Breaking News

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ - (၂) အေးမင်းစော၊ သားဦး

Art - Than Htay Maung
မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ - ၂
မိုးမခ
မေ ၅၊ ၂၀၂၁

မေလ
အေးမင်းစော

တခြားကမ္ဘာမှာရှုံးနိမ့်ခြင်းက
ဝိုင်အရက်နဲ့ ပေါင်မုန့်နဲ့
ငါတို့ရှုံးနိမ့်ခြင်းကတော့
သွေးသံတရဲရဲနဲ့
ဘဝအဆက်ဆက်သေတွင်းနဲ့။
ဒီတစ်ခါရှုံးရင်
သံသရာအဆက်ဆက်ကုန်းရုန်းဆပ်ပေတော့။
အခန့်မသင့်မှုက
လူသတ်သမားလက်သေနတ်အပ်မိတယ်
ပျင်းလို့ လိုင်းပေါ်တက်ကြည့်တော့
ရင်ဘတ်တည့်တည့်သေနတ်မှန်တယ်။
ကျည်ဆံတစ်တောင့်ကပြောတယ်
ခုနစ်နှစ်သားဟာသေဖို့ထိုက်တန်သတဲ့။
မှတ်ထား  
ဘုရားတည်တဲ့ကောင်တွေလက်မှာ
တရားလည်းကွယ်တတ်တယ်ဆိုတာ။
မှတ်ထား
ဘဝပေးသင်ခန်းစာအရ
ကိုယ်ကကျူးကိုယ့်ဒူးတောင်မယုံလေနဲ့။
ညီမလေးရေ
တော်လှန်ရေးဆိုတာ 
ပျားအုံဖွဲ့သလိုအတွင်းကစတာ
မြစ်ကိုကူးပြီးရင် လှေကိုဖျက်လိုက်
မီးဆိုမီးနဲ့သာဆီးရိုက်
အမှိုက်တစ်စမှမကျန်စေနဲ့။
မင်းဆီစစ်ကူရောက်မလာဘူးလား
သေနတ်ထဲကျည်တစ်တောင့်ချန်ထားပါ။
မီးခိုးဟာအဲဲဒီနေရာကထွက်နေတာ
ဟောဟိုမှာတွေ့လား
စိန်ပန်းတွေလည်း 
အဲဲဒီနေရာကနေနောက်တစ်ခါပွင့်တာ။ ။

...


နားလည်ပါတယ် 
သားဦး 

တရုတ်လိုမပြောလည်း နားလည်တယ် 
ရုရှားလိုမပြောလည်း နားလည်တယ်
 ဒီ တမနက်လုံး ဂျပန်လိုထိုင်တွေး
 ယူကေလိုငါလျှောက်ငေးနေလိုက်တယ် 
ဘာတွေလဲဆိုတာ ငါနားလည်ပါတယ်တဲ့ 
အများသုံးဘာသာစကားက 
ကမ္ဘာမှာတခုပဲရှိတယ် 
သူဟာ ပါးစပ်ကမပြော နှလုံးသားနဲ့ပြောတယ်
 ငါ နားလည်ပါတယ် 
ကဗျာတပုဒ်ကိုဖတ်ပြီး နားလည်သွားသလိုမျိုး 
ပန်းချီကားတချပ်ကိုကြည့်ပြီး နားလည်သွားသလိုမျိုး 

၃၀ ၄ ၂၀၂၁

...

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar