Breaking News

စိုးခိုင်ညိန်း - လမ်းပျော်ငှက်



စိုးခိုင်ညိန်း - လမ်းပျော်ငှက်

(မိုးမခ) ဇူလိုင် ၁၀၊ ၂၀၁၉

ပြီးခဲ့သည့် နွေရာသီက အတော်ပူသည်။ နေ့လည်နေ့ခင်းတွေမှာ ချွေးတပြိုက်ပြိုက်နဲ့ စာဖတ်ရ သည်မှာလည်း အရသာမတွေ့၊ ပုံမှန်ဆိုလျှင် စာတစ်အုပ်ဖတ်လိုက်လို့ စာထဲကို စိတ်ဝင်သွားလျှင် ပတ်ဝန်းကျင်ကို မေ့မေ့လျှော့လျှော့ဖြင့် စာတစ်ပုဒ်ပြီး တစ်ပုဒ် အငမ်းမရ ဖတ်နေမိတာမျိုး ဖြစ်သည်။ အခုတော့ စာနည်းနည်းလေး ဖတ်လိုက်တာနဲ့ ချွေးတွေပြန်လာပြီး စာထဲ စိတ်သွင်းလို့ မရ ဖြစ်နေခဲ့တာ ဖြစ်သည်။ ထိုင်နေမိတဲ့ ခုံရှည်မှာလည်း ဘယ်နေရာထိထိ ပူတဲ့ အထိအတွေ့ကိုပဲ ရသည်။ တချက်တချက် ပြတင်းပေါက်က ဝင်လာသည့် လေကလည်း လေပူတွေမို့ နောက်ဆုံးတော့ ဖတ်နေသည့် စာအုပ်ကို ပစ်ချ လိုက်ကာ အပူဒဏ်ကိုပဲ ဒီအတိုင်း ထိုင်ပြီး လက်မြောက်အရှုံးပေးကာ ကျောကော့အောင် ခံစားနေခဲ့ရတာ ဖြစ်သည်။ နွေရာသီတစ်ခုလုံး ဘာစာအုပ်ကိုမှ ဖြစ်ဖြစ်မြောက်မြောက် မဖတ်ခဲ့ရ။ စာမဖတ်ဖြစ်ခဲ့ပေမယ့် ကြည့်ချင်သည့် ရုပ်ရှင်ဇာတ်ကားအချို့တော့ ကြည့်ဖြစ်လိုက်သည်။ ထိုကြည့်ဖြစ်လိုက်သည့် ဇာတ်ကားထဲ က မှတ်မှတ်ထင်ထင် ခံစားလိုက်မိသော ဇာတ်ကားတစ်ကား ရှိသည်။ ထိုဇာတ်ကားထဲက အကြောင်းအရာ အချို့နှင့် ပုံရိပ်တို့သည် အခုထိ မကြာခဏ စိတ်ထဲ ဝင်ရောက်လာကာ ထိထိရှရှ ခံစားနေမိပြန်သည်။

ဇာတ်ကားနာမည်က CAPHARNAUM ဖြစ်ပြီး အမျိုးသမီးဒါရိုက်တာက Nadine Labaki ရိုက်ကူးသည့် ဇာတ်ကား ဖြစ်သည်။ capharnaum ဆိုသည်က အာရေဗျဘာသာစကား ဖြစ်ပြီး အင်္ဂလိပ်လို chaos ခေးအော့စ် ဖြစ်သည်ဟု ဆိုသည်။ အသက် ၁၂ နှစ်ပဲ ရှိသေးသည့် ဇိမ်း အဲလ် ဟိုက် လို့ အမည်ရတဲ့ ဆီးရီးယားကလေးငယ်တစ်ယောက်ရဲ့ အကြောင်းကို ရိုက်ထားသည့် ဇာတ်ကားဖြစ်သည်။ ဇာတ်ကားကို လူသတ်မှုဖြင့် ထောင် ၅ နှစ်ချခံထားရတဲ့ ဇိမ်းက သူ့မိဘနှစ်ပါးကို တရားစွဲတာနဲ့ စ ထားပါသည်။ ဘာဖြစ်လို့ တရားစွဲတာလည်း ဆိုတော့ သူ့ကို မွေးဖွားခဲ့လို့ပါတဲ့။ ဆင်းရဲလွန်းတဲ့ သူ့မိဘတွေဟာ အသက် ၁၁ နှစ်သာ ရှိသေးသည့် သူ့ညီမလေးကို လူတစ်ယောက်နဲ့ လက်ထပ်ဖို့ ပေးစားလိုက်တဲ့ အတွက်ကြောင့် ဇိမ်းက သူ့မိဘတွေကို စိတ်နာ သွားခဲ့တာ ဖြစ်သည်။ နောက်ဆုံးမှာ သူ့ညီမလေး သွေးဆင်းပြီး အသက်ဆုံးရှုံးရလို့ သူ့ညီမယောက်ျား သူ့ယောက်ဖကို သတ်ဖို့ကြိုးစားတဲ့ အတွက်ကြောင့် ထောင်ကျနေရာကနေ သူ့မိဘတွေကို တရားစွဲဆိုတဲ့ အကြောင်းနဲ့ ဇာတ်ကားကို ကြည့်နေရခြင်းသည် စိတ်ထဲ အတော်လေး ထိထိခိုက်ခိုက် ခံစားလိုက်ရသည်။

"နောက်ဆုံးတော့ ကလေးတွေဟာ ကျွန်မတို့ရဲ့ ပဋိပက္ခတွေ၊ ကျွန်မတို့ရဲ့ စစ်ပွဲတွေ၊ ကျွန်မတို့ရဲ့ စနစ်တွေ၊ ကျွန်မတို့ရဲ့ မိုက်မဲတဲ့ ဆုံးဖြတ်ချက်တွေ၊ ကျွန်မတို့ရဲ့ အုပ်ချုပ်မှုတွေကြောင့် တန်ဘိုးကြီးကြီး ပေးဆပ်လိုက်ကြရပါတယ်။ ကျွန်မတွေးမိတာက သူတို့တွေသာ စကားပြောခွင့်ရမယ်ဆိုရင် သူတို့ ခံစားချက်တွေကို ဖော်ထုတ်ခွင့်ရမယ်ဆို သူတို့ဘာတွေ ပြောကြမလဲ ဆိုတာပဲ" ဟု ထိုဇာတ်ကားကို ရိုက်ကူးရတာနဲ့ ပါတ်သက်၍ ဒါရိုက်တာ Nadine Labaki က ပြောထားလေသည်။ ထိုဇာတ်ကားသည် ကိန်းအပါအဝင် နိုင်ငံတကာဆု ၂၂ ဆု ရရှိထားသော ဇာတ်ကားဖြစ်သည်။

ထိုဇာတ်ကားထဲက အဖြစ်အပျက်လိုမျိုး ကျွန်တော်တို့ နိုင်ငံမှာ ဆင်းရဲလှတဲ့ မိဘတွေကြောင့် လမ်းမတွေပေါ် ရောက်ပြီး အမှိုက်ကောက် ၊ ကော်ရှူနေကြသည့် ကလေးတွေကို တွေ့မြင်နိုင်ပါသည်။ လမ်းဘေး မှတ်တိုင်တွေမှာ၊ ကားဂိတ်တွေမှာ၊ ဘုရားမုခ်ဝတွေမှာ ကလေးတစ်ဖက်နဲ့ တောင်းရမ်း စားသောက်နေသည့် ကလေးတွေကို မကြာခဏ တွေ့မြင်နေရသည်။ ပြီးခဲ့သည့် နှစ်ရက်လောက်ကပင် လက်ဖက်ရည်ဆိုင်ထိုင်နေရင်းကပင် လမ်းမပေါ်က ကလေးအော်သံကြား၍ လှမ်းကြည့်လိုက်တော့ ပလပ်စတစ် ရေဗူးခွံတွေ လိုက်ကောက်နေသည့် ကလေးနှစ်ယောက်ကို တွေ့လိုက်ရသည်။ ကလေးမလေးက သူ့မောင်လေးကို ရေဗူးခွံတွေနဲ့ ရိုက်ပြီး အော်ဟစ်နေတာ တွေ့ရသည်။ ကလေးက သူခိုင်းသည့်အတိုင်း မလုပ်၍ အော်ဟစ်နေတာ ဖြစ်သည်။ အကြီးမလေးက အသက်က ၁၂ နှစ်လောက်ပဲ ရှိဦးမည်။ အငယ်လေးကတော့ ၁၀ နှစ်လောက်ပဲ ရှိဦးမည် ထင်သည်။ သူတို့ နှစ်ယောက်ကို စျေးထောင့်က အမှိုက်ပုံမှာ ဖွပြီး နေတာ မကြာခဏ တွေ့ရတတ်သည်။

တဆက်တည်း ဒီခံစားမှုတွေနဲ့ ဆက်စပ်ပြီး ဖတ်လိုက်ရသည့် ကဗျာတစ်ပုဒ်က ခေါင်းထဲ ရောက်လာပြန်သည်။ ဆရာခရမ်းပြာထက်လူ၏ ကဗျာတစ်ပုဒ် ဖြစ်ပါသည်။

ဒီနေ့ ကျွန်တော် ကော်မရှူဖြစ်

သူမရင်ဘတ်ပေါ်က သစ်သီးဝဿန်ပြပွဲနဲ့
နွေရာသီ ဘာဘီကျူးပွဲတော်
ကိုယ်တော်ဟာ မောင်းမမိဿံတစ်ကျိပ်နဲ့ ရေကြောင်းစစ်ပွဲနွှဲတယ်
ကားပေါ်က ခင်ဗျားလွှင့်ပစ်ခဲ့တာ ကျွန်တော့်ဘဝ ရေမီးအစုံပါ
ဘီယာဗူးခွံများနဲ့ လုံးထွေးပါလာတဲ့ အတွင်းခံတစ်ထည်ကတော့
ကျွန်တော့်ညီမလေး သို့မဟုတ် မေမေ့အတွက်။ ။


ဒီလို လမ်းပေါ်က ဘဝတွေနဲ့ ပါတ်သက်ပြီး စိတ်ခံစားမှု ဖြစ်နေသည့်အချိန်မှာပဲ စာအုပ်တစ်အုပ်က ဆိုက်ဆိုက်မြိုက် ရောက်လာပြန်သည်။ စာရေးသည့်သူနှင့် မိမိနှင့်က ရင်းနှီးခင်မင်သည်မို့ စာရေးသူ ကိုယ်တိုင် တကူးတက ပို့ပေးသည့် စာအုပ်၊ စာရေးဆရာက ရွှေဘိုမှာ ရွှေခြင်္သေ့လို့ ခေါ်တဲ့ ပရဟိတ လူငယ်ပြုပြင်ရေးကျောင်း တည်ထောင်ထားသည့် ဆရာတော်တစ်ပါး ဖြစ်သည်။ ဆရာတော်က သူ့ဂေဟာမှာ ရောက်လာသည့် လမ်းပေါ်က လူတွေရဲ့ အကြောင်းကို အင်တာဗျူးလုပ်ပြီး ရေးထားပုံရ သည်။ စာအုပ်တစ်အုပ်လုံးက အပြန်အလှန်ပြောစကား ဒိုင်ယာလော့တွေနဲ့ချည်း ရေးထားတာတွေ့ရသည်။

"မှတ်ကြီးတို့က ရွှေဘိုမှာ အဖမ်းခံရတာ မဟုတ်ဘူး။ မန္တလေးမှာ အဖမ်းခံရတာ။ မှတ်ကြီးရယ်၊ အေးရီမ ပါတယ်။ မနည်းဘူးပဲ။ တက္ကသိုလ်ကျောင်းဘေးမှာ အိပ်တဲ့ဟာတွေလည်း အကုန်ပါတယ်။ အယောက် ၃၀ လောက် ရှိမယ်။

"လာဖမ်းတာက အမှတ်(၉) ရဲစခန်းက၊ သူတို့က အသက်ဘယ်လောက်၊ နာမည်ဘယ်သူဆိုတာ မေးတယ်။ အသက်စေ့သွားတဲ့ ကောင်တွေ၊ ကြယ်ကြီးတို့၊ အာ့ကောင်တွေရော အကုန်လုံး၊ မင်းဇော်ဦးတို့ရော အိုးဘိုထောင်ထဲ ပါသွားတာ၊ အသက်မပြည့်တဲ့ သူတွေက ကျုံးရဲ့ ဒီဘက်က တိရစ္ဆာန်ဥယျာဉ်ရဲ့ ဒီဘက်က ကလေးထောင်ကို ပို့တယ်။ အဲဒီကို ပို့တာက ၁၀ ယောက်ကျော်လောက် ရှိတယ်။ အိုးဘိုထောင်ထဲက တော်တော်များတယ်။ ငါလည်း ပြန်ပြေးလာတာ။ ငါ့ ဘယ်မိမှာလဲ၊ (၄၁) ဂုံးအောက် လိုဏ်ဂူကြီးမှာ အိပ်တာကိုး၊ သူတို့က အပေါ်မှာ အိပ်တော့ အကုန်ပါသွားတာ။ ငါနဲ့ ခင်မောင်ထွန်းနဲ့ နှစ်ယောက်ပဲ လွတ်တာ"

စာအုပ်တစ်အုပ်လုံး ထိုကဲ့သို့သော စကားပြောခန်းများဖြင့် ရေးထားသည်။ လမ်းပေါ်မှာ တွေ့ကြုံရသည့် သူတို့၏ ဘဝအတွေ့အကြံု အဖြစ်အပျက်တွေကို ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ထားသည့် စကားများ ဖြစ်သည်။ တစ်အုပ်လုံး ဖတ်ကြည့် လိုက်တော့ လမ်းပေါ်က လူတွေရဲ့ ဘဝတွေက အမျိုးစုံပဲ ဖြစ်သည်။ တချို့ဘဝတွေက တော်တော့်ကို ဆိုးဆိုးဝါးဝါးပဲ ဖြစ်သည်။ သူတို့သည် သင်တန်းကျောင်းတွေ ရောက်လိုက်၊ ပြုပြင်ရေးကျောင်းတွေ ရောက်လိုက်ဖြင့် သံသရာလည်နေတာလည်း ရှိသည်။

"သင်တန်းကျောင်းမှာ ကော်တွေလည်း ရှူကြတာ၊ အဆောင်ထဲမှာ ဖြစ်ချင်သလို ဖြစ်နေကြတာ၊ အပြင်က ကော်ရတာ၊ အထဲခေါင်းဆောင်ရယ် အပြင်ခေါင်းဆောင်ရယ် ရှိတာ။ အပြင်ခေါင်းဆောင်ကို လာဘ်ထိုးပြီး ကော်ဝယ်ခိုင်းတာ။ ကော်ပြီးတော့ ဒက်စတိုဆိုတာ ခေတ်စားလာတာ။ ဒက်စတိုဆိုတာ ဆေးပဲ။ ချောင်းဆိုးပျောက်ဆေး ကော်ထက်သာတယ်။ မသိရင် နံပါတ်ဖိုးလိုပဲ။ ဆေးပြား။ ကော်ရှူတာ ရိုးနေတော့ ငါက အစ်ကို အဲ ဒက်စတိုလေး သောက်ကြည့်ရအောင် ကျွန်တော့်ကို ပေးပါ့လားလို့၊ ကျွန်တော်က သူ့ဆီက ငါးလုံးလား မသိဘူး ယူပြီးသောက်တော့ ၃ - ၅ မိနစ်လောက်နေတော့ မျက်လုံးထဲမှာ ဘာမှကို မသိတော့ဘူး။ ကြောင်သွားတာ နားတွေက ဆူနေတော့တာ" ဒါက သင်တန်းကျောင်းက ဇာတ်လမ်းတစ်ခု ဖြစ်သည်။

"ရန်ကုန်၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ ဒညင်းကုန်း၊ နတ်စင်လမ်း၊ လှည်းတန်း၊ ဆူးလေ၊ ကမ္ဘာအေး၊ ရွှေတိဂုံ အကုန်လျှောက်ပတ်သွားတာ။ မြို့ပတ်ရထားနဲ့ အဘွားအိမ်လိုက်ပို့တဲ့ ကောင်လေးတွေက လိုက်ပို့တာ၊ ဗူးခွံကောက်ရင်းနဲ့ သွားတာ၊ တောင်ဥက္ကလာမှာ တစ်ရက်ကောက်ပြီးရင် နောက်နေ့ အာ့မှာ မကောက်တော့ဘူး။ မြောက်ဥက္ကလာမှာ သွားကောက်တာ။ ပြီးရင် ဒညင်းကုန်း၊ အင်းစိန်၊ ပြီးရင် ဗိုလ်ချုပ်စျေး၊ သီရိမင်္ဂလာစျေး၊ လှည်းတန်း၊ စံပြ၊ ဆူးလေ၊ ကမ္ဘာအေး၊ ရွှေတိဂုံ အကုန်လုံး ပတ်ကောက်။ ပြီးရင် သုံးဘီးနဲ့ တင်၊ ပြီးတော့ ရောင်းတယ်။ တစ်ခါတစ်ခါ ကောက်ပြီးရင် သုံးသောင်းခွဲ၊ လေးသောင်းလောက်တော့ ရတယ်။ သုံးယောက်ကောက်တာ။ ပြန်လာပြီးရင် ရောင်းတယ်။ ပိုက်ဆံခွဲတယ်။ မျိုးနိုင် မင်းက အဘွားကြီးကို ဘယ်လောက်အပ်၊ တစ်ယောက်ကို ငါးထောင်အပ်တဲ့ နေ့ရှိတယ်။ သုံးထောင် နှစ်ထောင် အပ်တဲ့နေ့လည်း ရှိတယ်။ အဘွားကြီးမှာက သမီးရှိတယ်။ သူ့သမီးကလည်း လိုက်ကောက် တယ်လေ" ဒါက ရန်ကုန်က ဇာတ်လမ်းဖြစ်သည်။

"ငါ့ အကြောင်းက အများကြီး ပြောစရာ မရှိဘူး။ အရင်က ပိုက်ဆံတောင်းတယ်။ တောင်းတော့ ခြေကောင်းလက်ကောင်းနဲ့ လုပ်မစားနိုင်ဘူးလားမေးတော့ ရှက်ပြီး မတောင်းတော့ဘူး။ အမှိုက်ကောက်တယ်။ အဆင်မပြေတဲ့အခါတော့ ခိုးတယ်။ မနက်သုံးနာရီ၊ လေးနာရီဆိုရင် ဖင်ထိုင်ခုံတွေ၊ ဒန်အိုးဒန်ခွက်တွေ ခိုးတယ်။ ဆိုင်တွေက တွန်းလှည်းလေးတွေထဲ မိုးကာလေးနဲ့ အုပ်ထားခဲ့တာဆိုတော့ ခိုးရတာ လွယ်တယ်။ တစ်ခါတစ်လေ ခုံရောင်းတဲ့ ဆိုင်တွေကနေ ခိုးတယ်။ အသစ်လည်း ပိဿာချိန်စျေးပဲ။ တက္ကသိုလ်နားက လက်ပံတန်းရပ်ကွက် မေတင်ဝင်း၊ ဦးဝင်းနိုင်ဆီမှာ ရောင်းတယ်။ ရဲတွေလည်း သိတယ်။ တန်ကြေးမရှိတော့ မဖမ်းဘူး။ ဖုန်းတို့ဘာတို့ဆိုရင်တော့ ဖမ်းတယ်။

လမ်းဘေးကတော့ ငယ်ငယ်လေးထဲက ရောက်တာ။ ၄ နှစ်လား၊ အင်း ၆ နှစ်၊ ၇ နှစ်လောက် ရှိမလား မသိဘူး။ အမေက နောက်ယောက်ျားယူသွားတော့ အဖေနဲ့ ကျန်ရစ်ရော၊ အဖေက မြေကား မောင်းတယ်။ အရက်သောက်ရင်း ဘုရားကုန်းပေါ်မှာ သေနေတာ။ အဖေသေတော့ အမေနဲ့ ပြန်နေသေး တယ်။ နောက်တော့ လမ်းဘေးက အမှိုက်ကောက်တဲ့သူက မွေးစားတာ၊ ဘုရားပေါ်မှာ ထိုင်နေတုန်း အကိုကြီးက ကော်ဘူးကြီးနဲ့ ရောက်လာတယ်။ သူက ခေါ်သွားတာ"

"အေး ပြောပြမယ်။ လမ်းဘေး စ ရောက်တာကစ ပြောပြမယ်။ သမီးကတော့ ဘယ်သူမှ နှိပ်စက်လို့ ထွက်ပြေးလာတာ မဟုတ်ဘူး။ ကစားရင်း ရောက်လာတာ ၊ လမ်းဘေးရောက်မှ နှိပ်စက်ခံရတာ။ သမီးလောက် နှိပ်စက်ခံရတာ သမီးပဲ ရှိတယ်။ သမီးလမ်းဘေးကို ရောက်တာက ရထားစီးပြီးတော့ ပြန်မဆင်းတတ်တော့လို့။ ငါတို့ ရထားကြီး သွားစီးကြရအောင် ဆိုပြီးတော့ ကလေးတွေကို ပြောတယ်။ ရထားပေါ်လည်း ရောက်ရော နောက်ဆုံးကျတော့ ကလေးတွေက ဘယ်အချိန် ဆင်းသွားမှန်း မသိဘူး။ သမီး တစ်ယောက်တည်း ကျန်ခဲ့တာ။ အဲဒါနဲ့ မန်းလေးမြို့ကြီးကို ပါသွားတာ၊ အမှိုက်ကောက်တဲ့ ကလေး တွေနဲ့ တွေ့တော့ သူတို့နဲ့ ဘုရားကြီးကို ပါသွားတာ"

သူတို့အားလုံးသည် ရွှေဘို ရွှေခြင်္သေ့ ပရဟိတ လူငယ်ပြုပြင်ရေးကျောင်းကို ရောက်လာကြသူတွေ ဖြစ်သည်။ သူတို့ ဘဝဇာတ်ကြောင်းတွေက တစ်ယောက်နဲ့ တစ်ယောက် မတူ၊ စိတ်ဝင်စားစရာတော့ ကောင်းသည်။ သူတို့အားလုံးမှာ မှတ်ပုံတင် မရှိကြ၊ ထိုကျောင်းမှာက ကိုရင်ဝတ်မယ်ဆိုရင်လည်း ဝတ်လို့ရသည်။ ပညာသင်ချင်ရင်လည်း သင်လို့ ရသည်။ မိန်းခလေးတွေဆိုလည်း အချုပ်အလုပ်စသည် သက်မွေးဝမ်းကျောင်းပညာ သင်ပေးသည်။ ထိုသင်တန်းကျောင်းမှ လူတော်လူကောင်းလေးတွေ ဖြစ်လာကြသူတွေပင် ရှိသည်။ တချို့ကလေးတွေက ခွေးမြီးကောက် ကျည်တောက်စွပ် ဆိုသလို ပြုလို့ ပြင်လို့ မရ၊ လမ်းပေါ်မှာပဲ ပျော်သည်။ လမ်းပေါ်မှာပဲ နေချင်သည်။ လမ်းနှင့် တသားတည်း ကျနေသလိုမျိုး ဖြစ်သည်။

"လမ်းပေါ်မှာ နေရတာက တစ်ခု ထူးခြားသွားတာ ရှိတယ်။ ဘာထူးခြားလို့ ထူးခြားမှန်း မသိဘူး။ အိမ်မှာ နေရတာလည်း လွတ်လပ်တယ်။ ကျောင်းမှာ နေလည်း လွတ်လပ်တယ်။ လမ်းဘေးမှာလည်း လွတ်လပ်တယ်။ ဒါပေမဲ့ လမ်းဘေးမှာပဲ ပျော်တယ်။ စိတ်က အာ့ပေါ်မှာ ရောက်နေတာ။ အာ့ဒါကို စဉ်းစားရ ခက်နေတာ။ လမ်းက ဆွဲဆေးများ ကျွေးနေတာလား မသိဘူး။ ပျော်တာ။ ဘယ်လိုပျော်လည်း ဆိုတော့ လျှောက်သွားနေရတာရယ်။ တစ်ယောက်တည်း လွတ်လွတ်ကျွတ်ကျွတ်နဲ့ ပျော်ပါးနေရတာရယ်။ အာ့ဒါကြောင့် စိတ်က လမ်းပေါ်ပဲ ပြန်ရောက်နေတာ။ အိပ်ချင်လည်း လမ်းပေါ်မှာ ထိုးလှဲ အိပ်လိုက်တာပဲ"

ဇာတ်ကားထဲက ဇိမ်း ကတော့ မကျေနပ်ချက်တွေနဲ့ သူ့မိဘတွေကို သူ့ကို မွေးဖွားခဲ့ရမလားဆိုပြီး တရားစွဲဆိုသည်။ အခု ဒီက လမ်းပျော်ငှက်လေးတွေကတော့ ဘယ်သူ့ ကိုမှ တရားစွဲလိမ့်မည်မထင်။ လမ်းပေါ်မှာပဲ ပျော်ပြီး လမ်းနှင့် တသားတည်း ကျနေခဲ့ပြီးပဲလေ။ ။

စာကိုး = လမ်းပျံငှက်၊ မောင်လူရေး