရင်းအမြစ်တွေကို ဖြတ်တောက်နိုင်ဖို့ ဗျူဟာချမှတ်ကာ လုပ်ဆောင်နေတာ တွေ့ကြရမှာပါ။ မန္တလေးတိုင်း အထက်ပိုင်းက MDY PDF တပ်တွေ ထိန်းချုပ်ထားတဲ့ ရွှေတွင်းတွေ၊ KIA တပ်ဖွဲ့က ထိန်းချုပ်ထားတဲ့ ဖားကန့်ဒေသ၊ ကရင်ပြည်နယ် မြဝတီခရိုင်က ထိုင်းနယ်စပ်က တဆင့် ကုန်ပစ္စည်းတွေ ဝင်ရောက်တဲ့ လမ်းကြောင်းတွေ အစရှိတဲ့ တော်လှန်ရေး လက်နက်ကိုင်တွေ ဝင်ငွေရရှိတဲ့နေရာတွေကို ပထမဦးစားပေး တိုက်ခိုက်ပြီး ဖြတ်တောက်ပိတ်ဆို့ဖို့ ကြိုးစားနေခဲ့တာ ဖြစ်ပါတယ်။
ဒီအနေအထားတွေက အာဏာသိမ်းစစ်တပ် အဖို့ ဖားကန့်မြို့နဲ့ ပတ်ဝန်းကျင် ဒေသတဝိုက် ကို ဘာကြောင့် အခုလို တိုက်ခိုက်မှုတွေနဲ့ ထိန်းချုပ်မှုတွေ ပိုလုပ်ဆောင်လာနေရသလဲ ဆိုတဲ့ မေးခွန်းရဲ့ အဖြေပဲ ဖြစ်ပါတယ်။
ဒီနေ့အဖို့ နောက်သတင်းအကြောင်းအရာတခုကတော့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာတရွာမှာ လက်နက်ဖိုး အကြွေးတောင်းပြီး ပြန်လာတဲ့ ပကဖ တပ်ဖွဲ့ဝင် ၂ ဦးကို သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်ကာ ၄င်းတို့ဆီက ကျပ်ငွေ သိန်း ၂၀၀ ကျော်နဲ့ တပ်ဖွဲ့ဝင်တွေ ကိုင်ဆောင်တဲ့ လက်နက်တွေကို ယူဆောင်သွားတဲ့ အဖြစ်အပျက် အောက်တိုဘာ ၄ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြကြတဲ့ အကြောင်း ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း ဘုတလင်ပကဖ ရဲဘော် ၂ ဦးဟာ ဒီပဲယင်းမြို့နယ် မူးကမ်းကြီးကျေးရွာမှာ လက်နက်ဖိုး အကြွေးသွားတောင်းပြီး အပြန်မှာ အကြွေးပေးသူ မူးကမ်းကြီးကျေးရွာက ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့ LPDF အဖွဲ့တဖွဲ့ဖြစ်တဲ့ ဗိုလ်ကျားရိုင်း အဖွဲ့ရဲ့ ယာယီတာဝန်ခံ ဖြစ်သူက အကြွေးပေးပြီးနောက် လမ်းခရီးမှာ စောင့်ပြီး လုပ်ကြံပစ်ခတ်သတ်ဖြတ်ကာ ငွေကြေးနဲ့ လက်နက်တွေကို ယူဆောင်သွားခဲ့တာလို့ သတင်းတွေမှာ ဖေါ်ပြထားတာတွေ့ရပါတယ်။
လမ်းခရီးမှာ ပစ်ခတ်ကာ လုပ်ကြံသတ်ဖြတ်ခဲ့သူ ဗိုလ်ကျားရိုင်းအဖွဲ့ ယာယီတာဝန်ခံ ပိုင်ပိုင် ဆိုသူနဲ့ အခြားပါဝင် ကျူးလွန်သူတွေကို ဖမ်းဆီးရမိထားပြီလို့ သတင်းတွေထပ်မံ ပေါ်ထွက်လာပြီး ကျူးလွန်သူတွေ ယူဆောင်သွားတဲ့ ငွေကြေး သိန်း ၂၂၀ အနက် သိန်း ၂၀၀ နဲ့ လက်နက် ၂ လက်အနက်က ၁ လက်ပြန်လည်ရရှိထားပြီလို့ သတင်းဖော်ပြချက်တွေ အရ သိရှိရပါတယ်။
ဗမာတော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ အညာဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်းထဲမှာ NUG အစိုးရဲ့ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)တွေ အများအပြား ရှိတဲ့တိုင် ပကဖ နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LPDF တွေအကြား မကြာခဏ လက်နက်နဲ့ ပစ်ခတ်တိုက်ခိုက်မှုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား လုပ်ကြံသတ်ဖြတ်မှုတွေ ဖြစ်ပွားနေခဲ့တာ ဖြစ်ပါတယ်။
NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်က ပကဖ တပ်ဖွဲ့ဝင် အချင်းချင်းအကြား ဖြစ်ပွားမှုအချို့ လည်းရှိသလို LPDF လို့ ခေါ်တဲ့ သီးခြားအမည်တွေ ပေးထားကြတဲ့ တော်လှန်ရေးလက်နက်ကိုင် အဖွဲ့တွေနဲ့ ပကဖ တပ်ဖွဲ့တွေ အကြား၊ ဒါမှမဟုတ် LPDF တပ်ဖွဲ့တခုနဲ့ တခုကြားမှာ လက်နက်နဲ့ ပစ်ခတ်မှု၊ လုပ်ကြံသတ်ဖြတ်မှုတွေ ဖြစ်ပွားနေတာ သတင်းတွေထဲ မကြာခဏ တွေ့နေကြရတာ ဖြစ်ပါတယ်။
အခု ဖြစ်ပွားတဲ့ အဖြစ်အပျက်မှာ ဘုတလင်နယ်က ပကဖ အဖွဲ့ဝင် ၂ ဦးကို ရွှေဘိုမြို့နယ် ပေါက်ချိုင်ကျေးရွာက ပကဖ တပ်ဖွဲ့ဝင် ၂ ဦးနဲ့ ၄င်းရဲ့ဇနီးလို့ သတင်းတပုဒ်မှာ ဖော်ပြထားပြီး အခြားသတင်းတပုဒ်မှာတော့ LPDF တပ်ဖွဲ့ တခုဖြစ်တဲ့ ဗိုလ်ကျားရိုင်းတပ်ဖွဲ့ ယာယီတာဝန်ခံလို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်းထဲမှာ NUG/MOD လက်အောက်ခံ ပကဖ အဖွဲ့တွေ အပြင် အခြားသော LPDF၊ ကျောင်းသား တော်လှန်ရေး တပ်ဖွဲ့တွေ၊ PLA တို့ စသဖြင့် အမျိုးအမည်များပြားတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ ရှိနေကြတာဖြစ်ပါတယ်။ ယခုနှစ်ဆန်းပိုင်းမှာ ခေါင်းဆောင်ဖြစ်သူ စစ်တပ်ထံ လက်နက်ချ အညံ့ခံပြီးနောက် လက်နက်ကိုင်တပ် အဖြစ်ကနေ ပြိုကွဲ သွားတဲ့ BNRA လို အင်အား ရာဂဏန်းချီတဲ့ တပ်ဖွဲ့တွေ ရှိခဲ့သလို ဆယ်ဂဏန်း အနည်းငယ်ကနေ ရာဂဏန်းအထိ အင်အားရှိတဲ့ တပ်ဖွဲ့တွေလည်း ရှိနေကြတာ ဖြစ်ပါတယ်။
တော်လှန်ရေး ၅ နှစ်ကြာမြင့်လာခဲ့ပေမယ့် သီးခြားစီ ဖွဲ့စည်းကာ သီးခြားစီ ရပ်တည်လှုပ်ရှားနေကြတဲ့ ယေဘုယျ အခေါ် PDF တပ်ဖွဲ့တွေ အများအပြားရှိနေကြတာက စစ်ကိုင်းတိုင်းရဲ့ တော်လှန်ရေးလက်နက်ကိုင် စုစည်းမှုကို ချိနဲ့စေသလို စစ်ရေး၊ နိုင်ငံရေး အရစုစုစည်းစည်းနဲ့ လှုပ်ရှားခြင်း မပြုနိုင်တဲ့ အနေအထားလို့ ဆိုရင် မှားမယ်မထင်ပါဘူး။
စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းဒေသတွေကို ဗမာလူမျိုးအများဆုံးနေထိုင်တဲ့ ဒေသ၊ အပူပိုင်းဇုန် အညာဒေသအဖြစ် ခေါ်ဝေါ်ကြပြီး အညာဒေသရဲ့ လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေကို အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ မှန်ကန်တဲ့ နိုင်ငံရေးဦးဆောင်မှု၊ ကောင်းမွန်တဲ့စည်းရုံးရေး နည်းနာတွေနဲ့ စုစည်းနိုင်မလားဆိုတဲ့ မေးခွန်းက ပိုပြီး ထွက်ပေါ်လာစရာရှိနေတာလည်း ဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar