Breaking News

ဇော်သစ်ကြည် ● နေရာအထားအသို

ဇော်သစ်ကြည် ● နေရာအထားအသို
(မိုးမခ) ဇူလိုင် ၉၊ ၂၀၁၉

တနေ့က ကားဘီးဖြုတ်တဲ့ စပန်နာသီးပျောက်လို့ ဒေါင်းတောက်အောင် ရှာခဲ့ရပါတယ်။ ထားနေကျ နေရာမထားမိရင် မသုံးခင်တော့ ဘာမှမဖြစ်ပေမယ့် လိုအပ်လာပြီဆိုရင် အတော်ဒုက္ခရောက်ပါတယ်။ ဘယ်သူ့ဆီက ငှားလို့ရနိုင်မလဲ၊ သူတို့ ဟာနဲ့ ကိုက်ညီရဲ့လား၊ ငှားရော ငှားပါ့မလားလို့ ခေါင်းပူအောင် စဉ်းစားရပါတယ်။ တကယ်သွားငှားတော့လည်း မျက်နှာပူပူနဲ့ ငှားရ၊ ကျေးဇူးတင်စကား အထပ်ထပ်ပြောရ၊ ကိုယ့်စိတ်ထဲ ကျေးဇူးအကြွေးတင်သွားသလို ခံစားရပါတယ်။ စည်းစနစ်ကြီးတဲ့ တချို့က ပစ္စည်းအငှားအရမ်း သိပ်မလုပ်ချင်ဘူး မဟုတ်လား။ ကိုယ်ကလည်း ကိုယ့်အပြစ်နဲ့ ကိုယ်ကိုး။

တနေ့က လယ်ယာလုပ်ငန်းခွင်ကနေ ထိခိုက်ဒဏ်ရာရလာတဲ့လူငယ်တယောက် ရောက်လာခဲ့ပါတယ်။ ခြေဖမိုးမှာ ဒဏ်ရာ က ဟက်တက်ကွဲနေပါတယ်။ အနာကို ဆေးကြောပြီး ချုပ်ပေးနေတုန်း ဖအေဖြစ်တဲ့သူ ရောက်လာပါတယ်။ သူက သူ့သား ကို နပ်တလုံး ပြလိုက်တယ်၊ မင်းပျောက်နေတဲ့ နပ် မဟုတ်လားတဲ့။ မနက်က ထွန်ဆံနပ်တလုံး ပြုတ်နေတာကို တွေ့တဲ့နပ်နဲ့ ကောက်တပ်သွားတယ်တဲ့။ ဝက်အူအရစ်က မကိုက်လို့ ထွန်ဆံချောင်ပြီး ခြေထောက်လာခုတ်မိတာ နေမှာပေါ့တဲ့။ အနာချုပ် နေရင်း ချုပ်အပ်အရွယ်အစားကို ပြန်ကြည့်မိလိုက်ပါတယ်။

ရှေးတုန်းက ဘုရင်တပါးက သူ့သမီးတော်လေးကို ရယ်အောင်လုပ်ပြနိုင်ရင် သမက်တော်ဖြစ်စေမယ်၊ အိမ်ရှေ့စံ အပ်နှင်းမယ် တဲ့၊ မောင်းခတ်ကြေညာလိုက်တယ်။ အောက်လုံးတွေတော့ မပြက်ရဲဘူး နေမှာပေါ့။ တတိုင်းပြည်လုံးက ပုရိသမှန်သမျှ ကြိုးစားယှဉ်ပြိုင်ကြတာပေါ့။ သူတို့က ဇာတ်လိုက်မှမဟုတ်တာ၊ ဘယ်နိုင်ပါ့မလဲ။ ဒါပေမယ့် ရွှေဘကြီးဆိုရင်လည်း နိုင်မှာ မဟုတ်ပါဘူး။ သူက ဖိုက်တင်ပဲရတာ မဟုတ်လား။ အားလုံးလက်လျော့ရတဲ့ အနေအထားရောက်မှ ဇာတ်လိုက်က ထွက် လာပါတယ်။ ပါဖော့မန့်က သူတယောက်တည်း၊ ဖိုခနောက်လေး သုံးလုံး၊ မြေအိုးလေးနဲ့ ယောင်းမ ခါးထိုးထွက်လာပါတယ်။ ထမင်းအိုးတည်ရင်း မွှေရမယ့်အချိန်ရောက်တော့ ယောင်းမရှာသတဲ့လေ။ ယောင်းမခါးထိုးပြီး အသဲအသန်ရှာနေတာကို မရီချင် ဘယ်သူရှိမလဲ။ မင်းသမီးလေးက အရင်ဆုံးရယ်မိသတဲ့။ ရပ်ထဲ ရွာထဲ ယောင်းမခါးထိုး ရှာတယ်လို့ ပြောတတ်ကြတယ် နော်။

ငယ်ငယ်က အမေနဲ့ အိမ်လည်သွားရင်း အိမ်ရှင်က မြူရွက်သုတ်နဲ့ ဧည့်ခံတယ်။ ငယ်ငယ်က အိမ်လည်သွားလေ့ ရှိကြတယ် ဗျ။ သူ့အိမ် ကိုယ်သွားလည်၊ ကိုယ့်အိမ် သူလာလည်နဲ့၊ ကူးချည်သန်းချည် လုပ်ကြတယ်။ ခုများ သိပ်မလည်ဖြစ်ပေါင်။ အဲဒီ အိမ်သွားလည်တော့ ခုနက မြူရွက်သုတ်အကြောင်းလေး ဆက်ပြောပါရစေ။ မြူရွက် ရေဖျော၊ ဆီချက်မွှေးမွှေး၊ ပဲမှုန့်စေးစေး လေးနဲ့ဆိုတော့ မြင်တာနဲ့ သွားရည်ကျလောက်ပါတယ်။ ကိုယ်က ကလေးဆိုတော့ အမေ့အရင် စားလို့ မဖြစ်သေးဘူးကိုး။ အမေတို့ကလည်း စကားကောင်းနေလေရဲ့။ အမေ့နားမှာ ထိုင်နေတဲ့ ကျွန်တော်က လက်ကုတ်တော့ အမေက သားဖြစ်သူကို ကြည့်ပြီး သဘောပေါက်တယ်။ အသုတ်ပန်းကန်ကို ယူပြီး စားမယ်လုပ်တယ်။ မစားသေးဘဲနဲ့ နှာခေါင်းရှုံ့ပြီး ဟဲ့… နင်တို့ အသုတ်ကလည်း အနံ့တစ်မျိုးကြီးပါလားတဲ့။ စားမှဖြင့် မစားဘဲ၊ အနံ့ခံနေသေးတယ်။ အဲတော့ အိမ်ရှင်မက ယူနမ်းကြည့် တယ်။ ဟုတ်ပါ့… ဘာနံ့ကြီးမှန်း မသိဘူးတဲ့။ သူ့ယောကျ်ားကို ခေါ်ပြောတယ်။ မီးဖိုချောင်ထဲက လက်စွမ်းပြနေတဲ့ သူ့အမျိုး သားကထွက်လာပြီး အသုတ်ကို မြည်းကြည့်တယ်၊ ထွီ…ထွမ်။ ကျွန်တော်လည်း မြည်းမကြည့်မိဘူး…မမရင်ရယ်တဲ့။ ပြီးတော့ မီးဖိုချောင်ထဲ ဝင်သွားပြီး ပဲမှုန့်အိတ်ကို ယူပြတယ်၊ ဒါ ပဲမှုန့်အိတ် မဟုတ်လားတဲ့။ သူ့မိန်းမက သေချာကြည့်လိုက်ပြီး၊ ဒါ မြေပိုးသတ်ဆေးမှုန့်တွေတဲ့။ ဒုက္ခပဲ၊ အစားမတော် တစ်လုပ်ဖြစ်တော့မလို့။

တခါက မြို့နယ်အစည်းအဝေးတစ်ခုမှာ တိုင်းအစည်းအဝေးသွားတက်တဲ့ အထက်လူကြီးက ဒေါနဲ့ မောနဲ့ ပြန်ရောက်လာ တယ်။ သူက ဒီမနက်ကအဖြစ်အပျက်ကို ရင်ဖွင့်ပြတယ်။ သူ့နေရာမှာ ကျွန်တော်ဆိုလည်း ဒေါကန်နေမှာပဲ။ တိုင်းအစည်း အဝေးက အဲဒီမြို့မှာလို့ သူ့လက်ထောက်ကပြောလို့ အရောက်ပြေးရသတဲ့။ ရောက်တော့ ဘယ်သူမှမရှိတော့၊ သူ့လက် ထောက်ကို ထပ်မေးပြီး နောက်တနေရာ အပြေးအလွှားသွားရတာပေါ့၊ နာရီဝက်လောက် နောက်ကျလည်း ဘာဆန်းလဲ။ ရောက်တော့ ခြေရာလက်ရာမပျက်၊ ဘယ်သူမှ မရှိသေးဘူး။ တို့များ စောရောက်နေသလား၊ ဆယ့်ငါးမိနစ်လောက် ထိုင် စောင့်နေကြသတဲ့။ အစောင့်က လာမေးတော့၊ ဒီနေရာမှာ ဘာအစည်းအဝေးမှ မရှိမှန်းသိသွားတော့၊ သူ့လက်ထောက်ကို ဆဲမိသတဲ့။ ဟုတ်မှာပဲ၊ ကျွန်တော်ဆို တစ်တစ်ခွခွ ဆဲမှာပဲ။ သုံးနေရာမြောက် နေရာမှန်ရောက်တော့ ဟိုက မနက်ပိုင်း အစီ အစဉ်ပြီးသွားပြီတဲ့။

မနေ့က ဖေ့စ်ဘုတ်ပေါ်မှာ ပို့စ်ကလေးတစ်ခု ဖတ်လိုက်မိတယ်။ ရှည်ရှည်တောင်တောင်ဆို မျက်စိ ညောင်းလို့ မဖတ်ပေမယ့် အဲဒီပို့စ်ကလေးက အပြီးထိဖတ်ချင်အောင် ဆွဲခေါ်သွားပါတယ်။ အသက်ခပ်ကြီးကြီး အရွယ်က မြေးအရွယ်မိန်းကလေးကို အိမ်သာထဲ ဆွဲခေါ်ပြီး စော်ကားတဲ့အမှုလေ။ ကလေးခမျာ အူတွေ အပြင်ထွက်လာသတဲ့။ ဒါကို အကြိမ်ကြိမ် လူမဆန်တဲ့ဖြစ် ရပ်ဟာ အသည်းနာစရာကောင်းပါတယ်။ ဒါပေမယ့် သူတို့နိုင်ငံရဲ့ဥပဒေအရ ထောင်ဒဏ်ဆယ်နှစ်ပဲ ကျခံရသတဲ့။ တနိုင်ငံ လုံးက ရွံရှာမုန်းတီးပြီး သေဒဏ်ပေးဖို့၊ တသက်တကျွန်းပို့ဖို့ တောင်းဆိုကြပေမယ့် မရဘူးတဲ့လေ။ တခါတလေ ဥပဒေ ကများ သူတို့ကို အကာအကွယ်ပေးနေသလားလို့ အောက်မေ့မိတယ်။

ပဉ္စဝုဓမင်းသားအကြောင်းကို ပြောချင်တယ်။ ဒီအကြောင်းက ဘာလို့ခေါင်းထဲ ဝင်လားသလဲ ဆိုတော့ ကမ္ဘာကျော်သော်လည်း မြန်မာမကျော်တဲ့ သိပ္ပံပညာရှင် ဦးဘမော်အကြောင်းကို ဖတ်မိလိုက်လို့ပါ။ ဒီဆရာကြီးမှာ ပဉ္စဝုဓမင်းသားလို အကြံဉာဏ် ကောင်းပေးမယ့် မိတ်ဆွေမရှိခဲ့ဘူးလို့ တွေးမိပါတယ်။ မင်းသားက သူ့တိုင်းဌာနေမှာ မင်းမဖြစ်နိုင်ဘူးဆိုတာနဲ့ အလွန်ကြမ်း တမ်းတဲ့တောအုပ်ကြီးကိုဖြတ်ပြီး သူ့အောင်မြေကို ပြောင်းရွှေ့ခဲ့တယ်လေ။ ဘီလူးတွေ ဘာတွေနဲ့ တွေ့ပြီး လက်နက်ငါးပါးနဲ့ ဉာဏ်ပညာဆိုတဲ့ ဝရိဇိန်လက်နက်ကို ထုတ်သုံးလိုက်တော့ အောင်နိုင်ခဲ့ပါတယ်။ ကြိုးစားသလောက် ထွန်းပေါက်ခွင့်ဆိုတာ ကာလံဒေသံပေါ်လည်း မူတည်နေတယ် မဟုတ်လား။

ပုဂံက ကမ္ဘာ့အမွေအနှစ်စာရင်းထဲပါသွားတယ်လို့ ၆.၇.၂၀၁၉ က သတင်းတွေတက်လာပါတယ်။ ပုဂံခေတ်ကို ထူထောင်ခဲ့တဲ့ ဖောင်ဒါ အနော်ရထာမင်းကြီးကို ကျေးဇူးတင်မိတယ်။ အတော်ထူးခြားတဲ့မင်းဗျ။ ရှင်ဘုရင်မဆန်တဲ့ ရှင်ဘုရင်ဗျ။ သူရဲ ကောင်းချစ်တဲ့မင်းဆိုတာမျိုးက အတော်ရှားတယ်လေ။ ကျန်စစ်သားကို ပြည်ထဲရေးနဲ့ ကာကွယ်ရေးကိုင်ခိုင်းတယ်။ ငထွေရူးကို စီးပွားကူးသန်း၊ ငလုံးလက်ဖယ်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ဆည်မြောင်း၊ ညောင်ဦးဖီးကို ပို့ဆောင်ရေးနဲ့ ဆက် သွယ်ရေး၊ သူ့နေရာနဲ့ သူပေးထားခဲ့တယ်။ ပထမမြန်မာနိုင်ငံတော်ကြီးကို မြေပုံအနေနဲ့ ကြည့်ရတာ အတော်ကျယ်ပြန့်ခဲ့တာ တွေ့ရပါတယ်။ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးလည်း စည်ပင်ခဲ့ပါသတဲ့။ မင်းကောင်းမင်းမြတ်ဆိုတာမျိုးက ဒီလိုကိုး။

ကျွန်တော်က စာလေးဘာလေးရေးတော့ အတော်လေး စဉ်းစားရကြပ်တာတခု ရှိပါတယ်။ ရေးပြီးသားစာမူကို ဘယ်ကို ပို့ရမလဲဆိုတာကိုပေါ့။ ဘယ်တိုက်အတွက်ဆိုပြီး ရည်ရွယ်ရေးတာမှမဟုတ်တာ။ ဒီအတိုင်းရေးချင်တာနဲ့ ချရေးလိုက်တာ မျိုးကိုး။ ဘယ်တိုက်ကမှလည်း ရေးပေးပါလို့ တောင်းမထားဘူးလေ။ ဒီတော့ လွတ်လွတ်လပ်လပ် ရေးချင်တာ ချရေးလိုက် တာပဲ။ ရေးတတ်သလို ရေးလိုက်တာပဲ။ အဲတုန်းက ပေါ့ပေါ့ပါးပါး ရွှင်ရွှင်မြူးမြူးပေါ့။ အဲ ရေးပြီးလို့၊ အချောကိုင်ပြီးလို့ ပို့မယ် ဟေ့ဆိုမှ ဂွ (ခွ) ကျတော့တာပဲ။ ဟိုတိုက်က ဟိုဟာတွေ ရွေးတာများတယ်၊ ဒီတိုက်က ဒါမျိုးမှကြိုက်တာ၊ ဒီလိုဆို မရွေး လောက်ဘူး၊ ချာချာလည်နေတာပဲ။ စီအိုင်ဒီအလား စဉ်းစားရတယ်။ ကိုယ်ရေးလိုက်တာက ကျန်းမာရေးဆောင်းပါး၊ ပို့ လိုက်တဲ့တိုက်က အတွေးအမြင်သီးသန့်ဆို ပြီးပါလေရော၊ ပြီးတော့ မရွေးဘူးလို့လည်း အကြောင်းမပြန်၊ ခြောက်လတစ်နှစ် စောင့်ကြည့်ရမယ်တဲ့။ သေဟ နန္ဒိယ။

သီချင်းတွေထဲမှာ ရထားကြီးထွက်လို့သွားပြီ…တို့၊ ဒီရထားကြီးထွက်ချိန် မမှီဘူးဆို…တို့ ကြားမိတိုင်း ငယ်ငယ်က ကြားဖူး တဲ့ဟာသလေးကို သတိရမိတယ်။ ရွာက ဘကြီးတယောက်ပေါ့။ ရထားလည်း စီးဖူးဟန်မတူပါဘူး။ ရွာမှာ ရထားလမ်း ပေါက်တော့ စီးဖူးတယ်ရှိအောင် စီးကြည့်တာနေမှာပေါ့။ ရထားကလည်း အဲတုန်းက အချိန်မှန်တာကိုး။ ဆိုက်ရောက်ချိန်၊ ထွက်ခွာချိန်တွေက တိကျပြတ်သားလွန်းတယ်။ ဘကြီးက မနက်စာ အိမ်က မစားခဲ့ရတော့ ဘူတာအောက်က လက်ဖက် ရည်ဆိုင်မှာ ထိုင်သောက်နေတာကိုး။ ရထားက ဥသြဆွဲတယ်။ သုံးခါဆွဲတယ်။ ဆိုင်ရှင်တွေက ဘယ်သွားမလဲ မေးတယ်။ မန္တလေးလို့ ဖြေတယ်။ ဟိုမယ်… ရထား ထွက်တော့မယ်ဆိုတာကို ပြုံးပြုံးကြီးနဲ့ အေးဆေးလုပ်နေလေရဲ့။ ဒါကြောင့် ဆိုင်ရှင်တွေကလည်း ပုဂံရထားကို စောင့်နေတယ်ထင်ပြီး မပြောတော့ဘူး။ ရထားက ထွက်သွားတော့မှာ ဘကြီးက ပြူး တူးပြာတာ ဖြစ်သွားတာ ပေါ့။ ဟ…ဟ ရထားထွက်သွားပြီးဟ၊ အဲဒီရထားလက်မှတ်က ငါ့ဆီမှာတဲ့။ လက်မှတ်ကိုင်ထားရင် လူမစုံဘဲ ရထားမထွက်သေးဘူး အောက်မေ့နေသတဲ့လေ။ ဒုက္ခပါပဲ… ဘကြီးရာ။

မိဖုရားကြီးက လင်တော်မောင်ကို ပူဆာတာပေါ့။ သူပူဆာတာက မဖြစ်နိုင်တာကြီးကိုး။ ဒီတော့ ဘုရင်လုပ်တဲ့သူက ဉာဏ် ကောင်းတယ်၊ ယောက်ဖတော်ကိုခေါ်တဲ့ပြီး နန်းတော်အောက်မှာ မွေးနေတဲ့ခွေးမကြီးကို သွားကြည့်ခိုင်းတယ်။ ယောက်ဖ တော်ကလည်း ဘုရင့်ယောက်ဖသာဖြစ်နေတာ ဂျလေဘီထင်ပါရဲ့၊ ငါ့ယောက်ဖတော့ အုန်းကြောင်နေပြီ၊ ဘယ်နှယ့် ခွေးမွေး တာ သွားကြည့်ခိုင်းသလဲပေါ့။ ဘုရင့်ရှေ့မှောက် ပြန်ရောက်တော့ မွေးပါပြီဘုရားလို့ သံတော်ဦးတင်လိုက်တယ်။ အဲတော့ ဘုရင်က ဘယ်နှကောင်လဲမေးတော့ ပြန်ကြည့်ရ။ ငါးကောင်ပါဘုရား။ ဘာအရောင်တွေလဲတဲ့၊ ညစ်ပြီ။ အဖြူရယ်၊ အနက် ရယ်၊ အနီရယ်ပါဘုရား။ အဖြူ ဘယ်နှကောင်လဲ။ ပြန်ကြည့်လိုက်ဦးမယ်… သည်းခံပါဘုရား။ ဘုရင်က ပြုံးနေတယ်။ မိဖု ရားကြီးက မဲ့နေတယ်။ ဝန်မင်းတွေက ခေါင်းခါနေတယ်။ အဖြူတကောင်ပဲပါတာပါဘုရား…။ အနက်…၊ အနီ… တခါ မေးတိုင်း၊ တခါပြေးကြည့်၊ တခါပြန်ဖြေ…၊ အချိန်ကုန် လူပန်းပေါ့။ အဲဒီအချိန်ရောက်မှ ဘုရင်ကမေးတယ်၊ မိဖုရားကြီး… သင့်မောင်တော်ကို ဘယ်ရာထူးပေးချင်တာတုန်းတဲ့။

အရင်အစိုးရလက်ထက်တုန်းက တော်တော်ပျော်စရာကောင်းတယ်ဗျ။ ခုလို ရိုက်မှုတို့၊ ထောင်ဆူတာ တို့၊ မီတာခတက်တာတို့၊ မယ်ခွေတို့၊ သက်ငယ်မုဒိန်းတို့နဲ့ ရှုပ်ယှက်ခက်မနေပါဘူး။ ပျင်းရင် လွှတ်တော်ထဲက သတင်းတို့၊ ဝန်ကြီး ပြောစကားတို့၊ သတင်းစာခေါင်းကြီးပိုင်းတို့ ကောက်ဖတ်လိုက်ရုံပဲ။ လူရွှင်တော်တွေတောင် လက်မှိုင်ချရလောက်တယ်၊ လူပြက်ငိုတွေပေါ့။ စင်္ကာပူကို အမှီလိုက်တော့မှာ၊ နို့သောက်ပါ၊ နယ်လှည့်ပါးရိုက်၊ ဟင်းတစ်ခွက်လျော့စား၊ သမီးနှစ်ယောက်နဲ့ ပေးစားမယ်… အများကြီးပဲ။ သူတို့က ဖျော်ဖြေရေးမှာ ဝင်လုပ်ရမှာ မဟုတ်ဘူးလား။ တချို့က ပြောကြတာပါ။

ကျွန်တော်က ဆရာတယောက်ကို စောဒက တက်ဖူးတယ်။ ကျွန်တော်သာ အမေရိကားမှာမွေးခဲ့ရင် သမ္မတဖြစ်မှာပါလို့။ ဆရာကလည်း ကျွန်တော့်ကို စေ့စေ့ကြည့်ပြီး ထောက်ခံပါတယ်။ ဟုတ်တယ်လေ၊ ခင်ဗျားလည်း သမ္မတဖြစ်နိုင်ပါတယ်။ အမေရိကားမှာဆိုရင်ပေါ့။

ဇော်သစ်ကြည်
၇.၇.၂၀၁၉ 
မနက် ၁၀ း ၁၆