သီအိုဇော် - မော်ကွန်းကမ္ဗည်းတွင်ရစ်စေသတည်း
သီအိုဇော် - မော်ကွန်းကမ္ဗည်းတွင်ရစ်စေသတည်း
(မိုးမခ) မတ် ၂၆၊ ၂၀၂၁မတ်လ(၂၇)ရက်နေ့ဟာ တကယ်တော့ ပြည်သူတစ်ရပ်လုံး လှည်းနေလှေအောင်း၊ မြင်းဇောင်းမကျန် ပါဝင်ခဲ့ကြတဲ့ သမိုင်းဝင်ဖက်ဆစ်တော်လှန်ရေးနေ့ပါ။ “ ဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်ဝံ့” ဆိုသလိုမျိုး ပြည်သူလူထု အားလုံးရဲ့ တော်လှန်အုံကြွလှုပ်ရှားမှု့ဆိုသည်ကို မမြင်ရဲ မကြားရဲဖြစ်ကြခြင်းလား၊ ပြည်သူလူထု၏အခန်း ကဏ္ဏကို မှေးမှိန်အောင်လုပ်ပြီး မိမိအဖွဲ့အစည်းကို နေရာတွန်းတင်ခဲ့ကြခြင်းလား၊ ဆိုတာကတော့ မေးခွန်း ထုတ်စရာ။ ဤခေတ်ကာလအပိုင်းအခြားမှာတော့ ပြည်သူအားလုံးနှင့်သက်ဆိုင်သော သမိုင်းဝင်နေ့တစ်နေ့ အဖြစ်မှ အဖွဲ့အစည်းတစ်ခုနှင့်သာ ပတ်သက်သည့်နေ့အဖြစ် အဆင့်နိမ့်ပါးလျော့ကျခဲ့လေပြီ။
တော်လှန်ရေးနေ့အကြောင်း နဲ့ဆက်စပ်ပြီး တော်လှန်ရေးအဆက်ဆက်မှာ အသက်စွန့်လွှတ်ခဲ့ကြရတဲ့သူရဲကောင်းတွေ၊ ပြီးတော့ အသက်မသေခဲ့ပေမယ့် ဘဝကိုပေးဆပ်ခဲ့ကြရတဲ့သူရဲကောင်းတွေကို ဦးညွှတ်လိုက် ပါတယ်။ တဆက်တည်းမှာ ဒီလိုသူရဲကောင်းတွေ နောက်ဆံမတင်းပဲ တိုက်ပွဲဝင်နိုင်အောင် နောက်တန်း ကနေ ဒုက္ခမျိုးစုံကို ခါးစည်းခံပြီး၊ ဘဝကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ကြတဲ့ ဘဝလက်တွဲဖေါ်များနဲ့ မိသားစုဝင်များရဲ့ သတ္တိနဲ့ ပေးဆပ် အနစ်နာခံမှု့တွေကို မမေ့မလျော့ အသိအမှတ်ပြုလိုပါတယ်။
ဤဆောင်းပါးမှာ မတ်လ(၂၇) ရက်နေ့ နဲ့ အင်မတန်မှ အကြောင်းတိုက်ဆိုင်လွန်းလှတဲ့ မြန်မာနိုင်ငံသား မဟုတ်သော်ငြားလည်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီတိုက်ပွဲသမိုင်းမှာ ကျန်ရစ်ဖို့မသင့်သလို ချန်ရစ်ခဲ့ဖို့မဖြစ် နိုင်တဲ့ ပါရမီ ဖြည့်ဖက်တစ်ဦး အကြောင်း ရေးသားလိုပါတယ်။ သူကတော့ မတ်လ (၂၇) ရက်နေ့မှာမွေးဖွါးပြီး အသက်(၅၃) နှစ်ပြည့်တဲ့ မတ်လ(၂၇) ရက်နေ့မှာပဲ လူ့လောကကိုစွန့်ခွါသွားခဲ့တဲ့ Dr.မိုက်ကယ်အဲရစ် ပဲဖြစ် ပါတယ်။ သူလို သုတေသီ သမိုင်းပညာရှင် တစ်ယောက်အတွက် အောက်စ်ဖိုဒ့် တက္ကသိုလ်မှာ ၊ မိသားစုနဲ့ အတူအေးချမ်းစွာ နေထိုင်ရင်း ဝါသနာပါရာ သုတေသနဘာသာရပ်ကို လေ့လာသင်ကြားဝေမျှခွင့်ရရှိနေတဲ့ အချိန်ကတော့ သူ့ဘဝရဲ့ မမေ့နိုင်ဆုံး အပျော် ရွှင်ရဆုံးကာလလေးဖြစ်ခဲ့မှာပါ။
အသက်လေးဆယ်တွင် ဘဝစတယ်ဆိုတဲ့ဆိုရိုးစကားဟာ၊သူ့အတွက်တော့ ၂နှစ်လောက်နောက်ကျပြီးမှ ဘဝတစ်ဆစ်ချိုးအပြောင်းအလဲတစ်ခုအနေနဲ့ သူ့ရဲ့ အသက်(၄၂) နှစ်မြောက်မွေးနေ့အပြီး မှာ ရောက်ရှိလာပါတယ်။ ၁၉၈၈ ဧပြီလမှာ သူ့ဘဝရဲ့လက်တွဲဖေါ်ဟာ သူ့ကိုခေတ္တထားရစ်ပြီးမွေးရပ်မြေကို ပြန်ဖို့ အကြောင်းဖန်လာပါတယ်။ ဘာရယ်ကြောင့် မပြောတတ်ပေမယ့် ဒီခရီးဟာ သူတို့နှစ်ယောက်ရဲ့ ဘဝလမ်းကို တစ်နည်းနည်းနဲ့ ပြောင်းလဲ သွားစေလိမ့်မယ်လို့ သူ့ရဲ့ မသိစိတ်ထဲမှာ တထင့်ထင့်နဲ့ဖြစ်ခဲ့လေရဲ့။ ဒါပေမယ့် “မကြာခင်မှာပြန်ဆုံ ကြမယ်နော်” သို့မဟုတ် အလားတူ အဓိပ္ပါယ်ရမယ့် စကား များ နဲ့ နှုတ်ဆက်ထွက်ခွါ သွားတဲ့ သူမဟာ သူ့ဘဝရဲ့ နောက်ဆုံး အချိန်အထိ သူတို့မိသားစုအသိုက်အမြုံ ဒီအောက်စ်ဖို့ဒ်အိမ်လေးဆီကို ပြန်လည်ရောက် ရှိလာနိုင်မှာမဟုတ် ဘူးလို့တော့၊ သူဘယ်လိုကြိုတွေးမိပါ့မလဲလေ။
“မြန်မာပြည်သူလူထုက သူမကိုလိုအပ်လာတဲ့တနေ့ကျရင် သူတို့တွေနဲ့အတူ တာဝန်တွေကိုထမ်းရွက်ခွင့်ပေး ပါ” ဆိုပြီး လက်မထပ်ခင်အချိန်ကတည်းက၊ သူအလုပ်လုပ်ရာ ဘူတန်ကို စာရေးခွင့်တောင်းခဲ့ဘူးတဲ့ သူမဟာ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီအရေးတော်ပုံမှာ ရှေ့တန်းကဦးဆောင်ပါဝင်လာတာ သူ မအံ့ဩမိသလို၊ သူမဖခင်ကဲ့ သို့ တိုင်းပြည်နဲ့လူမျိုးအပေါ်ချစ်ခင်သံယောဇဥ် ကြီးလှသူ ဖြစ်တာသိထားတဲ့အတွက် တားမြစ်ရန်လည်း စိတ် မကူးခဲ့။ သူ့ဘက်ကနားလည်မှု့အပြည့်နဲ့ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီတိုက်ပွဲအတွက်ပံ့ပိုးကူညီနိုင်တာများကိုဝင် ရောက်လုပ်ကိုင်ပေးဖြစ်ခဲ့ပါတယ်။
ဒီနေရာမှာ သူနဲ့လူပုဂ္ဂိုလ်ချင်းသိကျွမ်းဖူးတဲ့၊ Australia နိုင်ငံက နိုင်ငံခြားရေးဝန်ကြီး နဲ့ ရှေ့နေချုပ်တာဝန် ထမ်းဆောင်ခဲ့တဲ့ Gareth Evans ရဲ့ မှတ်ချက်ကို ထည့်သွင်းဖေါ်ပြဖို့ သင့်တော်မယ်ထင်ပါတယ်။ “အောင်ဆန်းစုကြည်က နိုင်ငံတွင်းမှာတိုက်ပွဲဝင်နေချိန်မှာ မိုက်ကယ် အဲရစ် က သူမရဲ့အသံ၊ သူမကို ကိုယ်စား ပြုပြီး ကမ္ဘာကြီးကို သိစေ၊ကြားစေခဲ့သူပါ” ဟုဆိုခြင်းပါ။ နိုင်ငံတကာအသိုင်းအဝိုင်း နဲ့ ကင်းကွာစွာနေထိုင်တဲ့ ကာလဖြစ်တဲ့အပြင်၊ သတင်းအချက်အလက် ဆက်သွယ်စီးဆင်းမှု့ ခက်ခဲနှေးကွေးလှမှု့ဟာ နိုင်ငံတကာရဲ့အာ ရုံစိုက်မှု့ကို အတားအဆီးတွေဖြစ်စေခဲ့ပါတယ်။ ဒီအခက်အခဲတွေကိုကျော်လွှားပြီး ပြည်တွင်းကဒီမိုကရေစီ လှုပ်ရှားမှု့၊ စစ်အစိုးရရဲ့ဖိနှိပ်မှု့၊ လူ့အခွင့်အရေးဖေါက်ဖျက်မှု့တို့ကို မီးမောင်းထိုးပြနိုင်ဖို့ သူရဲ့ကြိုးစားအားထုတ် မှု့ဟာ လွယ်လွယ်ကူကူတော့မဟုတ်။ ပြည်တွင်းမှာရှိတဲ့သူမအပေါ် စစ်အာဏာပိုင်များ အမျက်ပိုမိုရှသွားစေ မည်လား ဆိုသည်ကိုလည်း ထည့်သွင်းစဥ်းစားရပါသေးတယ်၊
သူ အမေရိကန်နိုင်ငံဟားဗတ်တက္ကသိုလ်မှာ သွားရောက်တာဝန်ထမ်းဆောင်ရတဲ့ အချိန်မှာတော့၊ မိသားစု တကွဲတပြား ပိုဖြစ်ခဲ့ရတယ်၊ ဆယ်ကျော်သက်အရွယ်သားကြီးကလန်ဒန်မှာ၊ အိမ်ခင်တွယ်လွန်းတဲ့ သားငယ်ကိုမတတ်သာတဲ့အဆုံး ဘော်ဒါဆောင်ပို့ကျောင်းအပ်ထားခဲ့ရတယ်။ သူတို့မိခင်ကလည်း ဥပဒေစိုးမိုးမှု့နည်း ပါးပြီး လူ့အခွင့်အရေးချိုးဖေါက်မှု့ဆိုးဝါးလှတဲ့နိုင်ငံမှာ အကျယ်ချုပ်ကျနေလေရဲ့။ သူကိုယ်တိုင်ကလည်း အသက် (၄၄)နှစ် အရွယ်သာသာမို့ မိသားစုအရေးအပြင် ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တွေက သုတေသန နဲ့ သင်ကြားရေး တာဝန်ကို မလစ်ဟင်းအောင်လုပ်နေရသည်မှာ အတော်လေး ကသီလင်တများလှပါတယ်။ သူတို့ထက်အခြေအနေဆိုးဝါးလှတဲ့ မိသားစုတွေကမ္ဘာမှာ အများအပြားပါ။ ဒါပေမယ့် အောက်စ်ဖိုဒ့် တက္ကသိုလ်လို ပညာရှင်အသိုင်းအဝိုင်းမှာတော့ မရှိသလောက်ရှားတယ်လို့ ဆိုနိုင်မယ်ထင်ပါတယ်။ ဒီကြားထဲ မြန်မာနိုင်ငံနဲ့သူမအပေါ်မှာနိုင်ငံတကာရဲ့အာရုံစူးစိုက်မှု့ တိုးမြှင့်သထက်တိုးမြှင့်နေစေဖို့ အချိန်ပေးလုပ်ဆောင် ရပါသေးတယ်။
ဒီလုပ်ငန်းစဥ်တွေထဲက တစ်ခုဖြစ်တဲ့ ၁၉၉၁ ခုနှစ်အတွက် ပေးအပ်ခြင်းခံရတဲနိုဘယ်ငြိမ်း ချမ်းရေးဆုကတော့ မြန်မာပြည်သူလူထု အတွက် အကောင်းဆုံးဆုလဒ်တစ်ခု ဖြစ်ခဲ့ပေမယ့်၊ စစ်အာဏာ ရှင်များ အတွက်တော့ တကယ့်ကို အိပ်မက်ဆိုးပါပဲ။ ၁၉၀၁ ခုနှစ်က စတင်ချီးမြှင့်ခဲ့တဲ့ နိုဘယ်ငြိမ်းချမ်းရေးဆု ကို သူမရှေ့မှာ အမျိုးသမီးထဲက ခုနစ်ယောက်သာရရှိခဲ့ဖူးပါတယ်။ သူမအရင်အခြားထင်ရှားတဲ့ဆုရှင်များ ကတော့ ကမ္ဘာ့ကြက်ခြေနီအသင်းကြီးထူထောင်ခဲ့သူ Jean Henri Dunant (၁၉၀၁)၊ Martin Luther King, Jr. (၁၉၆၄) ၊ Henry Kissinger (၁၉၇၃) ၊ Mother Teresa (၁၉၇၉) ၊ The 14th Dalai Lama (၁၉၈၉) တို့ဖြစ် ကြပါတယ်။ Nelson Mandela က တစ်နှစ်ခြားပြီး ၁၉၉၃ ခုနှစ်အတွက် ဆုချီးမြှင့်ခံရပါတယ်။ဒီလိုနဲ့သူ မျှော်မှန်းခဲ့သလိုပါပဲ၊ရှစ်ယောက်မြောက်အမျိုးသမီးနိုဘယ်ငြိမ်းချမ်းရေး ဆုရှင်နဲ့ သူမနေထိုင်ရာမြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလှုပ်ရှားမှု့ဟာ ကမ္ဘာ့နိုင်ငံရေးစင်မြင့်မှာအထင်ကရပိုမိုဖြစ်လာစေခဲ့ပါတယ်။
နိုဘယ်ငြိမ်းချမ်းရေးဆုဆိုသည်မှာ အမှန်တကယ်ထိုက်တန်သူများကိုသာ စနစ်တကျ စိစစ်ရွေးချယ်ပေးအပ် လေ့ရှိတဲ့ ကမ္ဘာ့အမြင့်မားဆုံးဆုတစ်ခုရယ်ပါ။ သူမကိုယ်တိုင်လည်း ထိုက်တန်လွန်းတဲ့အတွက်ရရှိခဲ့တာပါ။ ဒါပေမယ့် ဒီဆုအတွက် အဆိုပြုတင်သွင်းခံရဖို့၊ ဆန်ကာတင်ရွေးချယ်ခံရဖို့၊ ဆုံးဖြတ်ရွေးချယ်မည့်ကော်မတီ အဖွဲ့ဝင်များ လုံလောက်သောအချက်အလက်များ ရရှိနိုင်ဖို့စတဲ့အဆင့်ပေါင်းများစွာကို ကျော်ဖြတ်ရပါတယ်။ ရင်းနှီးကျွမ်းဝင်သူ အောက်စ်ဖိုဒ့် တက္ကသိုလ်က ထင်ရှားတဲ့ဥပဒေပါမောက္ခ D John Finnis (US Supreme Court Associate Justice Neil Gorsuch ရဲ့ ပါရဂူဘွဲ့ကို ကြီးကြပ်သူ) ကအစ၊ သိကျွမ်းခြင်းမရှိခဲ့သော ကမ္ဘာကျော်ကတ္တီပါတော်လှန်ရေး၏ဗိသုကာ ချက်ကိုစလိုဗက်ကီးယား နိုင်ငံသမ္မတ Vaclav Havel အထိ ဆက်သွယ်အကူအညီရယူကာ ပြင်ဆင်ကြိုးပမ်းခဲ့ပါတယ်။ ဆုရရှိပြီဆိုချိန်မှာတော့ သူတို့မိသားစုမြန်မာပြည် သူများနှင့်ထပ်တူဝမ်းသာဂုဏ်ယူခဲ့တာပါ။ ဒီဆုဟာ ဒီမိုကရေစီတိုက်ပွဲအတွက် စွန့်လွှတ်အနစ်နာခံ တိုက်ပွဲဝင် နေကြတဲ့မြန်မာပြည်သူအားလုံးအတွက် ဖြစ်တယ်ဆိုတာကို ဆုလက်ခံယူစဥ်မှာ ထည့်သွင်းပြောကြားခဲ့သလို ရရှိတဲ့ဆုကြေးငွေများအားလုံးကိုလည်း မြန်မာပြည်သူလူထုအတွက်လိုအပ်တဲ့ ကျန်းမာရေး၊ပညာရေးစသည့် နေရာများမှာ အသုံးပြုဖို့ရည်ရွယ်လိုက်ကြပါတယ်။
Tibetan and Himalayan Studies နဲ့ပတ်သက်ရင် ကမ္ဘာသိပညာရှင်တစ်ဦးဖြစ်တဲ့သူဟာ ဒီဘာသာရပ်တိုး တက်ပြန့်ပွားရေးအတွက် ကိုယ်ရောစိတ်ပါမြှုပ်နှံကြိုးစားတတ်သူတစ်ဦးလည်း ဖြစ်ပါတယ်။ အခွင့်အရေး ရလျှင်ရသလို မြန်မာနိုင်ငံသို့သွားရောက်တတ်တဲ့သူဟာ ၁၉၉၅ ခုနှစ် ဒီဇင်ဘာလက နောက်ဆုံးအကြိမ်၊ သူမနဲ့တွေ့ခွင့်ရခဲ့တာပါ။
အဲ့ဒီနောက်ပိုင်းမှာတော့ ပြည်ဝင်ခွင့်ဗီဇာလျှောက်တိုင်း ငြင်းပယ်ခံရပါတော့တယ်။ ဖုန်းဆက်ဖို့ကြိုးစားတော့ လည်းမရ၊တခါတလေ သူမအသံကြားပြီးတဲ့နောက်၊ချက်ချင်းဖြတ်တောက်လိုက်တာကြုံခဲ့ရပါတယ်။ ၁၉၉၇ ခုနှစ် သူ ဆီးကြိတ်ကင်ဆာခံစားရပြီးနောက်၊ သူ့ရဲ့နောက်ဆုံးအချိန်ကာလများမှာ ပြည်ဝင်ခွင့်အကြိမ်ကြိမ် လျှောက်ခဲ့ပါသေးတယ်။ သူ့ရဲ့နောက်ဆုံးသွားရောက်နှုတ်ဆက်ချင်တဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ထိုစဥ်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကိုဖီအာနန် နဲ့ ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါ(လ်) (၂) အပါအဝင် ကမ္ဘာ့ခေါင်း ဆောင်များက ဝိုင်းဝန်းမေတ္တာရပ်ခံပေးကြသော်လည်း မအောင်မြင်ခဲ့ပါ။ အကန့်အသတ် အတားအဆီးများ စွာကြောင့် ပေးပို့ခဲ့တဲ့ သူမရဲ့ နှုတ်ဆက်တိပ်ခွေလေးဟာလည်း အချိန်မီရောက်မသွားနိုင်တဲ့အတွက် နောက်ဆုံးနှုတ်ဆက်စကားများအား၊သူကြားခွင့်ရမသွားရှာခဲ့။
အသက်(၅၃) နှစ်အရွယ်နဲ့ ကမ္ဘာမြေကြီးကို သူနှုတ်ဆက်ထွက်ခွာသွားခဲ့တဲ့ အချိန်မှာတော့၊ သူမြတ်နိုးရပါ သော သူမကို မြန်မာနိုင်ငံ နဲ့ မြန်မာပြည်သူတွေအတွက် သူလက်ဆောင်အဖြစ်ချန်ထားရစ်ခဲ့ပါတယ်။
၂၇ နှစ်ကြာ ပေါင်းဖက်ခဲ့သူ ဘဝလက်တွဲဖေါ်ကို နောက်ဆုံးအနေနဲ့ သူတက်ရောက်နေတဲ့ အောက်စ်ဖိုဒ့် က ချာချီလ် ဆေးရုံကြီးဆီကို လာနှုတ်ဆက်ပေးပါလား လို့ ပြောမထွက်ရက်ခဲ့တာက သက်သေပဲပေါ့။ မြန်မာ လူမျိုးတွေသိပ်လိုချင်တဲ့ ဒီမိုကရေစီကို သူမ မရရအောင် ယူပေးမယ်ဆိုတာ၊ သူယုံကြည်ထားတယ်၊၊ ဒီခရီး လမ်းကို သူ့အ တွက်ကြောင့်တော့ ဘယ်လိုနည်းနဲ့မှ၊နှောင့်နှေးမသွားစေလိုသူပါ။
ဒီနွေဦးတော်လှန်ရေးမှာလည်း ရင်တွင်းအပူကိုဖုံးကွယ်ပြီး လူသတ်လက်နက်တွေရှိရာကို သွားရောက်ရင်ဆိုင် ကာ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြကြမယ့် သားသမီးငယ်လေးများအတွက် စားသောက်စရာလေးတွေ၊ တစ်နေ့တာ အတွက် လိုအပ်မယ်ထင်တာလေး တွေ အတတ်နိုင်ဆုံး စဥ်းစားပြင်ဆင်ပေးကြသူ၊ မိမိအပေါ်ကျရောက်နိုင်တဲ့ အန္တရာယ်ကိုထည့်မတွက်တော့ပဲ အသက်လုထွက်ပြေးလာကြသူများကို ပုန်းရှောင်ခိုလှုံဖို့ နေရာပေးသူ၊ “CDM ကတော့မထွက်ပါနဲ့၊ ရောက်တဲ့နေရာမှာ ဖြစ်အောင်နေထိုင်စားသောက်ကြမယ်”ဆိုပြီး၊ မိမိတို့ကာလရှည်ကြာစွာနေလာခဲ့ကြတဲ့ ဝန်ထမ်းအိမ်ယာများကို ကျောခိုင်းထွက်ခွါလာကြသူ၊ စသောနောက်တန်းမှ ဝန်းရံသူများရဲ့ ရဲရင့်ပြတ်သားမှု့၊ ပေးဆပ်အနစ်နာခံမှု့များကို နေ့စဥ်နှင့် အမျှမြင် တွေ့ကြရပြန်ပါပြီ။
တကယ်တော့ ဒီလိုနောက်ကွယ်ကနေ ခေတ်စံနစ်တစ်ခု တိုးတက်ပြုပြင်ပြောင်းလဲနိုင်ရေးအတွက်အင်တိုက် အားတိုက်ဝန်းရံပံ့ပိုးခဲ့ကြသူများဟာ မော်ကွန်းမဝင်၊ စာလည်းမတင်သောတော်လှန်ရေးသမားများလည်းဖြစ် ကြပါတယ်။ ရှေ့တန်းကတိုက်ပွဲဝင်သူများကဲ့သို့ သမိုင်းစာမျက်နှာမှာ ထင်ကျန်ရစ်ခြင်း၊ အသိအမှတ်ပြုခံ ရခြင်း များလုံလောက်စွာ မရှိခဲ့သည်ကိုတော့ဝန်ခံကြရမှာပါ။ ဒီဆောင်းပါးနဲ့ ခေတ်အဆက်ဆက်စစ်ဝါဒီတို့ တောက်လောင်စေခဲ့သော စစ်မီးလျှံများကို သွေးပင်လယ်နဲ့တားဆီးကာကွယ်ပေးခဲ့ကြတဲ့သူများနဲ့အတူ၊ မျက် ရည်မြစ်များဖြင့် ခုခံ ငြိမ်းသတ်ပေးကြတဲ့ ထိုက်တန်စွာမော်ကွန်းတင်ခြင်းမခံရသော ကန့်လန့်ကာ နောက်ကွယ်မှ သူရဲကောင်းများအား ဂုဏ်ပြုလိုက်ရပါတယ်။
ကိုးကားစာရင်း
Aung San Suu Kyi (1995) Freedom from Fear and Other Writings. Edited with introduction by Michael Aris 2nd ed. Revised. Penguin 1995.
Grievance Debate Address by the Hon Gareth Evans QC MP to the House of Representatives, Canberra, Australia. 29 March 1999 (Hansard Page 4602)
Acceptance Speech delivered on behalf of Aung San Suu Kyi, by her son Alexander Aris, on the occasion of the award of the Nobel Peace Prize in Oslo, December 10, 1991
Jiří Šitler (2017) ‘Aung San Suu Kyi’s Czech connection’. The Diplomat.
John Pilger (1999) ‘A private and quiet sacrifice'. The Observer.
Roger Mitton (1999) ‘A Final, Personal Sacrifice. Asia Week.
Nicole Veash (1999) ‘Husband of Nobel heroine dies after 'no' to reunion’. The Observer.
Barkha Dutt (NDTV) ‘Interview with Aung San Suu Kyi’ (15th November 2012)
All Nobel Peace Prizes (nobelprize.org)
(သီအိုဇော်)
#MoeMaKaMedia
#WhatsHappeningInMyanmar
