Wednesday, November 25, 2026

နန္ဒအောင် - စာအုပ်အဟောင်းဆိုင်လေးတွေရဲ့ နိဒါန်းပိုင်း

ဆရာဇေယျတို့ မောင်နှံ (Photo Credit)
 စာအုပ်အဟောင်းဆိုင်လေးတွေရဲ့ နိဒါန်းပိုင်း
နန္ဒအောင်
(မိုးမခ) နိုဝင်ဘာ ၂၅၊ ၂၀၂၆


ရန်ကုန်မြို့မှာ လမ်းဘေးစာအုပ်ဟောင်းဆိုင်ကလေးတွေပေါ်လာတဲ့ကိစ္စမှာ ဆရာဇေယျရဲ့ကျေးဇူးတွေမကင်းဘူးလို့ ၁၉၈၉ စက်တင်ဘာလထုတ် ပွင့်စွယ်တော်မဂ္ဂဇင်းမှာ ဆရာမြသန်းတင့်က ရေးခဲ့ဖူးတယ်။ ‘ ဆရာဇေယျက စာအုပ်ရောင်းသည့်ကုလားများအား ပဲခူးကလပ်၊ ဂျင်မခါနာကလပ်၊ မေရိုးမရင်းကလပ်၊ ကန်တော်ကြီးဘုတ်ကလပ် စသည့် မျက်နှာဖြူကလပ်များနှင့်မျက်နှာဖြူအိမ်များတွင် အင်္ဂလိပ်စာဇင်းများကိုဖတ်ပြီးလျှင် လွှင့်ပစ်ထားတတ်ကြောင်း၊ ယင်းတို့ကို နောက်ဖေးတန်းလျားမှ ထမင်းချက်များ၊ ဘဏ္ဍစိုးများနှင့်ပေါင်းပြီး ထိုစာအုပ်များကိုယူ၍ ရောင်းသင့်ကြောင်း အကြံပေးဖူး သည်။ ဤသို့ဖြင့် ရန်ကုန်မြို့တွင် လမ်းဘေးစာအုပ်ဟောင်းဆိုင်ကလေးများပေါ်လာခြင်းဖြစ်သည်ဟု ကျွန်တော်ထင်ပါသည် ’ ဟု ဆရာမြက ရေးထားဖူးပါတယ်။

ဆရာဇေယျရဲ့စာအုပ်တန်းကပုံရိပ်ကို ဆရာမြသန်းတင့်နဲ့ ဆရာပါရဂူတို့က ဖွဲ့နွဲ့ဖူးပါတယ်။ ဆရာဇေယျ စာဖတ်အားကောင်းတာ စာအုပ်ချစ်သူတယောက်ဆိုတာ တခြားစာရေးဆရာတွေရေးမှ တစေ့တစောင်း သိရ ဖတ်ရပါတယ်။

ဆရာဇေယျ၏အမည်ရင်းမှာ ဦးယောဖြစ်တယ်။ ဆရာဇေယျဟာ တခြားသူတော့မဟုတ်ပါဘူး ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ သမက်တော်သူပါ။ စာရေးဆရာတိုင်း စာဖတ်အားမကောင်းပါ။ ဆရာဇေယျကတော့ စာဖတ်အားကောင်းတဲ့ စာရေးဆရာတယောက်ပါ။ စာဖတ်အားကောင်းဆိုတညလုံးစာဖတ်နေလို့  မနက်ရုံးမသွားနိုင်ဖြစ်ရတဲ့အထိပါ။ ဆရာဇေယျဟာ စာအုပ်စာပေကိုအလွန်ချစ်မြတ်နိုးတယ်။ တာ၀န်နဲ့ အင်္ဂလန်နိုင်ငံသွားရပြီး အပြန်မှာ  တခြားဘာအသုံးအဆောင်မှ ၀ယ်မလာဘဲ စာအုပ်၀ယ်ပြီး ပြန်လာတဲ့သူဖြစ်တယ်။

ဆရာပါရဂူက ဆရာဇေယျနှင့်ပတ်သက်လို့ `ဆရာဇေယျလို စာရေးဆရာမျိုး၏ ဆောင်းပါး သို့မဟုတ် ၀တ္ထုကိုဖတ်လျှင်မူ စာအရေးအသားပြောမလား၊ အတွေးအခေါ်ပြောမလား၊ ဆင်ခြင်တုံတရားပြောမလား၊ သင်ခန်းစာပြောမလား တစ်ခုခုတော့  မလွဲမသွေကျန်ရစ်ခဲ့သည်။ ထို့ကြောင့် ဆရာဇေယျရေးသော စာများကိုဂရုစိုက်ဖတ်သည်´ ဟု ရေးသားဖွဲ့နွဲ့ဖူးတယ်။

စာရေးအပြီး နေ့စွဲတပ်တဲ့အကျင့်၊ စာရဲ့မွေးနေ့ကို ဂရုတစိုက်ထားတတ်တဲ့အကျင့်လေးတော့ ကျွန်တော့်မှာ ရှိတတ်တယ်။  အဲဒါကြောင့် အထက်ပါအကြောင်းအရာကို ကျွန်တော်  ၂၀၂၁ ဒီဇင်ဘာ၁၄ ရက်နေ့မှာရေးခဲ့တာလို့ အတိအကျပြောနိုင်ခဲ့တယ်။

အမှန်တိုင်းဝန်ခံရရင် အဲဒီစာရေးတုန်းက စာအုပ်တန်း၊ စာအုပ်အဟောင်းဆိုင်တွေပေါ်လာခဲ့တာ ဆရာဇေယျရဲ့ ကျေးဇူးတွေလည်း ပါတယ်ဆိုတာကို ဆရာမြသန်းတင့်ရေးတာကိုပဲ ဖတ်ဖူးပါသေးတယ်။ စာအုပ်တန်း၊ စာအုပ်အဟောင်းဆိုင်တွေနဲ့ပတ်သက်လို့  ဆရာဇေယျကိုယ်တိုင်ရေးသားထားတာကို မဖတ်ဖူးသေးပါဘူး။

သမိုင်းအမြင်ကနေဆိုရင် မူရင်းအထောက်အထားကို မဖတ်ဖူးသေးဘူး၊ ဆရာမြသန်းတင့်က တဆင့်ရေးသားတဲ့ တဆင့်ခံအထောက်အထားကိုပဲ ဖတ်ဖူးသေးတဲ့ သဘောပေါ့ဗျာ။ သမိုင်းဆရာ၊ သမိုင်းစိတ်ဝင်စားသူ၊ သမိုင်းဘာသာရပ်နယ်ပယ်တွေကတော့ သမိုင်းမှတ်တမ်းကို မူရင်းအထောက်အထားကိုပဲ အကိုးအကားပြုဖို့ အဆိုပြုကြတယ်။ တဆင့်ခံ အထောက်အထားတွေကို သိပ်ပြီးမကိုးကားကြဘူး။

အဲဒီသဘောတရားအရဆိုရင် ကျွန်တော် ကိုးကားထားတာကလည်း တဆင့်ခံအထာက်အထားကို ကိုးကားထားသလို ဖြစ်နေပါတယ်။  ပြီးတော့ ပညာရှင် ဒေါက်တာလှ‌ဘေပြောဖူးတဲ့ 'ငါ စာတမ်းတစ်စောင်ရေးပြီး ခြောက်လ တစ်နှစ် ပစ်ထားလိုက်တယ်၊ ပြီးတော့မှ ဘယ်စာစောင်ပို့ပြီးပုံနှိပ်မယ်လို့ သတိရတဲ့အခါ ပြန်ရှာပြီး ပြန်ဖတ်ကြည့်တယ်၊ အံမာ ငါတယ်တော်ပါလားလို့ စိတ်မှာဖြစ်ရင် ဒီခြောက်လ တစ်နှစ်မှာ ငါ့ရဲ့အသိပညာမတိုးဘူးမှတ်။ ကံကောင်းလို့ဟေ့ ဒီအချက်တွေ ပြင်ဦးမှ၊ ဒီနေရာ ဒီလိုရေးလို့ ဘယ်ကောင်းမလဲဆိုသလို အပြစ်တွေတွေ့နေရင် ဒီခြောက်လ တစ်နှစ်မှာ ငါ အသိ ပညာ တိုးလာပါကလားလို့ သိ' ဆိုတဲ့ အဆိုအမိန့်လေးကို သတိရမိတယ်။


စာတမ်းတစ်စောင်ကို ပြန်ဖတ်တဲ့အခါ ပြင်စရာမတွေ့ဘူးဆိုရင် ကိုယ့်ရဲ့ အသိဉာဏ်၊ အတွေးအမြင်နဲ့ သုတေသနတွေမှာ ဘာတိုးတက်မှု မရှိဘူးဆိုတာကို ဖော်ပြနေတာပါ။ အချိန်ကာလ ကြာလာတာနဲ့အမျှ ကိုယ့်ရဲ့ အတွေးအမြင်၊ အသိပညာတွေတိုးပွားလာတဲ့အခါ အရင်က ရေးခဲ့တဲ့စာတမ်း၊ ဆောင်း ပါးကို အတွေးအမြင်သစ်တွေ နဲ့  ပြင်ဆင်ဖြည့်စွက်စရာတွေ သေချာပေါက် တွေ့ကို တွေ့လာရမှာပါ။ 

ကျွန်တော်လည်း ၂၀၂၁ ဒီဇင်ဘာကရေးခဲ့တဲ့ စာကို ပြန်ဖြည့်စွက်စရာတွေ ရှိလာခဲ့ပါပြီ။ အခုက ၂၀၂၆ ခုနှစ်ဆိုတော့ အချိန်ကာလ ငါးနှစ်တောင်ရှိလာခဲ့ပြီလေ။ တဆင့်ခံ အထောက်အထားတင်မဟုတ်ဘဲ ဆရာဇေယျ ရေးသားတဲ့ မူရင်းအထောက်အထားကိုပါ ရှာဖွေတွေ့ရှိခဲ့ပါပြီ။ ဆရာဇေယျကတော့ လမ်းဘေးစာအုပ်အဟောင်းဆိုင်တွေကို “ လမ်းဘေးတက္ကသိုလ် ” လို့ လှလှပပ ဖွဲ့နွဲ့ထားတယ်။

ရန်ကုန်မြို့ရဲ့စာအုပ်အဟောင်းဆိုင်တွေစုဝေးရာ စာအုပ်တန်းတွေအကြောင်းကို ဆက်ဖတ်ကြည့်ရအောင်လား ... စာဖတ်မိတ်ဆွေတို့။ ဆရာဇေယျအရေး အသားတွေအရ ၁၉၂၀ ပြည့်နှစ် ရန်ကုန်မြို့ရဲ့ စာအုပ်အဟောင်းဆိုင်တွေကို “ ‌အခု‌ခေတ် ဗိုလ်ဆွန်ပက်လမ်းလို့ ခေါ်တဲ့ စစ်ကဲမောင်ထော်လေးလမ်း  ” မှာ တွေ့မြင်ရပါတယ်။

ဆရာဇေယျက “ ကျွန်တော် ရန်ကုန်တွင် အလုပ်စ၍ဝင်သော ၁၉၂၀ ပြည့်နှစ် ဇွန်လ ၁ရက်နေ့ ညဦး ၆ နာရီခွဲလောက်တွင် စစ်ကဲမောင်ထော်လေး လမ်းထိပ်ဆိုင်ကြီးတစ်ဆိုင်ဘေးနားတွင် မှီကပ်၍ ရောင်းနေသော စာအုပ်အဟောင်းဆိုင်ကလေးတစ်ဆိုင်မှ မစ္စက် - ဟမ်ဖရီ - ဝပ်ရေးသော ‘ အီးစ် - လင်း ’ ခေါ် ခြောက်ပဲနိတန် အပေါစား ဝတ္ထုစာအုပ်အဟောင်းတစ်အုပ်၊ ချာလ်စ် - ဂါဗစ် ရေးသော တစ်သျှီလင်တန် အပေါစားဝတ္ထုအဟောင်းတစ်အုပ်၊ အင်္ဂလိပ်ကဗျာဆရာကြီး ရှဲလီ ရေးသားသော ကဗျာစာအုပ်တစ်အုပ် ဤသုံးအုပ်ကို ငါးပဲမျှနှင့် ဝယ်ယူခဲ့လေသည် ”  ( ဆရာဇေယျရဲ့ လမ်းဘေးတက္ကသိုလ် ဆောင်းပါးမှ )  လို့ ရေးသားထားတာကို ဖတ်ရပါတယ်။

အဲဒီခေတ် စာအုပ်အဟောင်းဆိုင်တွေက အခင်းတောင် မရှိ၊ လူသွားလမ်း နေရာလွတ်ပေါ်မှာ စာအုပ်တွေ ချရောင်းတဲ့ အနေအထားမျိုးပါ။ ဆရာဇေယျကတော့ ‘ ကွယ်ပျောက်နေပြီဖြစ်တဲ့ ရှေးနံပတ် ၈၀၊ နံပတ် ၆၀ ဇာတ်စာအုပ်ကလေးတွေကို အဲဒီစာအုပ်အဟောင်းဆိုင်တွေကနေ ရခဲ့တယ်’ လို့ ရေး သားထားပါတယ်။

ရန်ကုန်မြို့ စာအုပ်အဟောင်းဆိုင်တွေ အကြောင်းရေးမယ်ဆိုရင် “ မာရီကား ” ဆိုတဲ့ ကျူလီယာ ကုလားကြီးအကြောင်းကိုလည်း ရေးရမှာပါ။ မာရီကားက ၃၄ လမ်းထိပ်မှာ ဗန်းကလေးထဲကို အင်္ဂလိပ်စာအုပ်ဟောင်း ၁၀ အုပ်လောက်ထည့် ရောင်းလေ့ရှိတယ်။ မာရီကား ဗန်းကလေးထဲကနေ ဆရာဇေယျက ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကျော်လောက်က အက် ဒဝပ် - ဂစ်ဘွန်း ရေးသားထားတဲ့ ရောမရာဇဝင်ကြီး ပထမတွဲတစ်တွဲကို ပိုက်ဆံတစ်မတ်နဲ့ ရခဲ့တယ်။

ဆရာဇေယျက အဖိုးတန်စာအုပ်မလို့ နောက်ထပ် ဒုတိယတွဲ၊ တတိယတွဲတွေ ရဦးမလားလို့ မာရီကားဆီ နေ့တိုင်းသွားကြည့်တယ်။ မရတဲ့အပြင်၊ တခါတလေမှာ ဗန်းကလေးထဲ စာအုပ်ကလေး ငါးအုပ်လောက်ပဲရှ်ိပါတယ်။ ဆရာဇေယျက “  ဒီလိုရောင်းနေလို့တော့ မဖြစ်ဘူး၊ စာအုပ်များများ ရအောင်ရှာဖို့ တိုက်တွန်းတော့ မာရီကားက ဘယ်မှာရနိုင်သလဲ၊  မရှာတတ်ဘူး ” လို့ ပြောတယ်။

ဆရာဇေယျက “  လက်ထဲမှာ ငွေသုံးလေးကျပ်ဆောင်သွား အင်္ဂလိပ်တွေ များများနေတဲ့ ယောက်လမ်း၊ လင်ကတ်စတာလမ်း၊ ပြည်လမ်း ပဲခူးကလပ်တွေကိုသွား၊ နောက်ဖေးပေါက်ကဝင်၊ အစေခံကုလားတွေကိုမေး၊ အင်္ဂလိပ်တွေက မဂ္ဂဇင်းတွေ၊ စာအုပ်‌တွေကို ဖတ်ပြီးရင် စွန့်ပစ်တတ်တယ်။ စွန့်ပစ်တဲ့ စာအုပ်အဟောင်းတွေကို အစေခံတွေက ကောက်ယူထားတတ်တယ်။ သူတို့ဆီကနေဝယ် ” လို့ အကြံပေးတယ်။ ( ဆရာဇေယျရဲ့ အကြံဟာ လမ်းဘေးစာအုပ်အဟောင်းဆိုင်လေးတွေ စုဝေးရာရဲ့ စာအုပ်တန်းဖြစ်လာဖို့ အကြံဉာဏ်လေးပါ။ )

မာရီကား ကုလားကြီးလည်း ဆရာဇေယျအကြံပေးတဲ့အတိုင်း လှည့်လည်ရှာရာကနေ နေ့တိုင်း စာ အုပ်တွေ အများကြီး ရလာခဲ့တယ်။ နောက်ပိုင်းမှာ ကိုယ်တိုင်သွားစရာမလိုဝောာ့ဘဲ အစေခံ ကုလားတွေက ဆိုင်အရောက် လာပို့ကြတယ်။ မာရီကားလည်း ဗန်းကလေးနဲ့ လမ်းပေါ်မှာရောင်းတဲ့ ဘဝက နေ ဆိုင်တဆိုင် တည်ခင်းရောင်းရတဲ့ဘဝကို ရောက်ရှိလာတယ်။ ဆရာ‌ဇေယျက “ အဲဒီခေတ်အခါက လေးကျပ်ခွဲ ငါးကျပ် အထိ ပေးရလို့ ဝယ်မဖတ်နိုင်တဲ့ ‘ အီဒင်းဘရား - ရီဗျူး ’ ‘ ကွာတာလီ - ရီဗျူး ’ သုံးလတစ်ကြိမ်ထုတ် နာမည်ကျော်မဂ္ဂဇင်းကြီးတွေကို တစ်မတ်ငါးပဲနဲ့ရလို့ ပျော်ပျော်ကြီးဖတ်ရ ကြောင်း ” ရေးသားထားတယ်။

အဲဒီကနေ စာအုပ်အဟောင်းဆိုင်တွေ တဖြည်းဖြည်းများလာပြီး ၁၉၂၇ ခုနှစ်လောက်ရောက်တော့ ည ဈေးတန်းမှာသာမဟုတ်တော့ဘဲ အခု ဗိုလ်ချုပ်လမ်းလို့ခေါ်တဲ့ မောင်ဂိုမာရီလမ်းမကြီး တလျှောက် ဗိုလ်အောင်ကျော်လမ်းကနေ မဂိုလမ်းအထိ စာအုပ်အဟောင်းဆိုင်ပေါင်းများစွာ တိုးတက်လာခဲ့တယ်။ စာအုပ်တန်းက ဆူးလေဘုရားဝိုင်းမှာလည်း ရှိခဲ့ဖူးတယ်။ အဲဒီအကြောင်းကို ဆရာပါရဂူက မှတ် တမ်းတင်ခဲ့တယ်။

ဆရာပါရဂူက  ဆူးလေဘုရားဝိုင်းက စာအုပ်ဆိုင်တစ်ဆိုင်မှာ ဆရာကြီးပီမိုးနင်းရဲ့ ‘ တက်လူကွ ’ ဝတ္ထုစာအုပ်တစ်အုပ် သွားဝယ်တာကို ရေးဖွဲ့ထားဖူးတယ်။ အခုခေတ်က စာအုပ်တန်း၊ စာအုပ်ဆိုင်ဆိုရင် ၃၃ လမ်းနဲ့ ပန်းဆိုးတန်းတဝိုက်လို့ သိကြတယ်။ ဆရာပါရဂူတစ်ယောက် ဆရာကြီး ပီမိုးနင်းရဲ့ ဝတ္ထုဝယ်တုန်းက စာအုပ်တန်းတွေနေရာက ဆူးလေဘုရားလမ်းအဝိုင်း၊ ဘုရား ပရိဝုဏ်ဘေး ပတ် လည်မှာပါ။

၁၉၃၅ ခုနှစ်လောက်က စာအုပ်တန်းဟာ ဆူးလေဘုရားအဝိုင်းမှာပါ။ တချို့စာအုပ်ဆိုင်တွေက တစ်မတ်တန်၊ ငါးမူးတန် ဝတ္ထုတွေ ထုတ်တဲ့ စာအုပ်ထုတ်ဝေသူ‌တွေပါ။  ဒုတိယကမ္ဘာစစ်အတွင်းရောက်တော့ စာအုပ်တန်းက နေရာရွှေ့သွားပြီ။ ဒုတိယကမ္ဘာစစ်အတွင်းက စာအုပ်တန်းဟာ ဗဟန်းကြားတောရလမ်းမှာပါ။  ဆရာကြီး ဦးရန်အောင်တောင် ဗဟန်းကြားတောရလမ်းထဲမှာ စာအုပ်ရောင်းဖူးတယ်။ လွတ်လပ်ရေးခေတ်‌ရောက်တော့ စာအုပ်ဆိုင်တွေ၊ စာအုပ်အဟောင်းရောင်းသူတွေက ဆူးလေဘုရားလမ်း၊ ရွှေဘုံသာလမ်းထောင့်၊ ၃၃လမ်း၊ ဗိုလ်ဆွန်ပက်လမ်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပန်းဆိုးတန်း ပတ်ဝန်းကျင်တွေမှာပါ။ သခင်ခင်ညွန့်ရဲ့ ' စာပေလောက ' စာအုပ်ဆိုင်ကြတော့ ဆိုင်ခန်းနဲ့ရောင်းတာမဟုတ်ဘူး၊ စာအုပ်‌တွေ ကားပေါ်တင်ရောင်းတာပါ။

ဆရာဇေယျကတော့ စာအုပ်အဟောင်းဆိုင်တွေနဲ့ ပတ်သက်လို့ “ သူတို့သာမရှိခဲ့ပါမူ ကျွန်တော်တို့မှာ ဗဟုသုတကျယ်ဝန်းစွာ ရှာမှီးခွင့်ရကြမည်မဟုတ်။ ရှေ့သို့တိုးလေတိုးလေ စာအုပ်အဟောင်းဆိုင်ကလေးများ၏ ကျေးဇူးမည်မျှ ကြီးမားကြောင်းကို သိလေလေဖြစ်ပေသည် ” လို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ ကျွန်တော်လည်း ရှေ့ကိုတိုးလေလေ စာအုပ်အဟောင်းဆိုင်တွေရဲ့ ကျေးဇူးကို သိလေလေ ဖြစ်လေလေပါပဲ။ ပြီးတော့၊ ဒီနေ့ခေတ် အခြေအနေအရ စာအုပ်အသစ်ထွက်တဲ့အခါ ဈေးနှုန်းကို မကြည့်ရဲဘဲဖြစ်နေတဲ့ အချိန်မှာ ခေတ်သစ် စာအုပ်အဟောင်းဆိုင်တွေဆီကနေပဲ စာအုပ်တွေ ရှာဖွေစုဆောင်းနေရပါတယ်။ ခေတ်သစ်စာအုပ် အဟောင်းဆိုင်ဆိုတာ ခေတ်နဲ့အညီ လူမှုကွန်ရက် (Facebook) ပေါ်မှာ ‌စာအုပ်အဟောင်းတွေ ရောင်းချပေးနေတဲ့ စာအုပ်အဟောင်းသမားတွေကို ဆိုလိုတာပါ။ ခေတ်သစ် စာအုပ်အဟောင်းဆိုင်တွေအကြောင်း ရေးချင်သေးပေမဲ့ စာမျက်နှာ အခက်အခဲကြောင့် တော်သေးပြီ။

စာအုပ်အ‌ဟောင်းဆိုင်တွေ စုဝေးရာ စာအုပ်တန်းအကြောင်း တွေးမိတိုင်း ဆရာဇေယျရဲ့ ကျေးဇူးတွေ ကြီးမားလေဆွလို့ အောက်မေ့မိပါတယ်။ သိမှုဆိုင်ရာတွေကို ရှာဖွေနေတဲ့ ကျွန်တော့်အတွက် စာအုပ်အဟောင်းလေးတွေကြားထဲကနေ ရွှေတွေ ရှာဖွေတွေ့တတ်တယ်။  စာအုပ်အဟောင်းလေးတွေက နေ အသိအမြင်တွေတိုးပွားခဲ့တဲ့ကျွန်တော် ဒီဆောင်းပါးလေးနဲ့ပဲ  ဆရာဇေယျကို ကန်တော့လိုက်ပါတယ်။

နန္ဒအောင်
၂၄. ၁၁. ၂၀၂၆  

 -

oin Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar