Breaking News

မောင်ဘဦး -"သတ္တဝါမှန်သ၍ တရားတွေ့ ချမ်းမြေ့သာယာရှိပါစေ"

မောင်ဘဦး -"သတ္တဝါမှန်သ၍ တရားတွေ့ ချမ်းမြေ့သာယာရှိပါစေ"

(မိုးမခ) စက်တင်ဘာ ၂၅၊ ၂၀၂၆

"...မုံရွာ ဆုတောင်းပြည့်ဘုရားကြီးဝင်းထဲက 'ဓမ္မရိပ်' တရားစခန်းမှာ မင့်နာမည်နဲ့ ယောဂီစာရင်း ပေးထားလိုက်ပြီ...။ ချမ်းမြေ့ရိပ်သာ ဆရာတော်ကြီး ကြွလာမှာ...တဲ့။ ဆရာတော်ကြီးနဲ့အတူ ရွာက ဦးဇင်းလေးရော ကြွလာမှာ...။ ရွာကလည်း ယောဂီစာရင်းတွေ ပေးထားကြတယ်။ ဒီတခါ ဘာအကြောင်းမှ ပြမနေနဲ့တော့။ အဖိတ်နေ့ညနေ စခန်းဝင်ဖို့သာ လာခဲ့လိုက်တော့...။"

လွန်လေပြီးသော နှစ်ပေါင်း ၃၀ ကျော်၊ အညာဆောင်း ချမ်းမြမြ လတစ်လက ဖြစ်ပါ၏။

ထိုစဉ်က 'ပေါ်လီကလင်းနစ်'၊ ပုဂ္ဂလိကဆေးရုံကြီးများ ရှိတော့ရှိနေပြီဖြစ်ကြငြား၊ ယနေ့ခေတ်လို 'ခရောက်တက်' (crowded) ကြိတ်ကြိတ်တိုးတော့ဖြင့် မဟုတ်သေး။ 'ပြည်' တွင်... 'အောင်ဇော်ဦး'၊ 'မျိုးသုခ'။ 'လောကပါလ' ကတော့ ဆောက်တုန်းဆောက်ဆဲ။ 'မန္တလေး' တွင်... 'တော်ဝင်'၊ 'သစ္စာ'။ 'သစ္စာ' သည်ပင် 'သစ္စာရာဇာ' မဖြစ်သေး။ 'မုံရွာ' မှာတော့... 'ရွှေတော်ဝင်ဆေးရုံ' မှာ ရှယ်ယာဝင်တွေ ရှာတုန်း၊ နေရာရွေးကြတုန်း ထင်ပါ၏...။

စပါယ်ရှယ်လစ်လေးကလည်း ဖြစ်ခါစမို့၊ ကိုယ်ပိုင်ဆေးခန်းလေးထဲတွင် 'အိုပီဒီ' ခေါ် ပြင်ပလူနာ ကြည့်ပေးတာရော၊ အချို့အချို့သော 'အက်ဒ်မစ်' လုပ်ရမည့် အတွင်းလူနာတွေနဲ့ပါ တင်းကြမ်း...။ 'ပို့စ်ဂရက်' ကုန်ကျစရိတ်အကြွေးလေး ကျေဖို့၊ နေ့ရောညပါ လုံးပမ်းနေရချိန် ဖြစ်ပါ၏။

ကိုယ်ပိုင်ဆေးခန်းလေးတွင် 'အင်ထရာ-အာတီကူလာ'၊ ဒူးနာခါးနာ အဆစ်အတွင်း စတီးရွိုက်ဆေးထိုးပေးတာမျိုး...၊ ပြီးတော့ 'အမ်-မျူ-အေ' (MUA) ခေါ် မေ့ဆေးထုံဆေးပေး၍ အရိုးအဆစ်လွဲ ဆွဲတည့်ပေးတာမျိုး၊ 'ဖရိုဇင်း-ရှိုးဒါး'၊ ပခုံးလက်မောင်းဆစ် ကပ်နေသည်ကို 'နော်မယ်ဖန်ရှင်' ဆွဲလှည့်ပေးတာမျိုးလေးလောက်ကတော့၊ ယနေ့ခေတ်လို ဆေးရုံဆေးခန်းကြီးအား မျက်နှာလိုအားရ ဆေးရုံအတက်ခိုင်းမနေတော့...။ ကိုယ့်ဖာသာ 'ဒီဇက်' (ဒိုင်ယာဇီပင်) လေးနှင့် ဖြေရှင်းပေးနေချိန်လည်း ဖြစ်၏။

မကြာမီပင် ခွဲစိတ်ခန်းလေးပါထောင်ပြီး အိုတီနာ့စ်နှင့် မေ့ဆေးတို့ကို ခေါ်ကာ...၊ တော်တော်တန်တန် အမ်ပျူတေးရှင်း (အရိုးအဆစ်ဖြတ်တောက်၍ ကုသပေးခြင်း) တွေလောက်ကို အထက်ပါအတိုင်း အရင်းကြေအောင် 'လှော်' နေချိန်လည်း ဖြစ်ပါ၏။

'ပရီ-အော့ဖ်'၊ မခွဲစိတ်မီ စစ်ဆေးစရာရှိက စစ်ဆေးထားရန်နှင့်၊ 'ပို့စ်-အော့ဖ်'၊ ခွဲစိတ်မှုအပြီး ၂၄ နာရီအနည်းဆုံး စောင့်ကြည့်ရန်...။ 'အင်တီဘိုင်အော်တစ်'၊ ပဋိဇီဝဆေးကို 'အေတီဒီ' (ATD) ခေါ် ဆေးနှင့် ဓာတ်တည့်မတည့် အရေပြားအောက်ထိုး၍ စစ်ဆေးပြီး ၂ ရက်၊ ၃ ရက်တန်သည် 'အွန်' (ထိုးခိုင်း) ရန်...။ 'ထရိုခရင်းတစ်-ဖရက်ချာ' လိုမျိုး... ပေါင်ထိပ်ပိုင်းရိုး ကျိုးကြေသည့်အခါ...၊ စတီးအရိုးအတု သို့မဟုတ် 'ပလိတ်-အင်-စခရူ' ထည့်ခြင်းအတွက်၊ 'ဘလပ်-ထရန်စဖျူရှင်း' ခေါ် သွေးသွင်းရန် စသည်စသည်...၊ ရှိသေးသည်ဖြစ်ရာ...၊ ဆေးခန်း၏ ဘေးအိမ်မှာ လူနာကို တစ်ရက် ၂၀/- နှုန်းဖြင့် 'တင်' ကာထား...၊ 'ဘဲရီးဘဲရီး ဘီးဇီး'၊ အရမ်းအရမ်းကို အလုပ်များနေချိန်လည်း ဖြစ်ပါ၏။

ဤသည်ကို မကြည့်ရက်ကြသော အဒေါ်များ၊ နှမများက ၇ ရက် တရားစခန်းဝင်ရန် ဆက်သွယ်လာခြင်း ဖြစ်ပါ၏။ ခါတိုင်းလည်း တရားစခန်း အဝင်ခိုင်းလှပြီ။ သို့ပါသော်ငြား၊ ဟိုအကြောင်းပြ သည်အကြောင်းပြ၊ ရှောင်ဖယ်ရှောင်ဖယ် လုပ်နေလိုက်ပါ၏။

"...'အော်သိုဆာဂျင်' ဆိုတာ 'ထရော်မာ' (Trauma - ထိခိုက်ဒဏ်ရာ) ပါ တွဲပါနေတာလေ...။ သင်္ကြန်တွင်း 'စတင်းဘိုင်' နေပေးရမှာမို့ သင်္ကြန်တွင်းတော့ တရားစခန်းဝင်လို့ မဖြစ်ပါဘူး။"

ဒါကတော့ နှစ်စဉ်ထာဝရ အကြောင်းပြနေကျ...။

ဒီတခါမှာတော့ အပီအပြင် စာရင်းပေးကာ တရားစခန်း အဝင်ခိုင်းလိုက်ပါလေပြီ။ ထိုစဉ်က ဓမ္မရိပ်တွင် ဂေါပကဥက္ကဋ္ဌ 'ဦးလေးဘို' ရှိလေသည်ကိုး...။ ချမ်းမြေ့ဆရာတော်ကြီးနှင့်အတူ ဓနုဖြူမှ ဦးပညာနန္ဒလည်း လိုက်ပါလာ၏။

မနှစ်က သီတင်းကျွတ်လပြည့်နေ့ည မီးထွန်းပွဲတော်တွင် ဗုံးအကြဲခံခဲ့ရလေသော ချောင်းဦး-ဘုံတိုရွာနှင့် အနည်းငယ်မျှသာ ဝေးကွာသော မုံရွာ-'ဘုဘရွာ' မှ ဦးဇင်းလေး 'ဦးဘဒ္ဒိယ' လည်း လိုက်ပါလာပါ၏။ 'ဘုံတိုရွာ' ကား... ချောင်းဦးနယ် မြောက်ဖျား...၊ 'ဘုဘရွာ' ကား... မုံရွာနယ် တောင်ဖျား...။ ရွာနီးနားချင်း ဆို၍ရပါ၏။

သည်လိုနှင့် တရားစခန်း ဝင်ဖြစ်သွားသည်ဆိုပါစို့...။

တရားစခန်း ၇ ရက်တွင် ပထမ ၁ ရက်၊ ၂ ရက်အထိကတော့ လူနာတွေဆီမှာချည်း။ 'အမ်ပျူတေးရှင်း-အဘာ့ဖ်-နီး' (Amputation above knee) အရိုးအဆစ်များကို ဖြတ်၍ပင် နေလိုက်သေး။ အတွေးထဲတွင် မဖြတ်ခင် 'စကင်း' (အရေပြား) ကိုပင် 'ဖစ်ရှ်မောက်' (ငါးပါးစပ်) ကဲ့သို့ပင် လုပ်မိလိုက်ပါသေး...။

"...ဇွန်းသံ ပန်းကန်သံတွေနဲ့ အမှတ်သတိ လွတ်နေကြပြီကွဲ့...။"

ဓမ္မရိပ် အောက်ထပ်၊ ဆွမ်းကျောင်း၏ ခေါင်းရင်းပိုင်း၊ ဘုရားခန်းကွပ်ပျစ်ပေါ်ရှိ ဆွမ်းဝိုင်းတွင် ဦးဇင်းများက ထိုင်နေကြပါသော်ငြား၊ ဆရာတော်ကြီးမှာမူကား ဆွမ်းဘုန်းမပေးသေးဘဲ မတ်တတ်ရပ်လျက်၊ ၎င်းကွပ်ပျစ်အောက်နားတွင် စားပွဲဝိုင်းများဖြင့် ဆွမ်းစားနေကြသော ယောဂီများကို ကြည့်ရှုနေရင်းက အမှတ်သတိ မလွတ်စေရန် လှမ်း၍ သတိပေးလိုက်ခြင်း ဖြစ်ပါ၏။

ဟုတ်သည်လေ...။ 'ထမင်းလေးစားပြီးတာနဲ့ ခွဲစိတ်ခန်းက ဝင်ရဦးမည်' ဟူသော မိမိ၏ မနောကံအတွေးများမှာ ကာယကံ ဇွန်းသံပန်းကန်သံများအဖြစ် ဆူညံသွားလေသည်ကိုး...။

ဤသို့ဖြင့် ၃-၄-၅ ရက်အရောက်တွင်၊ 'ဖောင်းတယ်-ပိန်တယ်-ထိုင်တယ်-ထိတယ်' တွေထက်...၊ အထက်က ခေါင်းစဉ် 'ချမ်းမြေ့မေတ္တာပို့ အစီအစဉ်' လေးကတော့ဖြင့် ရင်၌ မသိမသာ စွဲထင်၍လာပါလေပြီ။

"...ဗုဒ္ဓ၊ မေတ္တာ၊ အသုဘာ၊ တစ်ဖြာ မရဏ...။

စတုရာရက္ခ၊ မြတ်ဓမ္မ၊ မှတ်ကြ ကျမ်းအလာ...။

စောင့်ရှောက်အပ်ငြား၊ ဤတရား၊ ကြီးပွားချမ်းသာရာ...။"

ပါတဲ့လေ...။ စောင့်ရှောက်လေပြီပေါ့...။

၁။ "အားလုံးသတ္တဝါတွေ...၊

ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ၊ ကိုယ်ဆင်းရဲကင်းကြပါစေ၊ စိတ်ဆင်းရဲကင်းကြပါစေ၊ အစစအရာရာ အဆင်ပြေကြပါစေ။"

၂။ "အားလုံးသတ္တဝါတွေ...၊

ဘေးကင်းကြပါစေ၊ ရန်ကင်းကြပါစေ၊ စိုးရိမ်ခြင်းကင်းကြပါစေ၊ ပူဆွေးခြင်းကင်းကြပါစေ၊ ကြည်လင်ရွှင်လန်း ချမ်းမြေ့ကြပါစေ။"

၃။ "အားလုံးသတ္တဝါတွေ...၊

ဒေါသမာန်မာန ကင်းကြပါစေ၊ ရန်မူလိုခြင်း ကင်းကြပါစေ၊
နှိပ်စက်လိုခြင်း ကင်းကြပါစေ၊ သတ်ဖြတ်လိုခြင်း ကင်းကြပါစေ၊
ရန်ငြိုးသိုခြင်း ကင်းကြပါစေ၊ မနာလိုခြင်း ကင်းကြပါစေ၊
စိတ်ထားဖြူစင် မေတ္တာဝင်၊ ချစ်ခင်ကြင်နာကြပါစေ။"

၄။ "အားလုံးသတ္တဝါတွေ...၊

လိမ်လည်လှည့်ဖြား ရှောင်ရှားကြပါစေ၊ ကောက်ကျစ်စဉ်းလဲ ရှောင်လွှဲကြပါစေ၊
ကုန်းချောစကား ရှောင်ရှားကြပါစေ၊ ကြမ်းတမ်းစကား ရှောင်ရှားကြပါစေ၊
ကြိမ်းမောင်းစကား ရှောင်ရှားကြပါစေ၊ ရန်လိုစကား ရှောင်ရှားကြပါစေ၊
အနှစ်မဲ့စကား ရှောင်ရှားကြပါစေ၊ အကျိုးမဲ့စကား ရှောင်ရှားကြပါစေ၊
ဟုတ်မှန်ကျိုးရှိ အနှစ်ပြည့်၍၊ ပိယဝါစာ၊ ချိုသာစကား မေတ္တာထား၊ ပြောကြားကြပါစေ။"

၅။ "အားလုံးသတ္တဝါတွေ...၊

သူ့ပစ္စည်းကို ရယူလိုခြင်း ကင်းကြပါစေ၊ သူ့အကျိုးကို ဖျက်ဆီးလိုခြင်း ကင်းကြပါစေ၊
အယူမှားကို စွဲယူလိုခြင်း ကင်းကြပါစေ။
အယူမှားကင်းကြ၊ လောဘကိုသိမ်း၊ ဒေါသထိန်း၊ အေးငြိမ်းကြပါစေ။"

၆။ "အားလုံးသတ္တဝါတွေ...၊

ဥစ္စာဓန ပြည့်စုံကြပါစေ၊ အလှူဒါန ပြုနိုင်ကြပါစေ၊
ကိုယ်ကျင့်သီလ ထိန်းနိုင်ကြပါစေ၊ ဥပုသ်သီလ စောင့်နိုင်ကြပါစေ၊
သမထတရား ပွားနိုင်ကြပါစေ၊ ဝိပဿနာတရား ပွားနိုင်ကြပါစေ၊
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊
လိုအင်ဆန္ဒ မှန်သမျှ ပြည့်ဝကြပါစေ။"

ဘာကျန်ပါသေးသနည်း။ ဘာကမှ မကျန်ရစ်။ စုံလင်လှ၏တကား။ တခါတည်း ကိုယ်စိတ်နှလုံး အေးချမ်းငြိမ်သက်၊ အရုဏ်ဆွမ်းစားဖို့ပင် ဣရိယာပုထ်ကို မဖျက်ချင်တော့။ သည်အတိုင်း မေတ္တာပို့အမှတ်သတိဖြင့် လှေခါးမှတဆင့် ဆွမ်းကျောင်းဆီသို့ သက်ဆင်းမိပါလေပြီ။

အားလုံးသတ္တဝါတွေ... အစစအရာရာ အဆင်ပြေကြပါစေ။

အားလုံးသတ္တဝါတွေ... ကြည်လင်ရွှင်လန်း ချမ်းမြေ့ကြပါစေ။

အားလုံးသတ္တဝါတွေ... စိတ်ထားဖြူစင် မေတ္တာဝင်၊ ချစ်ခင်ကြင်နာကြပါစေ။

အားလုံးသတ္တဝါတွေ... ဟုတ်မှန်ကျိုးရှိ အနှစ်ပြည့်၍ ပိယဝါစာ ချိုသာစကား မေတ္တာထား ပြောကြားကြပါစေ။

အားလုံးသတ္တဝါတွေ... အယူမှားကင်းကြ၊ လောဘကိုသိမ်း၊ ဒေါသထိန်း၊ အေးငြိမ်းကြပါစေ။

အားလုံးသတ္တဝါတွေ... နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ လိုအင်ဆန္ဒ မှန်သမျှ ပြည့်ဝကြပါစေ။

အားလုံးသတ္တဝါတွေ...၊

အားလုံးသတ္တဝါတွေ...၊

ထိုတရားစခန်း ၇ ရက်တာက အမှတ်သတိလေး...၊ ဆေးခန်း ထိုင်နိုင်သည့် အချိန်တွေရော၊ မထိုင်နိုင်တော့သည့် ယခုအချိန်တွင်ပါ အချိန်မရွေး ရောက်ရှိ၍လာတတ်ပါ၏။ ကျေးဇူးကြီးမားလှပေစွ...။

ဒီလ ၁၉ ရက်နေ့က ချမ်းမြေ့ဆရာတော်ဘုရားကြီး ခန္ဓာဝန်ချသွားပါသတဲ့။ နှမြောတသ ရှိလှချေ၏။ သို့သော်ငြား ဤလမ်းစဉ်သည်ကား ဘုရားပင်လျှင် မလွန်ဆန်နိုင်ပါလေ။ အညာစစ်ရှောင်ဒေသမှနေ၍ ကာယကံ၊ ဝစီကံ၊ မနောကံ အပြစ်များ ရှိပါချေက၊ တောင်းပန်ဝန်ချ ကန်တော့လိုက်ရပါ၏။

ချမ်းမြေ့ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ
သက်တော် ၉၉ နှစ်၊ သိက္ခာတော် ၇၉ ဝါ
၁၉၂၈ – ၂၀၂၆

"သတ္တဝါမှန်သ၍ တရားတွေ့ ချမ်းမြေ့သာယာရှိပါစေ" ဟူ၍ မေတ္တာဓာတ်တွေ ဖြန့်ဝေရာသို့၊ မေတ္တာခေါင်းပါး၊ အသိဉာဏ်ခေါင်းပါး သမ္မတအတု သကောင့်သားလင်မယား လာသွားပါသတဲ့...။ သူကလည်း အပြစ်တွေ ဝန်ချတောင်းပန်ပါသတဲ့...။

မေတ္တာစွမ်းအင်တွေ ပြည့်လျှံနေသည့် ချမ်းမြေ့ဆရာတော်ဘုရားကြီးကတော့...၊

"ငါတို့ရဟန်းများကတော့ ရှိသမျှအပြစ် ခွင့်လွှတ်နိုင်စွမ်းပါရဲ့။ အပြစ်မဲ့ပြည်သူများအပေါ် သင်တို့၏ အပြစ်မျိုးစုံကတော့ဖြင့် ငါမတတ်နိုင်ဘူးလဟဲ့...။ ကဲ ကဲ ကဲ၊ ပြန်ကွဲ့ ပြန်ကွဲ့...။"

"ဪ...၊ ငါ့ရဲ့ ချမ်းမြေ့မေတ္တာရိပ်မြုံမှာ သနားညှာတာရမယ့် ပြည်သူတွေကို မညှာမတာ ဗုံးကြဲသတ်ဖြတ်ထားတဲ့...၊ ငါ၏ဆရာ ပရမဗုဒ္ဓရဲ့ စေတီယဿ၊ ဓာတု၊ ဓမ္မ၊ ဥဒ္ဒိဿနှင့် ပရိဘောဂ စေတီတော်မြတ်တွေကို သတ်ဖြတ်၊ ဗုံးကြဲ၊ ဖျက်ဆီးရဲ ဖျက်ဆီးရက်တဲ့...၊ 'မလုပ်ရဲတာ ဘာမှမရှိဘူး' လူမိုက်စကားဆိုတဲ့...၊ သမ္မတအတုလည်း လာရဲသေးသကိုး..."

ဟု မှန်ခေါင်းတော်အတွင်းမှ စင်းစင်းကြီး ကြည့်ပြီးသကာလ...၊ မကြာမီကာလအတွင်း ပြည်သူအပေါင်း၏ ကာယကံမြောက် အပြစ်ဒဏ်ခတ်ခြင်းခံရတော့မည့်...၊ ယခုလည်း ဝစီကံ၊ မနောကံတို့ဖြင့် အပြစ်ဒဏ်အခတ်ခံနေရလေသော...၊ မေတ္တာခေါင်းပါး၊ လောဘ၊ ဒေါသ၊ မစ္ဆရိယ အားကြီးလှစွာသော သတ္တဝါမောင်နှံကို...၊

"သမ္မတမောင်နှံ...၊ ကမ္မသကာ...။ အကြင်တို့လင်မယားမှာ သက်သတ်၊ ခိုး၊ လိမ်သာမက၊ အနုကြမ်း၊ ဓားပြ၊ မီးရှို့ပြာချ၊ ပြန်ပေးဆွဲကိစ္စတို့ဖြင့် မတရားအနိုင်အထက် ရယူထားသော ဤတိုင်းပြည်ကိုကား သင်တို့အဖို့ ဘယ်သောအခါကမျှ မပိုင်မဆိုင်နိုင်...။ ပြုထားအပ်သော အကုသိုလ်ကံကိုသာလျှင် အသင်တို့မှာ လက်ဆုပ်လက်ကိုင် ပိုင်ကြလေလတ္တံ့..."

ဟူ၍ ဥပေက္ခာဖြင့် ရှုကြည့်နေသယောင်...။

သုခိတာ ဟောထ၊ တော်လှန်သူရဲကောင်းအပေါင်း ကျန်းမာချမ်းသာကြပါစေ။

မောင်ဘဦး (၁၃၈၈၊ လင်းဆန်း ၁၁)


Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar