Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၃လ ၄ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၃လ ၄ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) မေလ ၄၊ ၂၀၂၁

မေလ ၄ ရက် ညမှာ ရန်ကုန်မြို့တော်တော်များများမှာ မီးပျက်နေပါတယ်။ အင်တာနက်ရဖို့အတွက်ကတော့ ဘက္ကရီအားနဲ့ ဖိုင်ဘာလိုင်းဝိုင်ဖိုင်စက်ကို ဖွင့်သုံးရတာပေါ့။ အားလုံးက ဗီပီအင်သုံးနေကျဖြစ်နေပါပြီ။ သူတို့ဘဏ်စနစ်တွေကို ဖုန်းလိုင်းဒေတာကနေ ရတယ်ပြောသော်လည်း တနိုင်ငံလုံးမှာ လူတွေက အေတီအမ်တွေ ဘဏ်တွေရှေ့မှာ တန်းစီပြီး ရသလောက် ငွေကို ထုတ်ယူမစဲ တသဲသဲလို ပြောရမှာ ဖြစ်ပါတယ်။ ကောလဟလတွေက မျိုးစုံအောင် ထွက်နေတော့ ငွေကြေးအရေးက လူထုကြားမှာ အရေးပေါ်ကိစ္စတခုလို ဆွေးနွေးပြင်ဆင်စရာ ဖြစ်လို့နေပါတယ်။

မြန်မာပြည်အပြောင်းအလဲတွေ ဖြစ်ခါစတုန်းက မြန်မာပြည်တွင်းကိုရွှေ့ပြောင်းအခြေစိုက်လာတဲ့ မြန်မာသတင်းရုပ်သံဌာနတခုဟာ ခုချိန်မှာ စစ်ကောင်စီ၏ ပိတ်ဆို့တားဆီးမှု ဖမ်းဆီးတားမြစ်မှုတွေ ခံထားရပြီး ၎င်းသတင်းထောက်တွေလည်း ဖမ်းဆီးခံထားရတာတွေ ၀ရမ်းထုတ်ခံရတာတွေ ရှိပါတယ် ။ သတင်းထောက်တွေနဲ့ သူတို့အယ်ဒီတာတွေ ထုတ်ဝေသူတွေ ကြားက ကွာဟချက်တွေ အကာအကွယ်လိုအပ်မှုတွေကို သတင်းထောက်တယောက်က ဖွင့်ချထုတ်ဖော်ရေးသားတဲ့စာလည်း ဆိုရှယ်မီဒီယာက friends only ရှယ်ကြ ဖတ်ကြ ကွန်မင့်ပေးကြတာနဲ့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ သတင်းလွတ်လပ်ခွင့်နေ့ကို မနေ့က ကျင်းပပြီး မြန်မာပြည်မှာတော့ သတင်းထောက်တွေ မလွတ်လပ်သေးတာ၊ မလွတ်မြောက်သေးတာ၊ သူတို့ လုံခြုံရေးနဲ့ ဘ၀အာမခံချက်နဲ့ ပတ်သက်ပြီး အခုလိုအရေးပေါ်အခြေအနေမှာ အကာအကွယ်အားနည်းနေတာဟာ ဝမ်းနည်းစရာ ဖြစ်ပါတယ်။

ပြည်တွင်းက နယ်ဒေသခံ သတင်းဌာနတွေကိုလည်း စစ်ကောင်စီက ဖျက်သိမ်းတာ၊ ဖမ်းဆီးတာ၊ ခြိမ်းခြောက်တာတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ နယ်ဒေသခံ သတင်းထောက်တွေကိုလည်း စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးတာ နှိပ်ကွပ်တာတွေ ရှိနေဆဲ ဖြစ်ပါတယ်။ သတင်းထောက်တွေကိုယ်တိုင် ပြည်သူတွေနဲ့အတူ ဒုက္ခတွေကို ခါးစည်းခံစားပြီး ပြည်သူနဲ့အတူ စွန့်စားကာ ပြည်သူကြားက သတင်းတွေ အသံတွေ မျက်မှောက်ရေးရာကို တင်ဆက်ကြရတာ ဖြစ်ပါတယ်။ မိခင်သတင်းဌာနက မတင်ဆက်နိုင်သည့်တိုင် သူတို့ဖာသာသူတို့ စွန့်စားပြီးတော့ သတင်းတွေကို ဆိုရှယ်မီဒီယာပေါ်တင်ပြီး လူထုကို အသိပေးကြပါတယ်။ ဖိနှိပ်ထားချိန်မှာ အသံမတိတ်သွားအောင် သတင်းသမားတွေ အစွမ်းကုန်ကြိုးစားနေမှုကို ကျနော်တို့ အသိအမှတ်ပြုရပါမယ်။

အဲသည်လိုပဲ နွေဦးတော်လှန်ရေး သပိတ်တိုက်ပွဲဝင်သူ လူငယ်တွေဟာ သူတို့အချင်းချင်း လျိုံဝှက်ဆက်သွယ်ပြီး အသံမတိတ် အလံမလိတ်ဘူးဆိုတဲ့ လျပ်တပြက်သပိတ်တိုက်ပွဲ လမ်းလျောက်ဆန္ဒပြပွဲတွေ ထုတ်ဖော် ချီတက်နေဆဲ ဖြစ်ပါတယ်။ သူတို့ရဲ့ နွေဦးတပ်ဦးအလံတော် လွှင့်လိုက်တာနဲ့ သူတို့တွေဟာ စောင့်ဆိုင်းနေတဲ့ နေရာအသီးသီးက ပြေးလွှားထွက်လာကြပြီး အလံနောက်ကနေ စုဝေးချီတက်ကြပုံဟာ အလွန်စိတ်အားတက်ကြွစရာ ဂုဏ်ယူစရာ ကြည်နူးဝမ်းသာစရာ ကောင်းလှပါတယ်။

ချင်းပြည်နယ်ဟာလည်း ပြည်သူ့စစ် ပျောက်ကြားစစ်ရဲ့ ရှေ့တန်းကို ရောက်ရှိလာပါတယ်။ ကချင်ပြည်နယ်က KIA အလံအောက်ကနေ ကချင်တော်လှန်ရေးသမားတွေက တိုက်ပွဲဝင်နေကြချိန်၊ ပြည်သူတွေကို ကာကွယ်နေချိန်မှာ ချင်းပြည်နယ်ကတော့ ဒေသအလိုက် ပြည်သူ့စစ်တပ်ဖွဲ့တွေ အမည်နာမည် အမျိုးမျိုးနဲ့ ခံယူဖွဲ့စည်းပြီး စစ်ကောင်စီတပ်တွေကို တွန်းလှန်နေကြတာ ဖြစ်ပါတယ်။ သူတို့တွေက ဆိုရှယ်မီဒီယာကို အထိရောက်ဆုံးဖြစ်အောင် သုံးစွဲပြီး ပျောက်ကြားစစ်ပွဲတွေအပြင် စိတ်ဓာတ်စစ်ဆင်ရေးတိုက်ပွဲတွေနဲ့ စစ်ကောင်စီဖက်ဆစ်တပ်တွေကို ထိုးနှက်နေတဲ့အပြင် အဖိနှိပ်ခံ လက်နက်မဲ့ပြည်သူတွေကိုလည်း စိတ်အားတက်ကြွအောင် တပါတည်း စည်းရုံးလှုံဆော်နေတာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ သူတို့တွေ တဖြေးဖြေးချောင်ပိတ်ခံနေရပြီဆိုတာကို ကောင်းကောင်းကြီး ရိပ်စားမိပုံရပါတယ်။ သူ့လက်အောက်က မျက်စိပိတ်နားပိတ်အတွေးအခေါ် စုံလုံးကန်းနေတဲ့ ဖက်ဆီတပ်သားတွေကို အတင်းသွေးထိုးပြီး လူထုကို သတ်ဖြတ်နှိပ်စက် အနိုင်ကျင့်ခိုင်းနေပမယ့် ပြည်သူလူထုက ဒါကို အစွမ်းကုန် တွန်းလှန်ပြီး မကြောက်တရားလက်နက်ကို အမြင့်မားဆုံးလွှင့်ထူထားကြပါတယ်။ အင်တာနက်ကို သူတို့လုံး၀ပိတ်ချလို့ မရတဲ့နောက် ပြည်သူတွေနဲ့ သူတို့စစ်ျပ်တွေကြားထဲ သတင်းစီးဆင်းမှု မရှိအောင် ဂြိုလ်တုဖမ်းစလောင်းတွေကို အတင်းလိုက်ပိတ် ဖြုတ်ချနေပါတယ်။ ဒါကို လုပ်နေတာကနေ သူတို့ဝါဒဖြန့်ချိမှုသာလျင် ပြည်တွင်းမှာ ဝါးလုံးထိုးစီးဆင်းမယ်လို့ ယူဆထားပါတယ်။ သို့သော်လည်း သတင်းစီးဆင်းမှု ၊ လူထုတွန်းလှန်မှု၊ တိုင်းရင်းသားများ၊ CDM သမားများ၊ CRPH NUG အင်အားများ ခေါင်းဆောင်သူများက နည်းမျိုးစုံနဲ့ ဆက်တိုက်ပွဲဝင်နေတာကြောင့် စစ်ကောင်စီအတွက် ဘယ်နေရာမှာမှ အသာစီးရတယ်လို့ မဆိုနီုင်ကြောင်းပါ။

သည်အချိန်မှာ ထင်ရှားတဲ့တိုင်းတာမှုကတော့ ပြည်သူတွေအားလုံးနဲ့ လူငယ်ကျောင်းသားတွေက စစ်ကောင်စီဖွင့်လှစ်သင်ကြားမယ့် စစ်ကောင်စီပညာရေးနဲ့ ကျောင်းတွေကို ဘယ်သူမှ တက်မှာ မဟုတ်ကြောင်း ညီညွတ်စွာ ငြင်းဆန်ထားမှုပဲ ဖြစ်ပါတော့တယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar