Breaking News

ကိုနီတွတ် - နှဲ့လျှင်ယိုင်မည်၊ တည့်လျှင်ပိုင်သည်



ကိုနီတွတ် - နှဲ့လျှင်ယိုင်မည်၊ တည့်လျှင်ပိုင်သည်

(မိုးမခ) နိုဝင်ဘာ ၂၄၊ ၂၀၂၆

မိုက်လျှင်ယောင်သည်၊ တိုက်လျှင်အောင်သည်။

“စစ်အတွင်းကာလ နိုင်ငံရေးသည် စစ်အနိုင်တိုက်ရေးသာ ဖြစ်သင့်သည်” ဟု သခင်သန်းထွန်းက ပြောခဲ့သည်ကို ဖတ်ရဖူးသည်။

ယခု မြန်မာပြည်တွင် ပြည်သူနှင့် အာဏာလု မအလ ဦးဆောင်သည့် လူယုတ်မာတို့ စစ်တိုက်နေကြသည်။ စစ်တိုက်သည်မှာ အသက်တွေကို သေစေနိုင်သည်ဖြစ်ရာ အဘယ်ကြောင့် စစ်တိုက်နေကြရသနည်း။ စစ်တိုက်နေပုံများကိုလည်း ကြည့်ပါဦး။

တစ်ဖက်မှာ လူယုတ်မာ မအလတို့၊ ကျန်တစ်ဖက်မှာ မိမိတို့၏ လွတ်လပ်မှု၊ အေးချမ်းမှု၊ သာယာဝပြောမှု၊ တိုးတက်ဖွံ့ဖြိုးနေမှု၊ တရားမျှတမှုတို့ကို ဓားပြတိုက်လုယူခံရသည့် မြန်မာပြည်သူများ။

အံ့ဩပေစွ။ မအလနှင့် အဖွဲ့အစည်းသည် ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရန် ဖွဲ့စည်းတည်ထောင်ထားခြင်း။ မြန်မာ့တပ်မတော် အမည်တွင်၏။ ယခုတော့ သူတို့ကို မထောက်ခံလျှင် သူတို့ပြည်သူမဟုတ်၊ ရန်သူဟူသတတ်။ သေနတ်ကြီးများကိုင်ကာ လက်နက်မဲ့ပြည်သူများကို သတ်ဖြတ်နေသည့် အတောင်နှစ်ဆယ်ဝတ် မင်းယောက်ျားများ။

မြန်မာပြည်သူများသည် အာဏာအသိမ်းခံရပြီးနောက် ကနဦးတွင် လက်သုံးချောင်းထောင်၍ လမ်းမပေါ်ထွက် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်။ တကယ့်ကို ကြက်ပျံမကျ။ မူလဘူတရည်မှန်းချက်သည်လည်း “ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေးရန်” ဖြစ်သည်။ ပြည်သူများ၏ ပါဝင်မှုမှာ ကမ္ဘာ့တော်လှန်ရေးသမိုင်းတွင် ဂန္ထဝင်စံတင်လောက်သည်မှာ ငြင်းမရ။ အထင်အရှား သမိုင်းဝင်။

ဒုနှင့်ဒေးနှင့် စုဝေးဆန္ဒပြခဲ့ကြသည်လည်း ကောက်ရိုးမီးမဟုတ်။ လူယုတ်မာများ မုသားပြောခဲ့သလို အနီပြည်သူသက်သက်မဟုတ်။ တစ်နေ့တစ်ရက်တည်းလည်း မဟုတ်။ သူများယောင်၍ လိုက်ယောင်ကြခြင်းလည်း မဟုတ်။ ဆန္ဒပြသူများက ချိန်းခြောက်ဟိန်းဟောက်၍ ထွက်ခဲ့ကြသူများ မဟုတ်။

ကြံ့ဖွတ်ပါတီကဲ့သို့ ငွေပေးခိုင်း၍ ဆန္ဒပြကြသည်မဟုတ်။ ထောက်ပံ့မှုများပေး၍ သွေးဆောင်ခဲ့ခြင်းလည်း မဟုတ်။ မြန်မာပြည်မြို့ရွာ တစ်နှံ့တစ်လျား၊ လှည်းနေလှေအောင်း မြင်းဇောင်းပါမကျန် ဝက်ဝက်ကွဲ၊ ခြိမ့်ခြိမ့်သဲ တခုတ်တရ ပါဝင်ခဲ့ကြသည်မှာ ယနေ့အထိ အရှိန်အဟုန်ကောင်းကောင်း၊ လွတ်မြောက်နယ်မြေများ သိမ်းပိုက်ထားနိုင်ခဲ့သည်တစ်မုံ။

ICJ အပြစ်သားများဘက်က မြန်မာပြည်သူ တော်လှန်ရေးသမားကို ဖြိုခွဲပြန်တော့လည်း ကြောက်၍ ဆန္ဒထွက်မပြတော့သည်လည်း မဖြစ်စေရ။ ကြိုကြားထွက်ပြသည်။ အလစ်အငိုက်ယူ ပြကြသည်။

မြို့ပြယူဂျီများ၊ ကီးဘုတ်ဖိုက်တာများ၊ တာဝန်သိပြည်သူများ၏ သတင်းပေးမှုဖြင့် အာဏာသိမ်းလူယုတ်မာအဖွဲ့ကို ရသည့်နည်းဖြင့် တုံ့ပြန်ကြသည်။ အာဏာရူးလူသတ်အဖွဲ့က သေနတ်အစစ်များ သုံးလာပြန်တော့ ပြန်ခုခံရန် ဂစ်ဂန်းများ၊ ကိုယ်ရောင်ဖျောက် ရောင်စုံဂန်းများသာ သုံးခဲ့သည်။

ဆန္ဒပြခဲ့ကြသည့် နေရာအားလုံး အမှိုက်မကျန်စေရ။ စားစရာထမင်း၊ မုန့်၊ ရေ၊ အချိုရည် ဘာမှလိုလေသေးမရှိ။ ပြည်သူမှ ပြည်သူသို့။

အကယ်၍ ဆန္ဒပြရင်း မူးလဲခဲ့သော်လည်းကောင်း၊ ဒဏ်ရာရခဲ့သော်လည်းကောင်း အချိန်မီ ဆေးကုသနိုင်ရန် ပရဟိတအဖွဲ့များ၊ ပရဟိတကားများကလည်း အဆင်သင့်။

ယုတ်စွအဆုံး မအလ၏ စေခိုင်းကျွန်များကိုပါ ရေ၊ ထမင်း၊ မုန့် ပေးသည်။ ရက်စက်သူက ရက်စက်သော်လည်း မေတ္တာမပျက်ခဲ့သည်က ပြည်သူ။

ပြည်သူများက လက်သုံးချောင်းထောင် ဆန္ဒပြခဲ့သော်လည်း မသိဝိုးဝါး သရဲဘီလူးများနှယ် ICJ အပြစ်သား လူယုတ်မာအဖွဲ့ကား နိုင်ငံတော်အာဏာကို လိုချင်၍ လုယူထားသည်ဖြစ်ရာ လူယုတ်မာအကျင့်၊ လူမိုက်အသွင်ဖြင့် ယုတ်မာရိုင်းစိုင်း ရက်ရက်စက်စက် မြန်မာပြည်သူများအပေါ် တုံ့ပြန်ခဲ့သည်မှာ ဆိုးဆိုးဝါးဝါး။

ပြည်သူများမှာ နေ့ခင်းဘက်တွင်သာမက ညဘက်တွင်လည်း (၈:၀၀) နာရီမှ (၈:၁၅) နာရီအထိ သံပုံးတီးကာ မောင်းထုတ်ခဲ့ပြန်သည်။

အာဏာရူးများကား လူစကားနားမလည်။ လူလိုပြောသည်ကို နဝေတိမ်တောင်လုပ်သည်။ လူလိုတောင်းဆိုသည်ကို ခွေးလို ပြန်ကိုက်သည်။ မြန်မာပြည်သူများမှာ ခွေးလိုမလုပ်တတ်သော်လည်း မတတ်သာ၍ ထိုခွေးများကို ပြန်လည်တုံ့ပြန်ရန် လမ်းစရှာရတော့သည်။

“ဘာမဆိုလုပ်ရဲသည်” ဟု တလွဲဆံပင်ကောင်းခြင်းသဘောကို အဟုတ်ကြီးထင်သော ပေါတောတော ICJ အပြစ်သား အာဏာရူးများကား နှစ်ပေါင်းများစွာ ပြည်သူများအပေါ် ဂုတ်သွေးစုပ် အမြတ်ထုတ်လာသူများပီပီ “ခေတ်ကို ပြောင်းချင်လျှင် ခေါင်းကိုပစ်ရသည်” ဟု ဘုန်းကြီးမမည်သော အရူးသင်္ကန်းဝတ်၏ စကားကို အရူးပီပီ လိုက်လုပ်ရင်း ရက်စက်မှုနှင့် စခဲ့သည်။

ဆန္ဒပြသူများကို ကျည်အစစ်သုံး ပစ်သည်။ RPG ဖြင့် ဖြိုခွင်းသည်။ ဒဏ်ရာရသူများကို မညှာမတာ ဒရွတ်တိုက်ဆွဲ ကားပေါ်ပစ်တင်သည်။ အရှင်မိသူများကို ကမ္ဘာ့နိုင်ငံများပင် မကျင့်သုံးသော မတရားပုဒ်မများဖြင့် ထောင်ချသည်။

ငရဲခန်းစစ်ဆေးရေးများတွင် ကျား/မ မရွေး စိတ်ဓာတ်ချိုးနှိမ်၊ အောက်တန်းကျ ရက်စက်ယုတ်မာရိုင်းစိုင်းမှု ပေါင်းစုံဖြင့် ပြုကျင့်ခဲ့သည်။ ကြိုးပေးသတ်ပစ်ခဲ့သည်။ သူတို့လိုသလို ဆွဲယူကာ ထောင်နန်းစံစေ။ မြင်ပြင်းကပ်လာလျှင် အချုပ်ထဲမှ ခေါ်ထုတ်ပစ်သတ်သည်။

မိန်းကလေးများကိုလည်း အမေ၊ နှမချင်း ကိုယ်ချင်းမစာ လိင်အမြတ်ထုတ်သလို မကြားဝံ့မနာသာ စကားများ၊ အပြုအမူများ၊ ရာဂခိုးဝေနေသော မျက်လုံးများ၊ တဏှာအားကြီးသော ရမ္မက်များဖြင့် ကြည့်သည်။ ပြောသည်။ ဆဲဆိုသည်။ ရိုင်းစိုင်းသည်။

မိန်းကလေးများ၏ ကိုယ်အင်္ဂါများကိုလည်း ဆောင့်ကန်သည်။ မလုပ်သင့်သောအရာများဖြင့် ထိုးသည်။ ကိုင်သည်။ ငြင်းဆန်ပါက အမျိုးမျိုးကန့်သတ်သည်။ တိုက်ပိတ်သည်။ ရက်စက်သည်။ မတရားပုဒ်မ ထပ်တိုးသည်။ သေစားသေစေသည်မှာ ကြက်ကလေး ငှက်ကလေး ကစားသလို။

ဆန္ဒပြပွဲတွင် ဖမ်းမိလာသူများ၊ အဖမ်းခံရသူများ၊ NLD ပါတီဝင်များ၊ အခြားသော တော်လှန်ပြည်သူများကို ဖမ်းမိလာပါက သူတို့တပ်သည့် ပုဒ်မများကား ကြောက်ခမန်းလိလိ။

ဉာဏ်ကြီးရှင်များ၏ ပြစ်ဒဏ်များမှာ နှစ်ပေါင်း ၂၃၀ တို့၊ တစ်သက်တစ်ကျွန်းနှင့် ၃ နှစ်တို့၊ နှစ် ၈၀/၉၀ တို့ စသဖြင့် ဉာဏ်ကျယ်လွန်းလှသကိုး။

မည်သည့်နိုင်ငံရပ်ခြားမဆို မကြားစဖူး။ နေ့ဖမ်း မနက်အလောင်းလာရွေးခိုင်းမှုကလည်း တစ်မူ။ ပါးစပ်ထဲ ရေနွေးလောင်းထည့်၊ အက်စစ်လောင်းချခြင်းကလည်း ICJ အပြစ်သား၏ နောက်တော်ပါကျွန်များ၏ သခင်အားရ ကျွန်ပါးဝရက်စက်မှု။

ပြန်ပေးသည့်အလောင်းကလည်း အကောင်းပကတိမဟုတ်။ ချုပ်ရိုးကြမ်းကြီးများ ပါသေးသလို ငွေဖြင့်ရွေး၊ ဘာရောဂါ ညာရောဂါဖြင့် သေဆုံးကြောင်းကိုလည်း လက်မှတ်ပင် အဆစ်ထိုးခဲ့ရသေးတော့။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDFs) များ ပေါ်လာပြီး တိုက်ပွဲတွင် အဖမ်းခံရပါက ထိုနေရာတွင် ပစ်သတ်သည်က တစ်မျိုး။ အမျိုးမျိုးနှိပ်စက်ပြီးမှ ခုတ်ထစ်သတ်ဖြတ်သည်က တစ်ဖုံ။ ကြိုးတုပ် သစ်ပင်မှာဆွဲ၊ မဟုတ်တမ်းတရားတွေ ပြောခိုင်း၊ အရှင်လတ်လတ် မီးရှို့သတ်ခြင်းက တစ်သွယ်။

သက်ကြီးရွယ်အိုများ၊ မပြေးနိုင်သူများ၊ ပုံမှန်မဟုတ်သောသူများကိုလည်း ကြိုးတုပ်၊ သူတို့အိမ်ထဲပိတ်၊ မီးရှို့သတ်ခြင်းက တစ်မူ။

အာဏာသိမ်း အာဏာလု မအလ၏ စစ်တိုက်ခြင်းကား ဤသို့ဤနှယ်။ အော့ချစရာ ဤပုံဤနည်း။

ကျေးရွာများကိုလည်း မီးရှို့သည်။ မြို့ပြများတွင်လည်း ကျူးကျော်ဟု သမုတ်၍ ဖြိုချဖျက်ဆီးပစ်သည်။ လမ်းမများကိုလည်း ဘက်ဟိုးများသုံး ကျင်းနက်ကျင်းကြီးများတူး ဖျက်သည်။

၄ ဖာလုံ တစ်ဂိတ်ဖွင့်၍ ဆက်ကြေးအမျိုးမျိုးကောက် ငွေညှစ်သည်။ မှတ်ပုံတင်များစစ်၍ နယ်မြေဒေသခွဲခြားကာ ခရီးသွားလာမှုကို ကန့်သတ်သည်။

စားနပ်ရိက္ခာ၊ ဆေးဝါး၊ အခြားအသုံးအဆောင်များကိုလည်း တားဆီးပိတ်ပင်သည်။ ဖမ်းဆီးရောင်းစားပစ်သည်။ စိုက်ပျိုးရေးလုပ်မရအောင် စစ်ကြောင်းထိုးသည်။ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူရောင်းချသည်။ တိရစ္ဆာန်များကိုလည်း သတ်ဖြတ်စားပစ်သည်။

လူမကျန်လည်းနေ၊ မြေကျန်ရင်ရပြီဆိုသည့် ခွေးကျင့်ခွေးကြံ၊ ခွေးစံခွေးဟန်များဖြင့် အိမ်များ၊ ကျောင်းများ၊ ဆေးရုံများကို ပြာချပစ်သည်။

ICJ အပြစ်သား လူယုတ်မာများကား ထိုမျှနှင့်မကျေနပ်။ လေကြောင်းအားသာမှုယူ၍ ပြည်သူပိုင်စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်း၊ ခရစ်ယာန်ချာ့ချ်ကျောင်း၊ ဈေး စသည့်နေရာများကိုလည်း ပေါင် ၃၀၀၊ ၅၀၀၊ ၁၀၀၀ တို့ဖြင့် ကြဲချဖျက်ဆီးသည်။ လမ်း၊ တံတားများလည်း မချန်ရစ်။

အကြမ်းဖက်သမားများ ခိုအောင်းသည်၊ လက်ခံသည်၊ သူတို့၏တပ်စခန်း စသည့် မရေရာသော အကြောင်းပြချက်များဖြင့် အမုန်းဆွဲသည်၊ ဗုံးကြဲသည်။ ပြည်သူပိုင်တိုက်ခန်း၊ ဟိုတယ်လည်း အလွတ်မပေး။

နွေဦးတော်လှန်ရေးတပ်များ အရေးသာလာမှုကြောင့် ပြုန်းတီးလာသော တပ်အင်အားကို ပြန်ဖြည့်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေ အမည်တပ်၍ သူတို့မပြုတ်ကျရေးအတွက် မဲချကောက်ခံရာမှ ယခုတော့ ပေါ်တာဆွဲ၊ အလစ်အငိုက်ဖမ်း၊ မတရားဖမ်းဆီး၊ ကျွန်များကဲ့သို့ လူသားအရောင်းအဝယ်လုပ်၊ ငွေရှိသူက ငွေနှင့်ပြန်ရွေးခိုင်း စသဖြင့် နည်းလမ်းပေါင်းစုံ။

ပေါ်တင်ရော မပေါ်တင်ရော၊ အော်ဟစ်အကူအညီတောင်းပါက မပေးဝံ့လောက်အောင် ပြုကျင့်ခဲ့ကြသည်။ လူသားတံတိုင်းလုပ်သည်။ အသေခံခိုင်းသည်။ မိုင်းတွင်းထဲ အတင်းတိုးဝင်စေသည်။ တော်လှန်ရေးတပ်များ၏ ပစ်ကွင်းထဲ အတင်းတက်ခိုင်းသည်။ ထွက်ပြေးလျှင်၊ နောက်ပြန်လှည့်လာလျှင် ပစ်သတ်သည်။

စစ်စရိတ်ထောင်းပြီး နိုင်ငံခြားငွေရှားပါးလာတော့ ပြည်ပထွက်အလုပ်လုပ်နေသည့် အလုပ်သမားများအပေါ် မတရားအမိန့်၊ မတရားဥပဒေများသုံးကာ ငွေညှစ်ပြန်သည်။ ထိုငွေများဖြင့် ပြည်သူများကို သတ်ပြန်သည်။

နေစရာမရှိအောင် စစ်ကြောင်းထိုးသည်။ ဖြတ်လေးဖြတ်ဖြင့် အငတ်ဘေးဆိုက်အောင် လုပ်သည်။ ဆေးကုသခွင့်မရှိအောင် ဆေးဝါးသယ်ယူခွင့်ပိတ်သည်။ ညစ်နည်းပေါင်းစုံ၊ ယုတ်မာနည်းအနန္တ။ မည်သို့စိတ်ကူး၊ မည်သို့လုပ်ရက်ကြသည်မသိ။ တကယ့်ကို ပြည်သူများခေါ်သည့်အတိုင်း စခ၊ ရခ၊ ပခများပေ့။

ဤကြားထဲ အချို့သော EROs၊ ERAs များကလည်း မြေပူရာကင်းမှောင့်။ လက်ထဲလက်နက်သာ ကိုင်ထားသည်။ ဘာကို၊ ဘယ်သူ့ကို၊ ဘာရည်ရွယ်ချက်ဖြင့် တော်လှန်နေသည်မသိသော အဖွဲ့။

မည်ကာမတ္တအဖွဲ့အချို့ကလည်း ICJ အပြစ်သား အာဏာသားများနှင့် For Show ပြ၊ ကိုယ်ကျိုးအတ္တရှာသည့်အဖွဲ့။

နေရာစုံ၊ ဘက်ပေါင်းစုံက တစ်ချိန်တည်း တစ်ပြိုင်တည်း ဝိုင်းတိုက်လိုက်လျှင် တကယ်ပြိုကျသွားနိုင်သည်ကို သိလျက်နှင့် ဝိဘက်ကြမ္မာငင်ချင်၍လားမသိ။ အပစ်အခတ်ရပ်စဲရေးအဖွဲ့အချို့။ အကြောင်းပြချက်မျိုးစုံဖြင့် စိနထီးရိပ်အောက် ခိုဝင်သည့်အဖွဲ့က ခိုဝင်။

World Trade အဆောက်အဦ ညီနောင်ကို ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများကို ပြန်လည်တွန်းလှန်သည့် August (11)၊ Black September အရေးအခင်းတွင် ကမ္ဘာ့နိုင်ငံများက “We are American” ဟူ၍ ညီညွတ်စွာ တွန်းလှန်ခဲ့ကြသည်ကို အတုယူတိုက်သင့်ပါလျက် မပြီးဆုံးသေးသည့် တော်လှန်ရေးကို တောအကြံတောင်အတွေးဖြင့် တော်လှန်ရေးလှည်းဘီးကို ဝိုင်းမတွန်းသည့်အဖွဲ့များကိုလည်း ရင်နာနာနှင့် ကြည့်နေရသည်။

ထို့အပြင် ပြည်ပစွက်ဖက်မှုကလည်း တစ်ဂျို။ တောမီးလောင်သောအချိန်ဖြစ်ရာ မြန်မာ့သယံဇာတများကို အချိုအချောင်ယူချင်နေသော၊ မလိုတစ်မျိုး လိုတစ်မျိုးဖြင့် တော်လှန်ရေး အလျှော့အတင်းပြုလုပ်နေသော စိန။

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီး ဖြစ်ပါလျက် မြန်မာ့ဒီမိုကရေစီအရေးတော်ပုံကို မျက်ကွယ်ပြု၊ အာဏာရူးနှင့် ပေါင်းနေသော ဂျပါတီ။

ကမ္ဘာ့အဖွဲ့အစည်းကြီးကလည်း တံခါးဖွင့်လိုက် ပိတ်လိုက်။ စိတ်ပူပါသည်၊ အလွန်စိုးရိမ်ပါသည်၊ ကန့်ကွက်ပါသည်လောက်ဖြင့် ချွေးသိပ်။ သူတို့၏ ကရုဏာအောက်တွင် မြန်မာပြည်သူများမှာတော့ ဒုန်းဒုန်းဒက်ဒက်များအောက် တုံးလုံးပက်လက်မှောက်။

ရေးဖော်စရာများကား ဤမျှနှင့်မလုံလောက်။ ဤဘက်နှစ်ဘက် စစ်ဖြစ်လာသည်မှာ (၅) နှစ်ကျော်လာပြီ။

ICJ အပြစ်သား အာဏာရူးဘက်တွင် ရှိသောပြည်သူဆိုသည်မှာ စာမဖွဲ့လောက်။ ကြောက်သောသူများ၊ အခွင့်အရေးသမားများ၊ ကြံ့ဖွတ်ပါတီ၊ ဒေါ်စိန်အေးကျောင်းဆင်း ငမူးငရူး ငကြောင်များသာ။ အဆန်ချောင် ကျပ်မပြည့်သူများသာ။ အသိ၊ ဦးနှောက်မရှိသူများသာ။

မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် ပြည်သူများပါသည်။ ထောက်ခံကြသည်။ ပံ့ပိုးပေးကြသည်။ တပ်တွင်းဖရဲသီးများပါ ပါသည်။

ပြည်သူများ၏ ထောက်ခံမှု မည်မျှအားကောင်းသနည်း ဆိုရသော် လုပ်သမျှသပိတ် အကုန်အောင်မြင်သည်။ တော်လှန်ရေးတပ်များကို ယနေ့အထိ ထောက်ပံ့ပေးသည်။ ကျားကန်ပေးသည်။

ကြာလေ ရှင်းလေသည်မှာ ပြည်သူမရှိသော မအလအာဏာရူးနှင့် သူ၏လက်ကတုံးတောင်ဝှေး အမည်ခံ မြန်မာ့တပ်မတော်နှင့် ပြည်သူအများစု၏ အချစ်တော် မြန်မာ့နွေဦးတော်လှန်ရေးတပ်။

ပြည်သူသာအဓိက၊ ပြည်သူသာအခရာ။ ပြည်သူမထောက်ခံသော တော်လှန်ရေး အောင်မြင်ရိုးမရှိ။ သမိုင်းထဲတွင်လည်း မကြားစဖူး။

ပြည်သူမပါသော မအလလူယုတ်မာသည် သူ့ကိုယ်သူ သမ္မတအဖြစ် ခံယူထားငြား ယခုချိန်ထိ ကုလသမဂ္ဂ မပြောနှင့်၊ အာဆီယံအဖွဲ့မှာပင် လူရာမဝင်။ လူမလေး ခွေးမခန့်။

မြန်မာပြည်ကလေးများ တစ်စုံတစ်ခုပြု၍ မှားကြလျှင်၊ ပြိုင်ပွဲတစ်ခု ရှုံးရလျှင် မအေယိုးမင်းအောင်လှိုင်ဟု ဆဲဆိုကြသည်မှာလည်း ဩချစရာကောင်းလောက်အောင် သမိုင်းတွင်နေသည်။

လူယုတ်မာ မအလ၏ အရှုံးများကား (၁၉-၁၁-၂၀၂၆) နေ့တွင် ICJ တရားရုံး၏ ဆုံးဖြတ်ချက်။ မရှူနိုင် မကယ်နိုင်တော့ပြီ။ ကျားလည်းကြောက်ရ ကျားချေးလည်းကြောက်ရသည့်အဖြစ်။

ကြက်ဥပြုတ်ကို သံတုတ်နှင့် ရိုက်ခွာခဲ့သော မအလနှင့် အာဏာရူးအဖွဲ့သားများကား အမြဲအနိုင်ကျင့်နိုင်ဦးမှာလား။ ငရဲရောက်မှ ကျောင်းပြန်ဆောက်ချင်၍ ရရိုးလား။

ကာချုပ်ရာထူး၊ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပါ တစ်ဖက်သတ်အခွင့်အရေးများ၊ မြှောက်ထိုးပင့်ကော် လူမိုက်အဖော်များ၏ အကြံပေးမှုတည်းဟူသော ငွေတစ်ပဲ၊ သူလည်ဆွဲပေးမိသော ဝိဒေဟရာဇ်၏ ပုတ်သင်။

လည်ပင်းကို လှည်းနင်းခံထားရသည့် ခွေးအကြီးလို ဖြစ်သွားတော့သည်။ စကားတင်စီးနှင့် အီးလေတင်ပေါက်ခဲ့ပြီးနောက် ပြည်သူမပါခြင်း၏ ရလဒ်အဖြစ် တရားဆန့်လျှင် ရှုံး၊ စကားဆန့်ကျင် မုန်းသည့်အဖြစ်မှ ကြိုးစင်တက်ရပေတော့မည်လေ။

ဆိုရသော် နွေဦးတော်လှန်ရေးကြီး အောင်ပြီလော။ မအောင်သေးပါ။

အောင်မြင်ရေး၏ သော့ချက်ဖြစ်သော ပြည်သူ့ပါဝါအပြင် ညီညွတ်မှုတည်းဟူသော အဖိုးအနဂ္ဃ ပြည်တန်ပတ္တမြားကြီး လိုသေးသည်။

SCEF၊ CRPH၊ NUCC၊ PDFs တပ်မတော်၊ NUG ကြားကာလတော်လှန်ရေးအစိုးရ ရှိလာခဲ့သည်ဆိုငြား ကျန်သည့်အဖွဲ့က ကျန်နေသေးသည်။ မိမိတို့ကို ထောက်ခံသော ပြည်သူ့ဘက် မျက်နှာမူချိန်တန်လေပြီ။ ဤကဲ့သို့ မညီမညွတ်မှုသည် နွေဦးတော်လှန်ရေးကြီးကိုပင် ကျရှုံးစေနိုင်ပါချိမ့်။

တစ်ဖန် မိမိတို့ပြည်နယ်ရရှိရေးလောက်သာ ရည်မှန်းချက်ရှိသည့် EROs၊ ERAs တပ်အချို့သည်လည်း သတိပြုချင်စရာ ကောင်းလှပါသည်။

သင်တို့ရယူခဲ့သော အောင်ပွဲများတွင် PDFs များ ပါဝင်ပေးဆပ်ခဲ့ကြသည်ကိုလည်း မမေ့စကောင်းပါ။ မအလအာဏာရူးတပ်ကား အင်အားမရှိ၍သာ သင်တို့ယခုကဲ့သို့ နေနိုင်ခြင်းဖြစ်သည်။ နောင်နောင် အင်အားရှိလာပါက သင်တို့ကိုလည်း ချန်ထားလိမ့်မည်မဟုတ်။ အမျိုးယုတ်သည် ဆိုးမိုက်ရမ်းကားဖို့သာ ရှိသည်ကို သတိချပ်ကြပါလေ။

ပြည်သူမထောက်ခံသော မအလသည် မည်သို့ပင် သမ္မတကြီးဖြစ်နေပါစေ၊ လွှတ်တော်အတုဖြင့် မည်သို့ပင် ဆုံးဖြတ်ပါစေ၊ ပြည်သူမပါသည်မှာ သူတို့၏ မတော်မတရား၊ မသင့်မတော်တို့ကို လှောင်ပြောင်နေသည့် ပြည်သူ့အသံများ ကျယ်လောင်လွန်းသည်က သက်သေများပါတည်း။

တစ်ဖက်မှာတော့ နိုင်ငံတကာလည်းဝင်ဆံ့၊ ပြည်သူကလည်း ထောက်ခံသော NUG တော်လှန်ရေးအစိုးရ၊ CRPH များ၏ မြင်ကွင်းကျယ်ပုံမှာ မည်သူမည်သို့ စောင်းငဲ့ဆိုပြော၊ ကဲ့ရဲ့နေပစေ၊ ဦးလည်မသုန် တော်လှန်ခရီးကို ဆက်နေကြသည်။

စစ်အတွင်းနိုင်ငံရေးသည်လည်း စစ်ကိုအနိုင်တိုက်နိုင်မှ “ပြည်သူ့အာဏာ ပြည်သူ့ထံ ပြန်ရောက်ပါလိမ့်မည်”။

စစ်အနိုင်တိုက်သည့် နည်းလမ်းကိုလည်း တော်လှန်ရေးအဖွဲ့တိုင်း မသိဘဲနေမည်မဟုတ်။ အာဏာရှင်အမြစ်ပြတ်သည်အထိ တိုက်မည်ဆိုသည့် စကားများကို မေ့ထားကြပြီလော။

ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်သော နိုင်ငံရေးတွင် ပြည်ထဲအရေး၊ ပေါက်နှင့်ကြေးလို ဖြစ်နေလေပြီ။ ပြည်သူများမှာတော့ ဖွတ်ကျောပြာစု ခရုဆံကျွတ်ရလေပြီ။ ဒုက္ခိတကို ပျားအတုပ်ခံနေလေပြီ။

ICJ အပြစ်သားဘက် ကြည့်မလား။ ဦးစီးမနိုင် ပဲ့စီးမနိုင်။ လှုပ်လေ မြုပ်လေ။ ခြေမကိုင်မိ လက်မကိုင်မိ။ မျက်ကလူး ဆန်ပြာ။ ရေမကူးတတ်ဘဲ လှေကွဲစီး။ မြွေပူရာ ကင်းမှောင့်။

မြက်မြက်ကလေးစားရမလားလို့ ပွဲထဲလိုက်ခဲ့တာ၊ နှဲခွက်ကြီးနင်းမိလို့ လျော်ရပါတော့မည်။ မက်လု မက်လု အိပ်မက်ကလည်း မိုးလင်းသွားပါတော့မည်။

အို... တော်လှန်ရေးသမားတို့...။

သည်တစ်ချီ နောက်ဆုံး၊ အပိုင်ရုန်းဖို့သာ ရှိတော့သည်။

ကမ္ဘာကြည့်ကြည့်ကာ၊ အနိုင်တိုက်ဖို့သာ ရှိတော့သည်။

အာဏာရူးတို့ မပြန်လမ်း၊ ငါတို့ကြမ်းဖို့သာ လိုတော့သည်။

ICJ အပြစ်သားတစ်သိုက်ကို၊ ငါတို့အနိုင်တိုက်ဖို့သာ ရှိတော့သည်။

(၂၂-၁၁-၂၀၂၆)

ကိုနီတွတ်

ကျောက်မဲမြို့နယ်




Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar