Breaking News

ခင်လေး (Aotearoa)- တိမ်ဆိုင်ဖြူရှည်ရှည်လေးရှိရာမြေက ကိုဗစ်-၁၉၊ ဒုတိယလှိုင်း- မှတ်တမ်း-၅


thespinoff.co.nz

တိမ်ဆိုင်ဖြူရှည်ရှည်လေးရှိရာမြေက ကိုဗစ်-၁၉၊ 

ဒုတိယလှိုင်း- မှတ်တမ်း-၅

ခင်လေး (Aotearoa)

(မိုးမခ) အောက်တိုဘာ ၁၀၊ ၂၀၂၀


ပထမ/ဒုတိယနေ့၊ သတိပေးချက် အဆင့် ၁

သတိပေးချက် အဆင့် ၁ ကို ပြန်ချတဲ့ ပထမဆုံးနေ့မှာ သတင်းက ရွေးကောက်ပွဲအကြောင်းနဲ့ပဲ ပြည့်နေပါတယ်။ နောက်ဆုံးမဲပေးရမယ့်နေ့နဲ့ မဲရေမယ့်နေ့ကို ရောက်ဖို့ ၁၁ ရက်ပဲလိုတော့တယ်ဆိုတော့ ပါတီတွေ မဲဆွယ်နေကြတဲ့သတင်းတွေ၊ အကြိုစစ်တမ်းတွေ သုံးသပ်ချက်တွေ စုံလို့ပဲပေါ့။ ကိုးဗစ်သတင်းက သေးသေးလေးပဲပါတယ်။ ပြည်ပကပြန်လာတဲ့သူတွေထားတဲ့ ကွာရန်တင်းနေရာမှာ ၂ ယောက် ထပ်တွေ့တယ်တဲ့။ ကိုးဗစ်ကာလ တစ်လျောက်လုံးမှာ ကျန်းမာရေးဝန်ထမ်း အယောက် ၁၇၀ လောက်ပိုးကူးခံခဲ့ရလို့ ပိုပြီးတင်းကျပ်တဲ့ စည်းကမ်းတွေချဖို့ ဒေါက်တာ ဘလွမ်းဖီးလ်ဒ်က ပြောနေပါတယ်။ 

အော်ကလန်ကို ကိုးဗစ်ဒုတိယလှိုင်းအတွက် သတိပေးချက် အဆင့် ၃ ကို တင်လိုက်တဲ့ နေ့က စရေရင် ၅၅ ရက်ကြာအောင် အဆင့် ၃၊ ၂.၅ နဲ့ ၂ တို့မှာ နေခဲ့ရပါတယ်။ ပထမလှိုင်း မှာတုန်းကထက် စိတ်ဖိစီးစရာ စိတ်ပူစရာအကြောင်းတွ ပိုများပြီး အစစအရာရာ ဘေးအန္တရာယ်နဲ့ နီးလွန်းလာတယ်လို့ ကိုယ်ခံစားရပါတယ်။ စဖြစ်တဲ့မိသားစုက ကိုယ်နေတဲ့ အော်ကလန်တောင်ပိုင်းမှာ မတော်တဆ ကိုယ့်ဆီရောက်နေရင် သူများတွေကူးမှာစိုးလို့ ဘယ်မှ မသွားဖြစ်တော့တာ ဒီနေ့မှ ကလေးတွေကျောင်းပြန်မဖွင့်ခင် စိတ်ပြေလက်ပျောက် ရေဥယျာဉ်လေးဆီ သွားလိုက်ဖြစ်တယ်။ 

သိပ်တော့မဝေးလှပါဘူး၊ အိမ်ကနေ မိနစ် ၄၀ လောက်ပဲ မောင်းရတယ်၊ သစ်ပင်စိုက်ဖို့ မှာထားတဲ့ သစ်သားပုံးတွေ သွားယူရင်း ဝင်ကြတာ။ စမ်းချောင်းလေးတစ်ခုရဲ့ အလယ်မှာရှိနေတဲ့ ရေတံခွန်ကို ဗဟိုထားပြီး ရေကန်တွေနဲ့ သဘာဝအတိုင်း ကြာပန်းလေးတွေ အိုင်းရစ်လေးတွေ ရေစပ်နားမှာ ပေါက်တဲ့ အပင်လေးတွေနဲ့ ဝစ်တီးရီးယားလို့ခေါ်တဲ့ ခရမ်းရောင်နွယ်ပန်းပင်တွေနဲ့ (ငုပန်းလိုပဲ ခရမ်းရောင်လေးတွေ) စိတ်ကို အေးချမ်းစေပါတယ်။ ဟိုးတလောက တီဗွီမှာ ကြည့်လိုက်ရတဲ့ ယူကေကလူတွေ forest bathing ဆိုပြီး သစ်တောအုပ်ထဲဝင် လမ်းလျောက် အရွက်တွေလျောက်ကိုင် သစ်ပင်တွေကိုင်ကြည့်၊ ဟိုလိုအသက်ရှူ ဒီလို စိတ်ဖိစီးမှုချဆိုလုပ်နေကြတောင်သတိရသွားသေး။ ကိုယ့်အယူအဆကတော့ ပတ်ဝန်းကျင်နဲ့ သဟဇာတမျှတအောင်နေတာဟာ အမြဲအစဉ်တစ်စိုက်လုပ်နေသင့်တဲ့အရာပါ၊ ဘယ်စိတ်ပညာရှင်ကပြောလို့တို့၊ ကျန်းမာချင်လို့တို့၊ စိတ်ဖိစီးမှုကျချင်လို့ဆိုတဲ့ အတ္တကို ဦးစားပေးတဲ့ ရည်ရွယ်ချက်တွေနဲ့ အတင်းကြီး လုပ်ယူရမယ့်အရာမဖြစ်သင့်ဘူးလို့ ထင်တာပါပဲ။ သစ်ပင်စိုက်၊ ရှိတာလေးတွေ ထိန်းသိမ်းပတ်ဝန်းကျင်ကို စောင့်ရှောက်၊ ဒါဆို ပတ်ဝန်းကျင်ကလဲ ကိုယ့်ကို အလိုလိုပြန်စောင့်ရှောက်လိမ့်မယ်လို့ ထင်ပါတယ်။

ပန်းခြံအကျယ်ကြီးထဲမှာ ကိုယ်တို့မိသားစုအပါအဝင် လာလည်ကြတဲ့သူ ၃ စုလောက်ပဲရှိပါတယ်။ social distancing အတွက် မပူရဘူးပေါ့။ ပြီးတော့ ပန်းခြံကဖေးလေး ဝင်ကြတယ်။ ကိုးဗစ်ဒုတိယလှိုင်းကြောင့် စီးပွားရေးဘယ်လောက်ထိခိုက်ရကြောင်း ဆိုင်ရှင်က ကိုယ်တို့ ပြီးခဲ့တဲ့ တစ်ခေါက်လာတုန်းက ပြော ထားဘူးတော့ သူ့ကိုအားပေးချင်တာနဲ့ ကိုယ်တို့ သူ့ဆိုင်မှာ နေ့လည်စာ စားခဲ့ပါတယ်။ ဆိုင်အတွင်းထဲက စားပွဲဆယ်လုံးလောက်အပြည့် လာစားကြသူတွေရှိတယ်ဆိုတော့ သူလဲစိတ်ချမ်းသာနေပုံရပါတယ်။ ဘာပဲပြောပြော ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ အဲဒီလို ဆိုင်လေးတွေရောင်းရမှ နိုင်ငံစီးပွားရေး ပြန်ကောင်းလာမှာပါ။ 

လွန်ခဲ့တဲ့ ၂ ပတ်လောက်က သမီးလေးမျက်ကပ်မှန်လုပ်ဖို့ မြို့ထဲသွားကြတော့ ဒီဇိုင်နာ အဝတ်အထည် အသုံး အဆောင်ဆိုင်အမျိုးမျိုးနဲ့ စည်ကားနေလေ့ရှိတဲ့ အော်ကလန်မြို့လယ်ကောင်ဟာ က္ကန္ဒြေရ ငြိမ်သက်နေပြီး Broadway လမ်းမကြီးပေါ်မှာ ဆိုင်ခန်းငှားရန်ရှိသည်လို့ ကပ်ထားတဲ့ဆိုင်အလွတ်တွေအတော်များများကို တွေ့ခဲ့ရပါတယ်။ သားလေး လေ့လာရေးခရီးထွက်ဖို့ ပစ္စည်းတွေ ဝယ်ဖို့ shopping mall တွေရောက်တော့လဲ ခါတိုင်းနှစ် ဒီလိုအချိန်နဲ့မတူပဲ ပစ္စည်းတွေရော စျေးဝယ်သူတွေပါ နည်းနေတာကို တွေ့ခဲ့ရပါတယ်။ ကိုယ်က ဦးကပ်စီးနဲ့ နီးစပ်လေတော့ စျေးချတဲ့ အချိန်မှ စျေးဝယ်ပါတယ်။ ဆိုင်တွေဝင်သွားရင် နည်းအမျိုးမျိုးနဲ့ စျေးချတယ်လို့ ရေးထားပေမယ့် ဇူလိုင်လလယ်နဲ့ စက်တင်ဘာလကုန်ချတဲ့စျေးတွေပဲ တကယ်ချတာပါ။ ခရစ္စမတ်အတွက်ဆိုပြီး အောက်တိုဘာမှာ စတင်တော့ ဆောင်းတွင်းပစ္စည်းတွေ ဆိုင်ခါတဲ့ သဘောပေါ့။ ခါတိုင်းဆို ရွေးစရာမှအများကြီးရယ်၊ ဒီနှစ်တော့ ရွေးလို့မရ။ နည်းနည်းတင်လို့ နည်းနည်းပဲ ကျန်တဲ့ သဘောထင်ပါရဲ့။ ပျော်စရာမကောင်းတော့ဘူး။ 

နောက်အပတ်ကစပြီး ကျောင်းပြန်သွားရတော့မယ်၊ အဆင့် ၁ ကိုချလိုက်ပြီဆိုတော့ ကိုယ့်ကလေးတွေ၊ ကလေးမိဘတွေနဲ့ လူချင်းပြန်တွေ့ရတော့မယ်၊ အရင်တုန်းက ဒါကို သာမန်လို့ သဘောထားပေမယ့် ခုတော့ တကယ့်ကို တန်ဖိုးရှိမှန်း ကိုယ်သိလာပါပြီ။ ဒီမှာက ခင်တဲ့လူချင်းတွေ့ရင် လက်နှစ်ဖက်ကိုအကျယ်ကြီးဆန့်ပြီး အားရပါးရဖက်လို့ နှုတ်ဆက်တတ်ပါတယ်။ ကလေးသေးသေးလေးတွေဆို cuddle လူကြီးတွေနဲ့ ကလေးကြီးတွေဆို hug ပေါ့။ အရှေ့တိုင်းသားတွေဟာ ဒီအလေ့နဲ့ အကျွမ်းတဝင်မရှိမှန်းသိတော့ ကိုယ့်ကို အဲဒီလို နှုတ်ဆက်ချင်ရင် အမြဲ ခွင့်တောင်းပြီးမှ နှုတ်ဆက်လေ့ရှိပါတယ်။ အစကတော့ တမျိုးကြီးပေါ့၊ ကျင့်သားရလာတဲ့အချိန်မှာတောင်တောင်အီအီ တွေးဖို့သတိတောင်မရတော့ပါဘူး။ အဲဒီလိုနှုတ်မဆက်ရတာကိုပဲ တခုခုလိုနေသလိုပေါ့၊ မိသားစုထဲမှာပဲထားပေါ့။ ကိုးဗစ်ပျောက်တဲ့အထိ ဒါမှမဟုတ် ကာကွယ်ဆေးထွက်လာတဲ့ အထိ ဒီလိုပဲ နေကြရင် အန္တရာယ်နဲ့ နဲနဲဝေးမယ်ထင်ပါရဲ့။

ခင်လေး (Aotearoa)

 20:00 p.m. 09.10.2020 Friday