မန်းဖိုးအေး(ဝါးခယ်မ) - မြစ်ဆုံဆည် တကျော့ပြန်ဆောက်လုပ်ရေးကို ကန့်ကွက်ခြင်း အပိုင်း(၃)
.jpeg)
မြစ်ဆုံဆည် တကျော့ပြန်ဆောက်လုပ်ရေးကို ကန့်ကွက်ခြင်း အပိုင်း(၃)
မင်းက တရုတ်၊ မြန်မာ့နိုင်ငံရေးနဲ့ ဘာဆိုင်သလဲ(၁)
မန်းဖိုးအေး (ဝါးခယ်မ)
(မိုးမခ) အောက်တိုဘာ ၁၄၊ ၂၀၂၆
၁၉၆၂ ခုနှစ် မတ်လ ၂ ရက်မှာ ဗိုလ်နေဝင်းက "တိုင်းပြည်ချောက်ထဲကျဖို့လက်နှစ်လုံးအလိုမှာ သူဟာ စစ်တပ်အာဏာသိမ်းပြီး ကယ်တင်လိုက်ရတယ်" ဆိုပြီး ကယ်တင်ရှင်အဖြစ် ကြွားလုံးထုတ်လိုက်တယ်။ တော်လှန်ရေးကောင်စီအစိုးရအဖြစ် စိုးမိုးအုပ်ချုပ်ပါတယ်။ ၁၉၆၃ ခုနှစ်မှာ တက္ကသိုလ်ရဲ့ စည်းမျဉ်းစည်းကမ်းချက်တို့ကို သူ့အလိုကျပြင်ဆင်ရေးဆွဲလိုက်တယ်။ တက္ကသိုလ်အသိုင်းအဝိုင်းက သူ့ရဲ့လက်ပါးစေတို့နှင့် ပူးပေါင်းစိုးမိုးပြန်တယ်။
တဆင့်ပြီးတဆင့် အလျင်အမြန် ချုပ်ကိုင်ရာကနေ ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်မှာ ဆဲဗင်းဇူလိုင် အရေးတော်ပုံကြီး ပေါ်ထွန်းလာပါတယ်။ တက္ကသိုလ်ရင်ပြင်ထက်မှာ ကျောင်းသားတို့ သွေးမြေကျဆုံးခဲ့ရ၊ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုမှာ အဓိကအခန်းကဏ္ဍကပါဝင်ခဲ့တဲ့ ကျောင်းသားသမဂ္ဂ (ယူနီယံ) အဆောက်အဦကြီးဟာ ဗိုလ်နေဝင်းရဲ့ ဗုံးခွဲခြင်းဒဏ် ခံလိုက်ရပြီး အုတ်ပုံအုတ်ပျက်အဖြစ် ပုံပျက်သွားရလေတယ်။
ဆဲဗင်းဇူလိုင်ဖြစ်တုန်းက ကျနော်ဟာ ဝါးခယ်မရဲ့ တရုတ်အမျိုးသားကျောင်းက ကျောင်းသားမျှသာ ရှိနေတာပါ။ ကျောင်းဆရာတွေထဲက ဆရာလျူကျင့်လျက်က မြောင်းမြသားဖြစ်တယ်။ ဆရာလျူက ဗဟန်း နန်ယန်တရုတ်အထက်တန်းကျောင်းထွက်ဖြစ်တယ်။ ဆရာလျူနဲ့ နန်ယန်ကျောင်းမှာ အတူပညာသင်ယူခဲ့တဲ့ ဆရာထျက်က ရန်ကုန်တက္ကသိုလ်မှာ ဆက်လက်တက်ရောက်ပါတယ်။ ဆရာလျူနှင့် ဆရာထျက်တို့က ဇာတိ မြောင်းမြသားလဲဖြစ်၊ နန်ယန်မှာတက်တုန်းက အတန်းပါတူကြတဲ့ ညီအကိုလိုခင်မင်ကြတဲ့သူတွေ ဖြစ်တယ်။ ဆရာထျက်က ကာယဗလလိုက်စားတာကြောင့် မြန်မာ နိုင်ငံရဲ့ သံလုံးပစ်လက်ရွေးစင် အားကစားသမားအဖြစ် ပေါက်မြောက်တဲ့သူဖြစ်တယ်။
ဆဲဗင်းဇူလိုင်အရေးတော်ပုံမှာ ဆရာထျက် ရန်ကုန်ကျောင်းဝင်းထဲမှာ ရှိနေပါတယ်။ ဖြစ်စဉ်ဖြစ်ရပ်အားလုံး ဆရာထျက် နဖူးတွေ့ဒူးတွေ့ ကြုံတွေ့ခဲ့ရပါတယ်။ အသက်မသေဘဲ ကျန်ရစ်ခဲ့သူပါ။ ကျောင်းတွေပိတ်တော့ ဆရာထျက် မြောင်းမြအိမ်ဆီ ပြန်ပါတယ်။ ဆရာထျက်ဟာ အိမ်ဆီတန်းမပြန်သေး ပါ။ ဝါးခယ်မမှာ စာပြနေတဲ့ ဆရာလျူဆီ ဝင်ပါတယ်။
ရန်ကုန်-ပုသိမ် နှစ်ထပ်ဧရာဝတီ သင်္ဘောကြီး ဝါးခယ်မဆိပ်ကမ်းအရောက်မှာ ဆရာထျက် သင်္ဘောပေါ်က ဆင်းလိုက်တယ်။ အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် ဝါးခယ်မရဲ့ တရုတ်အမျိုးသားကျောင်းဆီကို လျှောက်လှမ်းလာတယ်။ ဆရာလျူနှင့်ဆုံကြတော့ နှစ်ယောက်သား ဖက်လဲတကင်းဖြင့်ပါ။ ရောက်တာနဲ့ ဆရာလျူအပြင် ကျန်ဆရာ၊ ဆရာမများနှင့်ပါ လက်ဖက်ရည်ဝိုင်း ခင်းကျင်း စကားဖောင်ဖွဲ့ကြတယ်။ ပြောဆိုကြတဲ့ အဓိကအကြောင်းအရာကတော့ ဆဲဗင်းဇူလိုင်ပါ။
တဆက်တည်း ကျနော်တို့အတန်းကြီးက ကျောင်းသားတို့ကို စုစည်းလိုက်တယ်။ ဆရာထျက်က သူကိုယ်တိုင်ပါဝင်ကြုံတွေ့ခဲ့ရတဲ့ ဆဲဗင်းဇူလိုင်အကြောင်းကို အချက်အလက်ကျကျပြောပြပါတယ်။ ငယ်ရွယ်သူလေးသာ ရှိနေသေးတဲ့ကျနော်ဟာ ထိုစဉ်ကတည်းက စစ်အာဏာရှင်တို့ရဲ့ ကျောင်းသားထုအပေါ် ရက်စက်ယုတ်မာမှုကို စတင်ရွံမုန်းပါတယ်။
ကျနော့် ဘကြီးရဲ့ စွပ်ကျယ်စက်မှာ အလုပ်ဝင်ခါစက ဘကြီးမှိုင်းဈာပနနှင့် ကြုံကြိုက်ပါတယ်။ အလုပ်ပြီးတာနှင့် ပဒုမ္မာကွင်းက ဈာပနမဏ္ဍပ်ကြီးဆီ ရောက်သွားပါတယ်။ အသိအကျွမ်းမရှိဘဲ လုံခြုံရေး၊ စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ပါတယ်။
မှတ်မိပါသေးတယ်။ ကျနော်စက်ဘီးဖြင့် အင်းစိန်ဘက်ဆီ သတင်းစာပို့စဉ် လှည်းတန်းအဝိုင်းကို ရောက်သွားပါတယ်။ ၁၉၆၂ ဆဲဗင်းဇူလိုင်ရဲ့ နောက်ဆက်တွဲအဖြစ် ၁၉၆၄ ခုနှစ်မှာ တက္ကသိုလ်ကျောင်းသားတို့က အဓိပတိလမ်းက ဝင်ထွက်ပေါက် လမ်းမကြီးကို ပိတ်လိုက်တယ်။ ဒီအစအနလေးကို ကျနော်အလေးထားလိုက်တယ်။
သတင်းစာပို့အပြီး ဟွာကျုံးကျောင်းတော်ဆီ ပြန်ရောက်တယ်။ ရေမိုးချိုး၊ ကမန်းကတန်းထမင်း စားလိုက်တယ်။ ကျနော်က တံခါးမကြီးကိုစောင့်ကြပ်တဲ့ ဂေါ်ရခါးအစောင့်ကို ခင်မင်အောင် ပေါင်း သင်းထားတယ်။ သူနဲ့ မကြာခဏ ထွေရာလေးပါး စကားပြောကြတယ်။ သူကလည်းကျနော့်ကို ခင်မင်တွယ်တာပါတယ်။ ကျနော်လှည်းတန်းဘက်ဆီသွားမယ့်အကြောင်း ဂေါ်ရခါးအစောင့် မိတ်ဆွေကြီးကို ပြောပြလိုက်တယ်။ အတန်ကြာမှပြန်ရောက်မယ့်အကြောင်း ပြောထားလိုက်တယ်။
ကျနော်စက်ဘီးဖြင့် ဟံသာဝတီရထားလမ်းကျော် ဂုံး(ကုန်း)တံတားကနေ နာနတ်တော၊ ကြံတောသင်္ချိုင်းတို့ကို ကျော်ဖြတ်လိုက်တယ်။ ပြည်လမ်းက ဟံသာဝတီအဝိုင်းကြီးကို ဖြတ်ကျော်လိုက်တယ်။ ကမာရွတ်လှည်းတန်းအဝိုင်းကြီးဆီ ရောက်ရှိသွားတယ်။ အဝိုင်းကြီးအလယ် မြက်ခင်းပြင်ထက်က ဓာတ်တိုင်မှာ စက်ဘီးကို မှီထားလိုက်တယ်။
စစ်ဘက်ဆိုင်ရာကားတွေ အဝိုင်းကြီးကို မောင်းနှင်ဖြတ်သန်းသွားတယ်။ ကျောင်းသားထုက "ဝေး ချဟေ့ နှက်ဟေ့" ကြွေးကြော်ကြပြီး ခဲဖြင့်ပစ်ပေါက်ကြတယ်။
ည ၈ နာရီခန့် ထင်ရပါတယ်။ အနက်ရောင် အော်စတင်ကားတစီး မောင်းဝင်လာပါတယ်။ လိုင်းပေါက်၊ တက္ကသိုလ်ဝန်ထမ်းအိမ်ရာအနားမှာ ရပ်လိုက်တယ်။ ထိုအချိန်က ဆောင်းတွင်းကာလဖြစ်တာကြောင့် ကားထဲက အနွေးထည်ကုတ်အင်္ကျီဝတ်နဲ့ လူတယောက် ထွက်လာပါတယ်။ အရပ်ပု ပျပ်ပျပ်ပါ။ ကျနော်သိလိုက်တယ်။ ဘကြီးမှိုင်းရဲ့ မြန်မာ့ငြိမ်းချမ်းရေးအဖွဲ့က ဗိုလ်ချုပ်ကျော်ဇောမှန်း သိရှိလိုက်တယ်။
၁၉၆၀ ခုနှစ်တွေကလို့ ထင်ရပါတယ်။ ဘကြီးမှိုင်းရဲ့ ပြည်တွင်းငြိမ်းချမ်းရေး အသင်းအဖွဲ့ကြီးက ဝါးခယ်မမြို့ဆီလာရောက်ပြီး ပြည်တွင်းငြိမ်းချမ်းရေး ဟောပြောမှုကို ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော လာရောက်ဟောပြောလို့ ဗိုလ်ချုပ်ကျော်ဇောကို ထိုစဉ်ကတည်းက မှတ်သားမိတယ်။ အသေ အချာမှတ်မိရခြင်းအကြောင်းရင်းတခုကလဲ ရှိနေပါတယ်။ ဗိုလ်ချုပ်ကျော်ဇောရဲ့ အရပ်အမောင်းက ပုကွကွပါ။
နောက် ဗိုလ်ကျော်ဇောမှန်း တန်းတန်းမတ်မတ်သိရှိရတဲ့တချက်က ဘကြီးမှိုင်းရဲ့ဈာပနမှာ ဗိုလ်ကျော်ဇော အထင်ကရလာရောက်တာကို တွေ့ဖူးမြင်ဖူးတာကြောင့် ကျနော်အထူးတလည် မှတ် သားမိခြင်းပါ။ အခုကျနော်တွေ့မြင်နေရတဲ့ ဗိုလ်ကျော်ဇောက ကျောင်းသားထုနှင့် စကားပြောပါတယ်။ ကျောင်းသားထုက ဗိုလ်ကျော်ဇောကို ကားအမိုးပေါ် တက်ခိုင်းပါတယ်။ ဗိုလ်ကျော်ဇော ကားအမိုးပေါ်ကနေ ပြောပါတယ်။
"အမောင်ကျောင်းသားအပေါင်းတို့၊ ကနေ့အမောင်ကျောင်းသားတို့ရဲ့ တောင်းဆိုမှုက မှား၏မှန်၏ ကျနော်မသုံးသပ်လိုပါ။ သို့သော် အမောင်ကျောင်းသားတို့သွေး တက္ကသိုလ်နယ်မြေပေါ်မှာ ထပ်မံ မကျဆင်းစေလိုပါ။ အမောင်ကျောင်းသားတို့ရဲ့ လိုအင်ဆန္ဒ ကျနော့််ကို ပြောပြပါ။ ကျနော် ဆရာကြီးကို တင်ပြပါ့မယ်"
ကျောင်းသားထုက "ဟေး" ဆိုပြီး ဟစ်အော် ကြွေးကြော်ကြတယ်။ ဗိုလ်ကျော်ဇော ကားခေါင်မိုးက ဆင်းလိုက်တယ်။ ကားထဲဝင်ပြီး ထွက်ခွာသွားပါတယ်။
ဗိုလ်ကျော်ဇောကား ထွက်ခွာသွားပြီး နာရီဝက်ခန့်အကြာမှာ ကျောင်းသားထုစုရုံးနေတဲ့ဆီကို ပြန် လည်ရောက်လာပါတယ်။ အားလုံးက ဗိုလ်ကျော်ဇောကို မူလကအတိုင်း ကားခေါင်မိုးပေါ် တက်ရောက်စေတယ်။ ဗိုလ်ကျော်ဇောက "အမောင်ကျောင်းသားတို့ တင်ပြချက်အတိုင်း ကျနော်ဆရာ ကြီးကို တင်ပြပါတယ်။ ဆရာကြီးက သက်ဆိုင်ရာဆီ တင်ပြပါတယ်။ သက်ဆိုင်ရာက ကျောင်း သားထုတို့ တောင်းဆိုချက်အတိုင်း လိုက်လျောလိုက်ပါတယ်။ ဒါကြောင့် အမောင်ကျောင်း သားတို့ဟာ ပိတ်ဆို့ထားတဲ့ အဓိပတိတံခါးမကြီးကို ပြန်လည် ဖွင့်ပေးစေချင်ပါတယ်"
ကျောင်းသားထုက "ဟေး အောင်ပြီ အောင်ပြီ" ကြွေးကြော်လိုက်ကြတယ်။ အဓိပတိ တံခါးမကြီးကို ဖွင့်ပေးလိုက်ပါတယ်။ ညည့်ကလဲ နက်ချေတာကြောင့် ကျနော် စက်ဘီးနင်းပြီး ဟွာကျုံးဘော်ဒါ ဆောင်ဆီ ပြန်သွားပါတယ်။
ထိုဖြစ်ရပ်ကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ခဲ့တယ်ဆိုပေမယ့် ကျနော်ဟာ တက္ကသိုလ်ကျောင်းတော်သူ ကျောင်းတော်သားတို့နှင့်မရင်းနှီးတဲ့ ဟွာကျုံးတရုတ်ကျောင်းသားလေးမျှသာဖြစ်တာကြောင့် ဖြစ်စဉ်ဖြစ်ရပ် အလုံးစုံကို ဂဃနဏ သေချာမသိမြင်ပါ။
ကျနော် ၁၉၈၈ ရှစ်လေးလုံး အရေးတော်ပုံကြီး ပြီးစီးပြီးနောက် NLD မှာ ပါဝင်လိုက်တယ်။ ကျေး လက်တွေဆီဆင်းကာ တောင်သူလယ်သမားတို့ရဲ့ ဘဝကို လေ့လာဆန်းစစ်ပါတယ်။
၁၉၉၅ ခုနှစ် ဇူလိုင် ၁၀ရက်နေ့က ကုက္ကိုင်းနေအိမ်မှာ၊ ၆ နှစ်တာအကျယ်ချုပ်အဖြစ်ထိန်းသိမ်းခံရတဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာတယ်။ ဧရာဝတီတိုင်းက တောင်သူ လယ် သမားတို့နှင့် တွေ့ဆုံလိုတဲ့ဆန္ဒရှိတာကြောင့် ထိုတောင်သူလယ်သမားတွေကို ကျနော်ကြိုးပမ်းပြီး ဒေါ်အောင်ဆန်းစုကြည်နေအိမ်ဆီ အကြိမ်ကြိမ် ခေါ်ဆောင်လာပါတယ်။
တောင်သူလယ်သမားတို့က သူတို့ရင်ဆိုင်ကြုံတွေ့နေရတဲ့ တာဝန်ကျေစပါးပေးဆပ်ရေး၊ အဓမ္မ နွေစပါးစိုက်ပျိုးခိုင်းရေး၊ နေ့ရက်ပေါင်းများစွာကြာရှည်တဲ့ တာဖို့၊ လမ်းဖောက်၊ တံတားဆောက်အဓမ္မလုပ်အားပေးစေခိုင်းခြင်းတို့ကို သူတို့လေးစားအားထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ထံ အထောက် အထား အကိုးအကား ပိုင်နိုင်စွာဖြင့် ဖော်ထုတ်တင်ပြပါတယ်။
ထိုဧရာဝတီတိုင်းက တောင်သူလယ်သမားတို့ရဲ့တင်ပြချက်ကို ဒေါ်အောင်ဆန်းစုကြည်က ညနေ ၄ နာရီထိုးချိန် ခြံရှေ့ လူထုဟောပြောပွဲမှာ လာရောက်နားထောင်ကြတဲ့ ပြည်သူတို့ကို မခြွင်းမချန် ပြောချလိုက်ပါတယ်။ ဒါတွေဟာ ကျနော့်ရဲ့လက်ချက်မှန်း ထောက်လှမ်းရေးတို့ သိရှိလိုက်တယ်။
၁၉၉၆ ခုနှစ် မေလ ၂၃ ရက် ည ၁၁ နာရီမှာ ကျနော်နေထိုင်တဲ့ လှိုင်သာယာက လျှပ်စစ်မီးကို ဖြတ်တောက်လိုက်တယ်။ မှောင်မှောင်မဲမဲထဲမှာ ကျနော့််အပြင် ကျနော့် သားကြီးကိုပါ အလိုတူအလိုပါဆိုပြီး ဖမ်းဆီးလိုက်တယ်။ အမျိုးစုံစစ်ကြော မေးမြန်းပါတယ်။ သားအဖနှစ်ယောက်အပြင် ဟင်္သာတက ကိုကံရှိန်၊ ကိုလှထွန်းအောင်၊ ပူးပေါင်းကြံစည်သူအဖြစ် ဗိုလ်ကြီးဝင်းထိန်ကိုပါ အမှုတွဲထဲ ဆွဲသွင်းလိုက်တယ်။ ကျနော်တို့ကို "နိုင်ငံတော်ရဲ့ လယ်ယာစိုက်ပျိုးရေးနှင့် လမ်းတံတားတည် ဆောက်ရေးကို ဟန့်တားနှောက်ယှက်ခြင်း" ဖြင့် ထောင်ဒဏ် ၇ နှစ် ချလိုက်ပါတယ်။
**မင်းက တရုတ်၊ မြန်မာ့နိုင်ငံရေးနဲ့ ဘာဆိုင်သလဲ(၂)**
**မန်းဖိုးအေး (ဝါးခယ်မ)**
ကျနော်တို့သားအဖ ထောင်ကျသွားတယ်။ ၁၉၉၇ ခုနှစ် မတ်လမှာထင်တယ်။ ရန်ကုန် အင်းစိန်သီးသန့်ထောင်ကနေ မန္တလေးထောင်ဆီ ခေါ်ဆောင်သွားပါတယ်။ သားကြီးကို မြစ်ကြီးနားထောင်ဆီ ထပ်ဆင့်ပို့ဆောင်ပါတယ်။ ကျနော်က မန္တလေး အိုးဘိုထောင်မှာ ကျန်ခဲ့ပါတယ်။
စောစောက ကျနော်ပြောခဲ့တဲ့ ၁၉၆၄ ဒီဇင်ဘာလ ရန်ကုန်တက္ကသိုလ်ရဲ့ အဓိပတိတံခါးမကြီးကို ကျောင်းသားထုက ပိတ်လိုက်တဲ့အကြောင်း၊ ဗိုလ်ချုပ်ကျော်ဇော ကြားဝင်ဆောင်ရွက်ခဲ့တဲ့အကြောင်းကို ကျနော်နှင့်တခန်းတည်း အတူနေသူတွေကို ပြောပြပါတယ်။ အခန်းတူနေသူထဲက ထောင်ပြောင်းမှာ အတူပါဝင်ခဲ့တဲ့ ဦးလှထွန်း အံ့အားတသင့် ဖြစ်သွားတယ်။
"ဟ ကိုဖိုးအေးရ ကျုပ်က ၁၉၆၂ ဆဲဗင်းဇူလိုင်မှာ ပါခဲ့တယ် ကျုပ်ကအရပ်ပုတော့ ဗိုလ်စိန်လွင်ပစ်ခတ်လိုက်တဲ့ကျည်က ကျုပ်ကိုမထိဘဲ အနောက်က တက္ကသိုလ်ဆရာတယောက်ကို ထိမှန်လို့ ကျုပ် သီသီလေး အသက်ဘေးက လွတ်မြောက်လာတယ်"
"ဗိုလ်နေဝင်းက မတ်လ ၂ရက်နေ့မှာ စစ်တပ်အာဏာသိမ်းပြီး မြန်မာနိုင်ငံကို ဆိုရှယ်လစ်စနစ်ဖြင့် ချီတက်မယ်ဆိုလို့ လက်ဝဲအင်အားစုဖြစ်တဲ့ ပမညတ ဝိဒူရ သခင်ချစ်မောင် ကတောင် ကြိုဆိုထောက်ခံတဲ့အနေနဲ့ ဗိုလ်နေဝင်းရဲ့လုပ်ရပ်ကို 'ခွေးကတက်ကနေ ချီတက်မယ်' တောင် ဖြစ်ကုန်တယ်။ ဒါကြောင့် အလုပ်သမားထုကြီးက ကျိုက္ကဆံကွင်းကို အင်အားအလုံးအရင်းဖြင့် ချီတက်ကြတယ်။ ဗိုလ်နေဝင်းရဲ့ အာဏာသိမ်းမှုကို တခဲနက်ထောက်ခံတဲ့ပွဲကြီး ကျင်းပကြတယ်။ အဲဒီအလုပ်သမားထုကြီးရဲ့ အပြန်လမ်းမှာ ရန်ကုန်တက္ကသိုလ်ကျောင်းတော်ကြီးရှေ့က ဖြတ်သန်းရတာကိုးကွ။ အဲဒီတော့ ပြန်လာကြတဲ့ အလုပ်သမားတပ်ဖွဲ့ကြီးကို ငါတို့ကျောင်းသားထုက လှမ်းတားကြတယ်။ အလုပ်သမားထုကို ငါတို့ကျောင်းသားတို့က ရှင်းလင်းပြောပြပါတယ်"
"အလုပ်သမားထုကြီးခင်ဗျာ ဗိုလ်နေဝင်းက ဆိုရှယ်လစ် ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းတဲ့ ၊ ဆိုရှယ်လစ်အတုအယောင် ဖောက်ပြန်တဲ့၊ ကျောင်းသားကိုသတ်တဲ့ အဖွဲ့ကြီးဖြစ်တယ်။ ရဲဘော်အလုပ်သမားထုတရပ်လုံး အလိမ်အညာခံရခြင်းဖြစ်တယ်"ဆိုပြီး ငါတို့ကျောင်းသားတွေက အလုပ်သမားထုကြီးကို ရှင်းလင်းပြောကြားပါတယ်။ ကျောင်းသားထုကြီး အရှိန်ရလာတာနဲ့ အဓိပတိတံခါးမကြီးကို ပိတ်လိုက်ကြတယ်။ အရေးတော်ပုံက ကြီးထွားလာတယ်။ ဗိုလ်နေဝင်းရဲ့ ယုတ်ညံ့တဲ့အကျင့်ဆိုးကိုသိရှိတဲ့ ဗိုလ်ကျော်ဇော ကသောကမျော ဆိုက်ရောက်လာတယ်။ ကျောင်းသားထုရဲ့ သွေးမြေခတာကို ရှုမြင်လိုစိတ်မရှိတဲ့ ဗိုလ်ကျော်ဇောက အချိန်မီရောက်ရှိလာတယ်။ ကျောင်းသားထုနှင့် တွေ့ဆုံညှိနှိုင်းတယ်။ ကျောင်းသားထုက ဗိုလ်နေဝင်းဖောက်ခွဲလိုက်တဲ့ ကျောင်းသားသမဂ္ဂ ယူနီယံအဆောက်အဦကို ပြန်လည်တည်ဆောက်ပေးဖို့ တောင်းဆိုကြတယ်။ ဗိုလ်ကျော်ဇောက ငြိမ်းချမ်းရေးသခင်ကြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်းဆီကို သွားရောက်ပါတယ်။ ဘကြီးမှိုင်းက ကြားဝင်ဖျန်ဖြေညှိနှိုင်းပါတယ်။ ဗိုလ်နေဝင်းတို့ဘက်က ကျောင်းသားသမဂ္ဂအဆောက်အဦ ပြန်လည်ဆောက်လုပ်ဖို့ကိုတော့ လတ်တလော လက်သင့်မခံနိုင်သေးပါ။ အလေးအနက် စဉ်းစားချင့်ချိန်ပါဦးမယ်။ ဒါပေမယ့် ကျောင်းသားထုရဲ့ တောင်းဆိုချက်အရ လတ်တလောကာလမှာ ကျောင်းသားသမဂ္ဂ ယာယီတဲနန်း ဆောက်ခွင့်ပေးလိုက်ကြောင်း တုံ့ပြန်ပါတယ်။ ဘကြီးမှိုင်းကြားဝင်မှုကြောင့် သမဂ္ဂယာယီတဲနန်း ဆောက်လုပ်ခွင့်ကို ရရှိလိုက်တာကြောင့် ကျောင်းသားထုက အဓိပတိတံခါးမကို ချက်ချင်းဖွင့်ပေးလိုက်ပါတယ်။ ငါတို့ကျောင်းသားသွေး ဒုတိယအကြိမ် မြေမခရတာဖြစ်တယ် ကိုဖိုးအေး" လို့ အရေးတော်ပုံမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့တဲ့ ဦးလှထွန်းက ကျနော့်ကို ရှင်းပြပါတယ်။
ဦးလှထွန်းဆိုတာက ၁၉၉၀ ခုနှစ် ဗိုလ်စောမောင်ကျင်းပတဲ့ ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ကြည့်မြင်တိုင်မြို့နယ်က အနိုင်ရရှိတဲ့ ကြည့်မြင်တိုင် NLD လွှတ်တော်ကိုယ်စားလှယ်ပါ။ NLDရဲ့ ဂန္ဒီညီလာခံ သားလျှောပြီးနောက် ဦးလှထွန်း၊ ဦးအောင်ကို၊ ဆိပ်ကမ်းဒေါ်စန်းစန်း အစရှိတဲ့ ၁၉၉၀ လွှတ်တော်ကိုယ်စားလှယ်တို့ဟာ အထက်ဗမာပြည် အမရပူရက ဒေါက်တာဇော်မြင့်မောင်ရဲ့ ခြံဝင်းထဲမှာ၊ ထိုင်း-မြန်မာ နယ်စပ်ဆီ သွားရောက်ကြပြီး အရွေးခံလွှတ်တော်ကိုယ်စားလှယ်များဖြင့် အဝေးရောက်အဖွဲ့အစည်း ဖွဲ့စည်းရေးဖြစ်တယ်။
ဦးလှထွန်းနှင့် ဦးအောင်ကိုတို့ ရန်ကုန်ကနေအိမ်သို့ ပြန်ရောက်ခိုက်မှာ သတင်းပေါက်ကြားပြီး ထောက်လှမ်းရေးတွေရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတယ်။ ရေကြည်အိုင်စစ်ကြောရေးမှာ ဦးအောင်ကို နှိပ်စက်ညှင်းပမ်း သတ်ဖြတ်ခံလိုက်ရတယ်။ ဦးလှထွန်း ထောင်ကျတယ်။ ဒေါ်စန်းစန်း လွတ်မြောက်သွားပါတယ်။
ရှစ်လေးလုံးအရေးတော်ပုံ မတိုင်ခင်က ကျနော်ဟာ မြန်မာ့နိုင်ငံရေးအသိုင်းအဝိုင်းနှင့် ကင်းကွာပါတယ်။ တရုတ်လူမှုရေးအသင်းအဖွဲ့မှာပဲ ကျင်လည်ပါတယ်။ ဒါပေမယ့်လဲ တိုက်ရိုက်အဆက်အစပ်မရှိပေမယ့် ဖြစ်ပေါ်နေတဲ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ ဟိုစပ်စပ် သည်စပ်စပ် ပါဝင်ပါတယ်။
ဦးသန့်အရေးတော်ပုံ ပေါ်ပေါက်လာတယ်။ ကျနော့်နေအိမ်နှင့် တက္ကသိုလ်ကျောင်းဝင်းက နီးကပ်လျက်ပါ။ ဦးသန့်ရဲ့ ရုပ်အလောင်းကို အမေရိကန်နိုင်ငံကနေ လေယာဉ်ဖြင့် မြန်မာနိုင်ငံဆီ သယ်ဆောင်လာပါတယ်။ အမေရိကန်စစ်ဘက်က လေယာဉ်နှစ်စင်းဖြင့် ခြံရံလိုက်ပါလာပါတယ်။ မင်္ဂလာဒုံလေယာဉ်ကွင်း အရောက်မှာ အစောင့်အကြပ် လိုက်ပါလာတဲ့ အမေရိကန်လေယာဉ်နှစ်စင်းက အမေရိကန်ဆီ ပြန်လည်ပျံသန်းပါတယ်။
ဗိုလ်နေဝင်းအာဏာပိုင်တို့က ဦးသန့်ရုပ်အလောင်းကို ကျိုက္ကဆံကွင်းမှာ ပို့ထားပါတယ်။ ဗိုလ်နေဝင်းဇနီး ဒေါ်ခင်မေသန့်ဂူရဲ့ ခြေတော်ရင်းမှာ ဂူသွင်းမယ့်အစီအစဉ် ရှိပါတယ်။ တက္ကသိုလ်ကျောင်းတော်သူ ကျောင်းတော်သားတို့က အင်အားအလုံးအရင်း ချီတက်ပြီး ဦးသန့်ရုပ်အလောင်းကို လုယူလိုက်တယ်။ တက္ကသိုလ်ရင်ပြင်မှာ ဂူသွင်းလိုက်တယ်။
တက္ကသိုလ်ဝင်းထဲမှာ ဗိုလ်နေဝင်းတို့ရဲ့ လုပ်ရပ်ကို ဆန့်ကျင်ပွဲကြီး ကျင်းပကြတယ်။ ကျနော့်နေအိမ်နှင့် မဝေးလှတာကြောင့် တက္ကသိုလ်ဝင်းထဲမှာ ကျင်းပတဲ့ ဦးသန့်ကိုဂုဏ်ပြုတဲ့ ဟောပြောပွဲမှာ တက်ရောက်နားထောင်ပါတယ်။ ဦးသန့်ရဲ့အုတ်ဂူမှာ ကျနော်လည်း ခေါင်းစီးအနီရောင်စည်းကာ "လုံခြုံရေး" ယူပါတယ်။
တရုတ်ကျောင်းမှာကတည်းက ကျနော့်မှာ နိုင်ငံရေးသွေးတို့က စီးမျောဝင်ရောက်နေပြီဖြစ်တယ်။ ဦးသန့်အရေးတော်ပုံမှာ ကျနော့်မှာ ဘာနိုင်ငံရေး အသိုင်းအဝိုင်းမှ မရှိပါ။ ဒါပေမယ့် နိုင်ငံရေးစိတ်ဓာတ်ကိန်းအောင်းမှုကြောင့် မျက်နှာစိမ်းတို့နှင့် ဒွေးယောယှက်တင် ပါဝင်လိုက်တယ်။
ဦးသန့်ရဲ့ ယာယီအုတ်ဂူမှာ နေ့ရောညပါဝိုင်းရပါတယ်။ အချိန်ကာလ ကြာညောင်းလာတယ်။ ဗိုက်ဆာလွန်း၊ အိပ်ချင်လွန်းတော့ ကျနော့်ရဲ့ ဆင်ရေတွင်းကနေအိမ်ဆီ ပြန်လိုက်တယ်။ ထမင်းစားသောက်ပြီး တရေးတမော အိပ်စက်လိုက်တယ်။ အဲဒီအချိန်မှာ တက္ကသိုလ်ဝင်းထဲဆီက သေနတ်ပစ် ဖောက်သံသဲ့သဲ့ကြားလိုက်ရတယ်။ ကျနော် လန့်နိုးလာတယ်။ တက္ကသိုလ်ဝင်းဘက်ဆီ အပြေးနှင်လိုက်တယ်။ ကျောင်းဝင်းထဲရှိ လူအုပ်စုကြီး ဖရိုဖရဲပြေးထွက်လာကြတာကို တွေ့မြင်လိုက်တော့ ကျနော် ရှေ့ဆီဘက် ဆက်မတိုးဝံ့တော့ဘဲ ဆင်ရေတွင်းက ကျနော့်နေအိမ်ဆီ ပြန်လည်ပြေးလွှားလိုက်ပါတယ်။
ကျနော် ဒီအကြောင်းအရာတွေကို စီကာပတ်ကုံး ရေးသားရတာက ထိုစဉ်က ကျနော်ဟာ ကျောင်းသားဘဝနှင့် ကျောင်းကထွက်ကာစ လူငယ်ဘဝပါ။ မည်သည့်နိုင်ငံရေးသမား၊ မည်သည့်နိုင်ငံရေးအဖွဲ့နှင့်မျှ ပေါင်းသင်းဆက်စပ်မှု မရှိပါ။ တစ်ကိုယ်တော် ပါဝင်လှုပ်ရှားခြင်းသာ ဖြစ်တဲ့အကြောင်း စကားပလ္လင်ခံရခြင်း ဖြစ်တယ်။
၁၉၈၈ ခုနှစ် ၊ ရှစ်လေးလုံးအရေးတော်ပုံမှာ ဘယ်မြန်မာနိုင်ငံရေးအသင်းအဖွဲ့၊ လူပုဂ္ဂိုလ်တို့နှင့် ပတ်သက်ဆက်စပ်မှုမရှိတဲ့ ကျနော်ဟာ ဖတ်ရှုထားတဲ့ နိုင်ငံရေးအသိအမြင်ရဲ့ အခြေခံကြောင့် စစ်အာဏာရှင်ကို တော်လှန်ပုံကန်တဲ့ အရေးတော်ပုံထဲ ရောက်လာတယ်။ ဗိုလ်စောမောင် စစ်တပ် အာဏာသိမ်းလိုက်တော့ ထိုင်း-မြန်မာ နယ်စပ်ဆီ သွားရောက်ပြီး လက်နက်ကိုင်တော်လှန်ရေးထဲဝင်ဖို့ ဆုံးဖြတ်လိုက်တယ်။ ချစ်ဇနီးအရိမ်ကို ဖွင့်ပြောပြီး သွားဖို့အားလုံးပြင်ဆင်ပြီးဖြစ်တယ်။ သွားရမှာက ရေကြောင်းလမ်းဖြစ်တယ်။ ပို့ဆောင်မယ့်စက်လှေက ကျောင်းသားလူငယ်တို့ကိုသာ ဦးစားပေး ပို့ဆောင်ပါတယ်။ ကျနော့်လိုလူကြီးပိုင်းက စောင့်ဆိုင်းနေတုန်းမှာ မြန်မာ့အသံ ရေဒီယိုကနေ နိုင်ငံရေးပါတီ အသင်းအဖွဲ့တွေ ဖွဲ့စည်းခွင့်ပေးလိုက်တဲ့ကြေညာချက် ထွက်လာပါတယ်။ လက်နက်ကိုင်တော်လှန်ရေးထက် မြေပေါ်နိုင်ငံရေးပါတီမှာ ဝင်ရောက်လှုပ်ရှားပြီး စစ်အာဏာရှင်ကို အမြစ်ဖြတ်တဲ့လမ်းကို ရွေးချယ်လိုက်တယ်။
မိုးလေးတပြိုက်နှစ်ပြိုက် ရွာသွန်းလိုက်တာနှင့် ထိုးထိုးထောင်ထောင် ပေါ်ထွက်လာတဲ့ မှိုပွင့်အလား နိုင်ငံရေးပါတီတို့ကလဲ များမှများ ပေါ်ထွက်လာတယ်။ အားလုံးက လက်ရှိကာလရဲ့ အမျိုးသားရေးဖြစ်တဲ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပေါ်ထွန်းဖို့ နိုင်ငံရေးပါတီတွေ အများအပြား ပေါ်ထွန်းလာကြတယ်။ ထိုထိုသော ပါတီအဖွဲ့အစည်းတို့ဟာ ခေတ္တခဏသာ တည်တံ့ပြီး အများအပြားဟာ အကြောင်းကြောင်းကြောင့် ပျက်သုဉ်းပျောက်ကွယ်ကြမှာ ဖြစ်တယ်။ အဲဒီ ဒီမိုကရေစီနှင့် အမျိုးသားရေး ရေစီးကြောင်းဟာ "အဖွဲ့ချုပ်" ဆိုတဲ့ ပေါင်းချုပ်မယ့် နေရာမှာ ရေရှည်တည်တံ့ချေမှာ ဖြစ်တာကြောင့် သက်တမ်းရှည်ကြာမယ့် "အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်"ထဲ ဝင်ရောက်ဖို့ ရွေးချယ်လိုက်တယ်။
**မင်းက တရုတ်၊ မြန်မာ့နိုင်ငံရေးနဲ့ ဘာဆိုင်သလဲ(၃)**
**မန်းဖိုးအေး (ဝါးခယ်မ)**
ကျနော့်ရဲ့ ဟွာကျုံးတရုတ်ကျောင်းက ကျောင်းနေဘက်တို့နှင့် ဆုံကြတဲ့အခါမှာ "ဟေ့ကောင်ကျင်လိ မင်းကတရုတ်ဖြစ်ပြီး မြန်မာ့အရေးအခင်းဖြစ်တဲ့ ရှစ်လေးလုံးမှာ ပါခဲ့တယ်။ မြန်မာ့နိုင်ငံရေးအသင်းအဖွဲ့ NLD မှာ ပါဝင်ခဲ့တယ်။ ဒါတွေက မင်းနဲ့ဘာဆိုင်လို့လဲ" ဆိုပြီး ရှုတ်ချကြတယ်။
ကျနော်က - "ဟေး ငါ့အဖေက တရုတ်ဖြစ်လို့ တရုတ်ကိုလဲ ငါချစ်တယ်။ အမေက ကရင်ဖြစ်တော့ ကရင်ကို၊ မြန်မာနိုင်ငံကိုလဲ ငါချစ်တယ်။ ရှစ်လေးလုံးအရေးတော်ပုံက မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တာလေ။ ဒီတော့ ကရင့်သွေး(မြန်မာနိုင်ငံသား)ဖြစ်တဲ့ ငါ့အရေးပဲလေ။ ဒါကြောင့်ငါပါဝင်တာပေါ့။ ဒီ နေဝင်းအစရှိတဲ့ စစ်အာဏာရှင်တွေကို မင်းတို့လဲ ရွံမုန်းခဲ့တယ်မဟုတ်လား။ ဆိုးယုတ်တဲ့ စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်တာမှာ မင်းတို့တွေ ပါဝင်လာခြင်းမရှိတာကို ငါတို့ဘာမှမပြောလိုပါ။ တွန်းလှန်တိုက်ခိုက်နေတဲ့ ငါတို့ကိုတော့ ကဲ့ရဲ့ပြစ်တင်ရှုတ်ချခြင်းတော့ မလုပ်ကြပါနဲ့ကွာ" လို့ ပြန်ပြောလိုက်တယ်။
ငွေနောက်မလိုက်တဲ့ကျနော် လူအထင်မြင်သေး ခံရတာပေါ့။ တရုတ်အပေါင်းအသင်း တရုတ်အသိုင်းအဝိုင်းရဲ့ လူရာသွင်းခြင်း မခံရပါ။"မင်းကတရုတ်ဖြစ်ပြီး တရုတ်လိုမကျင့်ဘူး။ ရှစ်လေးလုံး မြန်မာ့အရေးထဲ ဝင်ပါယုံတင်မကသေးဘူး၊ မြန်မာ့နိုင်ငံရေးပါတီ NLDထဲ ဝင်ပါလိုက်သေးတယ်။ မင်းလောက်နုံအတဲ့သူ မရှိဘူး"လို့ ကျနော် မှိုချိုးမျှစ်ချိုး အချိုးခံရပါတယ်။ မှန်ပါတယ်။ ငွေကြေးပေတံဖြင့်တိုင်းရင် ထိုစဉ်ကကျနော်ဟာ အတော့ကိုအသုံးမကျတဲ့စာရင်းထဲ ပါဝင်နေပါတယ်။
ကျနော်နိုင်ငံရေးမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားပါတယ်။ ကျနော်အထူးတလည် ကျင်လည်ကျက်စားတာက ကျေးလက်က တောင်သူလယ်သမားတွေဆီ ကွင်းဆင်းပါတယ်။ ကျေးလက်က အကြောင်းတစုံတရာရှိရင် ကျနော့်လာခေါ်လို့ ကိုယ်တိုင်ကိုယ်ကျ ကွင်းဆင်းရပါတယ်။ အကြောင်းတစုံတရာ ရှိပြန်ရင်လဲ ကျနော်ကိုယ်တိုင်ကိုယ်ကျ ကျေးလက်ဆီဆင်းပါတယ်။ ရရှိတဲ့အချက်အလက်တို့ကို မှတ်သားရေးသားပြီး အဆက်အသွယ်ရှာကာ မြို့ပြနှင့်ကျေးရွာတွေအပြင် ပြင်ပနိုင်ငံရပ်ခြားဆီကိုလဲ ဖြန့်ဖြူးပို့ရပါတယ်။ အသုံးစရိတ်ကို မည်သူ့ဆီကမျှ တောင်းခံခြင်းမပြုပါ။ ကျနော့်ရဲ့အိမ် စားဝတ်နေရေးကို ဒိုင်ခံကျုံးရုန်းလုပ်ကိုင်တဲ့ အိမ်သူသက်ထား ချစ်ဇနီးအရိမ်ဆီသာ လက်ဝါးဖြန့် တောင်းခံပါတယ်။
ကျနော်နှင့်ချစ်ဇနီးအရိမ်ဟာ လူပျိုအပျိုမှာတုန်းက တရုတ်အသင်းအဖွဲ့ရဲ့ နိုင်ငံရေးစာပေလေ့လာသူ၊ လူမှုရေးလုပ်ငန်းတို့မှာ လက်တွဲအတူ ဆောင်ရွက်သူတွေပါ။ ရှစ်လေးလုံးအရေးတော်ပုံ ပေါ်ပေါက်လာစဉ်ကာလမှာကော ၊ NLD အစရှိတဲ့အထဲမှာ နိုင်ငံရေးအစရှိတဲ့ လုပ်ငန်းရပ်တွေ ဆောင်ရွက်စဉ်တွေမှာပါ -
"အချစ် အရိမ် ကိုယ်နိုင်ငံရေးကို ကိုယ်လုံးပစ် ဝင်ပါမယ်။ အချစ်က ကိုယ့်လိုဝင်ပါခြင်းမပြုဘဲ မိသားစုစားဝတ်နေရေးကို အပြည့်အဝ ဆောင်ရွက်ပါ။ နှစ်ယောက်စလုံး ခြေစုံပစ် ပါဝင်လို့ မဖြစ်ဘူး"
ကျနော့်စကားကို သစ္စာရှိတဲ့ ချစ်ဇနီးအရိမ်က အပြည့်အဝ လိုက်နာပါတယ်။ အိမ်ရဲ့စားဝတ်နေရေးအတွက် ကျနော် ငါးပြားတစေ့ ရှာဖွေတယ် မရှိပါ။ မနက် အိမ်ကထွက် ၊ ညဉ့် မိုးကြီးချုပ်မှ ပြန်ရောက်လေ့ရှိပါတယ်။ တစ်ခါတရံများ မပြောမဆိုဘဲ ကျေးလက်တွေဆီ ခရီးလွန်တာမျိုးလဲ ရှိပါတယ်။
ကျနော်ကျေးလက်ဆီ ဆင်းတယ်ဆိုရင် "မိန်းမရေ ကိုယ်ရွာတွေဆီ ဆင်းမယ်ကွာ။ မင်းနိုင်သလောက်ပေးကွာ" ကျနော်တောင်းခံပါတယ်။ များများစားစားမရပါ။ ဒါဟာလဲ ချစ်ဇနီးရဲ့ အစွမ်းကုန် စွမ်းဆောင်ခြင်းပါ။ ချို့တဲ့ တဲ့ ခရီးစရိတ်ဖြင့် ကျနော် ကုန်းကြောင်းတလှည့် ခြေကျင်တခါ ခရီးနှင်ရပါတယ်။ ခရီးလမ်း ခက်ခဲကြမ်းတမ်းပင်ပန်းတဲ့ ချစ်ဇနီး သူ့ရဲ့ အစွမ်းအစ ငွေကြေးလေးဖြင့် လျှပ်တပြက် လျှို့ဝှက်ခရီးတို့ကြောင့် အာဏာပိုင်တို့ကျနော့်ကို ခြေရာမကောက်မိပါ။ အကြိမ်တိုင်း အောင်မြင်ပါတယ်။ ဒါ့ကြောင့်လဲ ငယ်ငယ်ရွယ်ရွယ် လူလားမမြောက်တဲ့ ရင်သွေးငယ် ငါးယောက်တို့ရဲ့ စားဝတ်နေရေး၊ ကျောင်းစရိတ်တို့ကြောင့် ရှစ်ဆယ့်ရှစ်ကာလက အစပြုပြီး ကျနော့်မိသားစုတွေ "မွဲပြာကျ" ပါတယ်။ နိုင်ငံရေးအသိုင်းအဝိုင်းပြင်ပက အထူးသဖြင့် တရုတ်အသိုင်းအဝိုင်းက ကျနော့်ကိုဖယ်ကျဉ်တာ မဆန်းပါ။
ကျနော့်ရဲ့ တရားလွန်ဆောင်ရွက်မှုတို့ကြောင့် ကျနော်တကိုယ်တည်း ကျေးလက်တွေဆီ ဆင်းရာမှာ နောက်မှာ အိမ်မှာ သားသမီးများနှင့် ကျန်ရစ်ခဲ့တဲ့ ကျနော့်ချစ်ဇနီး အရိမ်ဟာ ၁၉၉၂ ခုနှစ် ဒီဇင်ဘာလ၊ သူမွေးဖွားခဲ့တဲ့ ၂၅ရက်နေ့မှာပဲ ပင်ပန်းလွန်းအားကြီးတဲ့ဒဏ်ကြောင့် နှလုံးရောဂါဖိစီးပြီး ကွယ်လွန်သွားရှာပါတယ်။
ဒါတွေက ကျနော့်ချစ်ဇနီးအရိမ်နှင့်ပတ်သက်တဲ့ အဖြစ်သနစ်ပါလေ။ ဒီအတွက်ကျနော် နောင်တမရပါ။ ဘယ်သူဘယ်ဝါကမှ ကျနော့်ကို အတင်းအကြပ် စေခိုင်းခြင်း မရှိပါ။ ကျနော့်ဘာသာ ရွေးချယ်တဲ့ "မိုက်တွင်းနက်ခြင်း" ဖြစ်ပါတယ်။ ဘယ်သူ့ဆီကမှ ငွေကြေးတောင်းခံ၊ လိမ်ညာယူခြင်း ကင်းမဲ့ပြီး အငတ်အပြတ်ခံ၊ ကြွေးမြီကင်းရှင်းတာကို ကျနော်ကြံဖန် ဂုဏ်ယူဝင့်ကြွားပါတယ်။ လိပ်ပြာသည်လဲ လွန်စွာသန့်ပြန့်ပါတယ်။
ကျနော်နိုင်ငံရေးကို မခိုမကပ် ရွတ်ရွတ်ချွန်ချွန် ဆောင်ရွက်ပါတယ်။ ဒီလိုနဲ့ ၂၀၁၂ ခုနှစ် ဆီကို ရောက်လာပါတယ်။ ဦးဆောင်ဦးရွက်သူရဲ့ "ရင်ကြားစေ့ရေး" မူတရပ်ကို နိုင်ငံရေးလက်နက်တရပ်အဖြစ် ကိုင်တွယ်လျှောက်လှမ်းခြင်းကို ကျနော်လက်သင့်မခံနိုင်လို့ NLDနှင့် ကင်းကွာသွားတယ်။
"မန်းဖိုးအေး(ဝါးခယ်မ၊ အူကျွန်းရွာ)" ကလောင်ကို စွဲကိုင်ပြီး စာပေလောကထဲ ခြေချလိုက်တယ်။ ကလောင်သစ်မှာတင် ပန်းချီဆရာမလေး ချောအိသိန်းရဲ့ ကြိုးပမ်းမှုဖြင့် "ကျမဖေဖေ မာရှယ်ချူတေး" စာမူဖြင့် ဆရာလူထုစိန်ဝင်းရဲ့ အသိအမှတ်ပြုခြင်းကို စတင်ခံရပါတယ်။ ပေါက်ရောက်တဲ့ ကလောင်တချောင်း ဖြစ်မလာသေးပါ။ ဒါကြောင့်လဲ တရုတ်သူငယ်ချင်းတို့ရဲ့ နှာခေါင်းရှုံ့မှုကို ဆက်လို့သာ ခံစားရင်းခံစားရပါတယ်။
၂၀၁၅ ခုနှစ်ဆီ ရောက်လာတယ်။ ကမာရွတ်လှည်းတန်း လွင်ဦးစာပေတိုက်က ကိုလွင်ဦးရဲ့ တိုက်တွန်းချက်ကြောင့် "တကျော့ပြန်ဖုန်ကျားရှင်" လုံးချင်းကို ရေးဖြစ်ပါတယ်။"တကျော့ပြန်ဖုန်ကျားရှင်"လုံးချင်းက ကျနော် ပြန်ဆိုရေးသားပြီး ပုံနှိပ်ထုတ်ဝေခြင်း မပြုရသေးတဲ့"ဗမာပြည် ကွန်မြူနစ်ပါတီ ခရီးကြမ်း" "မာယာဝင်္ကဘာ ရွှေတြိဂံ" ဒီနှစ်အုပ်နှင့် ၂၀၁၃ခုနှစ် မတ်လမှာ ယဉ်မျိုးစာပေတိုက်က ပုံနှိပ်ထုတ်ဝေခဲ့တဲ့ "အဆိပ်အတောက် ရွှေတြိဂံ" အဲဒီစာအုပ် သုံးအုပ်ထဲမှာ ပါဝင်တဲ့ ကိုးကန့်နှင့် ဖုန်ကျားရှင်အကြောင်းကို သီးခြားဆွဲထုတ်ပြီး ရှေ့နောက်ဆီလျော်အောင် စီစဉ်ပြီး ပေါ်ထွန်းလာတာ ဖြစ်ပါတယ်။
"တကျော့ပြန်ဖုန်ကျားရှင်"ဟာ စိတ်ကူးချိုချို စာပေတိုက်ရဲ့ အရောင်းစာရင်းထဲမှာ ၂၀၁၅ အောက်တိုဘာ တလအတွင်း အရောင်းရအသွက်ဆုံးစာရင်းရဲ့ တတိယအဆင့် ချိတ်ပါတယ်။ ပထမချိတ်တာက ဆရာဖေမြင့်ရဲ့စာအုပ်ပါ။ ဒုတိယချိတ်တာ မရှိပါ။ ကျနော့်ရဲ့"တကျော့ပြန်ဖုန်ကျားရှင်" ပေါက်ထွက်သွားပါတယ်။ စိတ်ကူးချိုချိုက စာအုပ်မျက်နှာဖုံး ဖုန်ကျားရှင်ရဲ့ပုံ ဗီနိုင်း ဧရာမအကြီးကြီးကို ဆိုင်မျက်နှာစာမှာ ချိတ်ဆွဲပြသထားပါတယ်။ တွေ့ရှိတဲ့ မိတ်ဆွေတွေက ကျနော့်ကို ဖုန်းဖြင့်အကြောင်းကြားကြလို့ ကျနော် သိရှိရခြင်းပါ။ ဒီအောင်မြင်မှုကြောင့် ကျနော် ဝမ်းသာပီတိ ဖြစ်ရပါတယ်။
"တကျော့ပြန်ဖုန်ကျားရှင်"က နိမ့်ပါးနေတဲ့ကျနော့်ကို စင်ပေါ်တင်လိုက်ပါတယ်။"မန်းဖိုးအေး(ဝါးခယ်မ-အူကျွန်းရွာ)" ကလောင်တချောင်း ပြောင်လက်လာတယ်။ ကျနော်နိုင်ငံရေးလုပ်လို့ တလျှောက်လုံး ချိုးနှိမ်ခဲ့တဲ့ ဟွာကျုံးတရုတ်ကျောင်းက ကျောင်းနေဘက် လျူဟန့်ကျုံး ကျနော့်ဆီ ချဉ်းကပ်လာပါတယ်။ ဖက်လဲတကင်း ကြိုဆိုလက်ခံလာတယ်။
လျူဟန့်ကျုံး၊ သူလဲခေသူတယောက် မဟုတ်ပါ။ ကျောင်းသားဘဝတုန်းက ကျောင်းနံရံကပ် စာစောင်တွေမှာ လက်စလက်န ရှိသူပါ။ သူက ဇွန်ဇူးစစ်ပညာကို တရုတ်ဘာသာကနေ မြန်မာဘာသာသို့ တိုက်ရိုက်ဘာသာပြန်ဆိုလိုက်တယ်။ ဆရာပါရဂူကို အမှာစာရေးစေပါတယ်။ တရုတ်တယောက်က မြန်မာစာပေထဲ ချေချလာဖြစ်ချေတော့ ဆရာပါရဂူက အမှာစာရေး မြေတောင်မြှောက်ပေးပါတယ်။
လျူဟန့်ကျုံးက ဘိုကလေးသား ဖြစ်တယ်။ နာမည်ကျော် ဘိုကလေး မီးသွေးနှင့် ဆန်လုပ်ငန်းကို လုပ်ကိုင်ပါတယ်။ အတော်ကို ချမ်းသာကြွယ်ဝပြီး အထင်ကရ တရုတ်ကုန်သည်ကြီးများအသင်းရဲ့ အမှုဆောင်လူကြီးနှင့် ဟွာကျုံးကျောင်းသားဟောင်းများ အသင်းရဲ့ အမှုဆောင်လူကြီးလဲ ဖြစ်ပါတယ်။
သူက ချမ်းသာကြွယ်ဝတဲ့ လူကုံထံ ဖြစ်တယ်။ ဒါပေမယ့် မြန်မာ့စာပေလောကကို ကျွမ်းကျင်နှံ့စပ်ခြင်း မရှိပါ။ ငွေကြေးချမ်းသာရုံဖြင့် သူ့စာအုပ် ပေါက်ရောက်မယ် ထင်မှတ်မှားနေပါတယ်။ ထုတ်သူထံ မချဉ်းကပ်ပါ။ ဆရာပါရဂူရဲ့ အမှာစာပါရှိတာနဲ့ သူ့စာအုပ် ပေါက်မြောက်မယ် အထင်တကြီး ရှိနေပါတယ်။ သူ့ရဲ့ ကြီးမားတဲ့ ခြေလှမ်းအမှားက ရိုက်နှိပ်တဲ့စာရွက်က အညံ့စားစာရွက် အမျိုးအစားကို အသုံးပြုခြင်းပါ။ စာရွက်အသား ညံ့လွန်းတာကြောင့် စာဖတ်ပရိသတ်တို့ရဲ့ အားပေးမှုကို မခံရပါ။ ဝယ်သူ ဖတ်ရှုသူတို့ နည်းပါးလှပါတယ်။ ဒီနောင်တကို ဘယ်လိုမှ အဖတ်ဆည်မရပါ။
ကျနော့်ရဲ့"တကျော့ပြန်ဖုန်ကျားရှင်" ပေါက်ရောက်သွားတယ်။ ကျနော့်ကို တလျှောက်လုံး ဖယ်ကျဉ်ထားတဲ့ လျူဟန့်ကျုံး ကျနော့်ထံ ချဉ်းကပ်လာတယ်။ ကျနော်လည်း ဝမ်းသာတာပေါ့ဗျာ။ ကျနော် တရုတ်အသိုင်းအဝိုင်းမှာ ပြန်လည်ဦးမော့ ရင်ကော့ရပြန်ပေါ့။
"ကျင်လိ၊ တရုတ်-မြန်မာ ချစ်ကြည်ရေး ညစာစားပွဲ၊ အရင်ပလေဒီယံ ရုပ်ရှင်ရုံကနေ ပြောင်းလဲဖွင့်လှစ်တဲ့ ရှန်ဂရီလာဟိုတယ်မှာ ကျင်းပမယ်။ မင်းတက်ရောက်ဖို့ ဖိတ်စာ၊ တက်ဖြစ်အောင်တက်နှော်။ မင်းတို့ ရန်ကုန်တိုင်း NLD အစိုးရ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကိုယ်တိုင် တက်ရောက်မယ်"
တလျှောက်လုံး ချောင်ထိုးခံရတဲ့ကျနော်၊ တရုတ်အသိုင်းအဝိုင်းထဲမှာ လူရာပြန်ဝင်လာတယ်။ ရတဲ့အခွင့်အရေးကို ဘယ်လက်လွတ်ခံမလဲ။ တက်လိုက်တယ်။ ရခိုင်အမတ် ဦးဖေသန်းကလဲ သူ့ကိုယ်ရံတော်နှစ်ယောက်နှင့် တက်ရောက်ပါတယ်။ တစားပွဲထဲ ထိုင်ကြတယ်။ ကျနော့်ရဲ့ "မန်းဖိုးအေး"ဆိုတဲ့ ကလောင်ကိုသိလိုက်တဲ့ ဦးဖေသန်း ကျနော်နှင့် တရင်းတနှီး ဖြစ်သွားပါတယ်။
ခန်းမကြီးထဲမှာ အနယ်နယ်အရပ်ရပ်က တရုတ်လူကြီးမင်းတွေ တက်ရောက်ကြတယ်။ ဦးစီးဦးဆောင် ဆောင်ရွက်တာက တရုတ်သံအမတ်ကြီး ဟုန်လျန့်ပါ။ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ဖက်လဲတကင်း ရှိကြပါတယ်။ သူ့အကျိုး ကိုယ့်အကျိုးတွေ ရှိကြမှာပေါ့။ ရခိုင်အမတ် ဦးဖေသန်းကလဲ သူ့ဒေသအကျိုးအတွက် သံအမတ်ကြီး ဟုန်လျန့်နှင့် လက်ဆွဲနှုတ်ဆက်ကြတယ်။ အကဲပိုတာက NLD သတင်းနှင့်ပြန်ကြားရေးက မုံရွာအောင်ရှင်ပါ။ နည်းနည်းတော့ အိုဗာဖြစ်နေတယ် ထင်ရပါတယ်။ ကျနော်ကတော့ ကျနော့်ထိုင်ခုံနေရာမှာသာ ထိုင်နေပါတယ်။ အသိအကျွမ်း နည်းပါးတာကြောင့် ကိုယ့်အထာနှင့်ကိုယ်ပါ။ ဘယ်သူနှင့်မှ ဖက်လဲတကင်းမရှိချေ။
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar