Breaking News

မောင်မောင်မြင့် - စစ်တပ်၏ မာယာ - (ပထမပိုင်း)

တိုင်းပြည်ကို ပထမဆုံးအာဏာသိမ်းမှု(၁၉၆၂)နဲ့ ချောက်ထဲတွန်းချခဲ့သူ ဗိုလ်နေဝင်းနဲ့ 
အာဏာသိမ်းစဉ်ကမြင်ကွင်း(google)

စစ်တပ်၏ မာယာ - (ပထမပိုင်း)
မောင်မောင်မြင့်
(မိုးမခ) ဇူလိုင် ၂၆၊ ၂၀၂၁

"မာယာ" ဆိုတာဟာ လှည့်ဖျားခြင်း၊ အယောင်ဆောင်ခြင်း၊ ဖြားယောင်းခြင်း၊ မိမိအပြစ်ကို အများမမြင်အောင် ဖုံးလွှမ်းခြင်း၊ လှည့်ပတ်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ နိုင်ငံရေးမှာတော့ မာယာဆိုတာဟာ မမှန်ကန်တဲ့နည်းနဲ့ ဝါဒဖြန့်ခြင်းလို့ အနက်ဖွင့်နိုင်ပါတယ်။ ဒီမိုကရေစီနည်းကျ အာဏာရလာတဲ့ အစိုးရတွေဟာ ပြည်သူတွေရဲ့ရှေ့မှောက်မှာ တာဝန်ခံခြင်း၊ တာဝန်ယူခြင်းဆိုတဲ့ ၀တ္တရားတွေကို ဖြည့်ဆည်းရတဲ့အပြင်၊ လွတ်လပ်တဲ့မီဒီယာကိုလည်း ခွင့်ပြုရတာကြောင့် မမှန်မကန် ဝါဒဖြန့်ဖို့ဆိုတာ မဖြစ်နိုင်သလောက်နီးပါး ခဲယဉ်းပါတယ်။ ဒါပေမဲ့ အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ခံရပြီး၊ လွတ်လပ်တဲ့မီဒီယာ တည်ရှိခွင့်မရတဲ့ နိုင်ငံတွေမှာတော့ အုပ်ချုပ်သူတွေဟာ မာယာတွေကို စုံနေအောင်သုံးပြီး လူထုကို လှည့်ဖျားလေ့ရှိပါတယ်။  အတိုင်းအတာတခုအထိလည်း အောင် မြင်လေ့ရှိပါတယ်။ 
မာယာနဲ့ဝါဒဖြန့်ခြင်းမှာ အအောင်မြင်ဆုံးနဲ့ အထင်ရှားဆုံး ပုဂ္ဂိုလ်တဦးကတော့ နာဇီအာဏာရှင်ဟစ်တလာရဲ့ ညာလက်ရုံးဖြစ်တဲ့ ဝါဒဖြန့်ချိရေးဝန်ကြီး ဂျိုးဆက်ဖ် ဂိုဘဲလ်စ် (Joseph Goebbels) ဖြစ်ပါတယ်။ သူက - ဝါဒဖြန့်ချိရေးဆိုတာ အမှန်တရားအပေါ် အခြေပြုရတယ်။ ဘာကြောင့်လဲဆိုတော့ "အမှန်တရားဟာ မုသားထက်ပိုပြီး အစွမ်းထက်လို့ပါပဲ (The truth is always stronger than the lie.)" လို့ ပြောခဲ့ဖူးပါတယ်။ ဒါ့အပြင် ဝါဒဖြန့်ချိတဲ့ နည်းလမ်းတွေအပေါ် မှုတည်ပြီး "ကျနော်တို့ဟာ သမိုင်းမှာ အကြီးကျယ်ဆုံး နိုင်ငံ့ခေါင်းဆောင်တွေ၊ ဒါမှမဟုတ် အကြီးကျယ်ဆုံး ရာဇဝတ်ကောင်တွေ ဖြစ်လာလိမ့်မယ် (We shall go down in history as the greatest statesmen of all time, or as the greatest criminals.)" လို့လည်း ပြောခဲ့ဖူးပါတယ်။ 

ဒီစကားတွေကို ပြောခဲ့တဲ့ ဂျိုးဆက်ဖ် ဂိုဘဲလ်စ်နဲ့ သူ့ရဲ့ မိသားစုဟာ ဒုတိယကမ္ဘာစစ်ကြီးပြီးခါနီး၊ ဘာလင်မြို့တော်က မြေအောက်လှိုဏ်ခေါင်းတခုထဲမှာ နာဇီအာဏာရှင် ဟစ်တလာတို့ ဇနီးမောင်နှံနဲ့ အတူ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ပါတယ်။ စစ်ဖြစ်နေချိန်မို့ သူတို့ရဲ့ အလောင်းတွေကို နာဇီတပ်သားတွေက ဓာတ်ဆီလောင်းပြီး ဖြစ်သလို မီးသဂြိုလ်ခဲ့ရပါတယ်။ သူတို့နှစ်ယောက်လုံးဟာလည်း ကမ္ဘာ့သမိုင်းရဲ့ အကြီးဆုံးရာဇ ၀တ်ကောင်တွေအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ 
မြန်မာပြည်ရဲ့မြို့တော် နေပြည်တော်မှာလည်း မြေအောက်လှိုဏ်ခေါင်းတွေရှိပါတယ်။ ဖက်ဆစ်အာဏာရှင် မင်းအောင်လှိုင် ဆိုတာလည်း ရှိပါတယ်။ သူ့ရဲ့ညာလက်ရုံး ပြန်ကြားရေး/ဝါဒဖြန့်ချိရေး ဝန်ကြီး ဇော်မင်းထွန်း ဆိုတာလည်း ရှိပါတယ်။ တိုင်းပြည်မှာ စစ်ပွဲတွေလည်း ဖြစ်နေပါတယ်။ ဓာတ်ဆီတွေလည်း ရှိပါတယ်။ အလောင်းတွေကို တွေ့ကရာနေရာမှာ ဖြစ်သလို မီးရှို့တတ်တဲ့ ဖက်ဆစ်တပ်သားတွေလည်း ရှိပါတယ်။ မင်းအောင်လှိုင်နဲ့ ဇော်မင်းထွန်းတို့ နှစ်ယောက်လုံးဟာလည်း မြန်မာ့သမိုင်းရဲ့ အကြီးဆုံးရာဇ၀တ်ကောင်တွေအဖြစ် လက်ရှိ ခေတ်ပြိုင်သမိုင်းမှာကို မှတ်တမ်းဝင်နေပါပြီ။ 
ကျန်နေသေးတာ တခုကတော့ .... သူတို့ရဲ့ ဇာတ်သိမ်းခန်းပါပဲ။

(အခန်း ၁)

မြန်မာပြည်ကြီး လွတ်လပ်ရေးရတော့ ပြည်တွင်းစစ်က ဖွားဘက်တော်အနေနဲ့ ပါလာတယ်။ ဒါ့ကြောင့် ပင်လုံစာချုပ်ထဲက ဖက်ဒရယ်ကတိကဝတ်တွေနဲ့ ၁၉၄၇ ခုနှစ် အခြေခံဥပဒေထဲက လူမျိုးစုကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုင် ရာ အာမခံချက်တွေကို သတ်မှတ်ကာလအတွင်းမှာ အကောင်အထည် မဖေါ်နိုင်ခဲ့ဘူး။ တနည်းပြောရရင်တော့ - မြန်မာ့လွတ်လပ်ရေးကြေငြာစာတမ်းမှာ ရေးသားမျှော်လင့်ခဲ့ကြတဲ့ ရွှေပြည်တော်ကြီးဟာ မျှော်လင့်ရင်းနဲ့ကို ဝေးခဲ့ရတယ်။ 
ဒီအခါ ဖဆပလအစိုးရဟာ ပြည်တွင်းစစ်ပြီးဆုံးရေးကို ရည်ရွယ်ပြီး ကွန်မြူနစ်ပါတီဝင်တွေနဲ့ တွေ့ဆုံညှိနှိုင်းမှုတွေကို လုပ်လာတယ်။ ဖဆပလနဲ့ ကွန်မြူနစ်တွေ ပြန်လည်ညီညွတ်သွားမှာကို မလိုလားတဲ့ စစ်ခေါင်းဆောင်တချို့က ဝန်ကြီးချုပ်ဦးနုနဲ့ တွေ့ဆုံပြီး စစ်တပ်က အာဏာသိမ်းမယ်လို့  ခြိမ်းခြောက်တယ်။ အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့ရင် စစ်တပ်နဲ့ နိုင်ငံ့ဂုဏ်သိက္ခာ ထိခိုက်မှာကို စိုးရိမ်တဲ့ ဦးနုဟာ ဗိုလ်နေ၀င်း ခေါင်း ဆောင်တဲ့ "အိမ်စောင့်အစိုးရ" ကို အခြေခံဥပဒေဘောင်ထဲကနေ ယာယီအားဖြင့် ၁၉၅၈ ခုနှစ်မှာ အာဏာလွှဲခဲ့ရတယ်။ ဒီဖြစ်ရပ်ဟာ တကယ်တော့ စစ်တပ်က ပထမဆုံးအကြိမ် အာဏာသိမ်းတာပါပဲ။ 

စစ်တပ်ရဲ့ လှည့်ဖျားခြင်းမာယာဟာ အဲဒီအချိန်ကနေ စတင်ပါတယ်။ 
စစ်တပ်ဟာ မြန်မာပြည်ကို ကွန်မြူနစ်ရန်စွယ်ကနေ ကယ်တင်နေတယ်လို့ မာယာကြွယ်ကြွယ်နဲ့ ဝါဒဖြန့်ပြီး လက်ဝဲနဲ့ တခြားနိုင်ငံရေးသမား ၄၀၀ လောက်ကို ကိုကိုးကျွန်းမှာ ချုပ်နှောင်ထားခဲ့တယ်။ စစ်တပ်ဟာ ပဒေ သရာဇ်စနစ်ကို ဆန့်ကျင်တယ်လို့ ဝါဒဖြန့်ပြီး ရှမ်းစော်ဘွားတွေကို အတင်းအကျပ် အာဏာစွန့်ခိုင်းခဲ့တယ်။ 
အိမ်စောင့်အစိုးရဟာ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်အရ ၁၉၆၀ ခုနှစ်မှာ ရွေးကောက်ပွဲ ကျင်းပပေးရတော့လည်း သူတို့လိုလားတဲ့ တည်မြဲဖဆပလဖက်ကို ပင်းခဲ့တယ်။ အဲဒီအချိန်မှာ ဖဆပလအဖွဲ့ကြီးဟာ ဦးနု ခေါင်း ဆောင်တဲ့ သန့်ရှင်းဖဆပလနဲ့ ဆိုရှယ်လစ်တွေဖြစ်ကြတဲ့ ဦးဗဆွေနဲ့ ဦးကျော်ငြိမ်းတို့ ခေါင်းဆောင်ကြတဲ့ တည်မြဲဖဆပလ ဆိုပြီး နှစ်ဖွဲ့ကွဲနေပြီ။ ဒါပေမဲ့ သန့်ရှင်းဖဆပလ (နောင်အခါ ပြည်ထောင်စုပါတီ) က လူထုရဲ့ တခဲ နက်ထောက်ခံမှုနဲ့ အနိုင်ရသွားခဲ့တာကြောင့် ဦးနုကို စစ်တပ်က အာဏာပြန်လွှဲခဲ့ရတယ်။ သို့သော်လည်း တိုင်း ပြည်ကို ၂ နှစ်တာလောက် စိတ်ကြိုက်အုပ်စိုးရလိုက်လို့ အာဏာယစ်မူးသွားခဲ့တဲ့ ဗိုလ်နေဝင်းနဲ့ အပေါင်းပါတွေဟာ ဦးနုအစိုးရအပေါ် မာယာထောင်ချောက်ဆင်တယ်။ စစ်တပ်က ချောင်းနေတဲ့ အကွက်ဟာ ၁၉၆၂ ခုနှစ်မှာ ပေါ်လာပါတယ်။ 

၁၉၆၀ ခုနှစ်မှာ ဦးနုအစိုးရ ပြန်တက်လာတဲ့အခါ တောင်တန်းဒေသနေ တိုင်းရင်းသားတွေက လူမျိုးစုတွေရဲ့ ပင်လုံစာချုပ်ပါ ဖက်ဒရယ်ရပိုင်ခွင့်တွေကို အကောင်အထည်ဖေါ်ပေးဖို့ တောင်းဆိုလာကြတယ်။ ဒီတောင်းဆိုချက်ဟာ တရားမျှတတယ်လို့ ယူဆတဲ့ ဝန်ကြီးချုပ်ဦးနုကလည်း ဖက်ဒရယ်နှီးနှောဖလှယ်ပွဲကြီးတခုကို ရန်ကုန်မြို့မှာ ပြုလုပ်ပေးတယ်။ အဲဒီ နှီးနှောဖလှယ်ပွဲကြီး ကျင်းပနေတုန်း မတ်လ ၂ ရက်နေ့မှာတော့ စစ်တပ်က ဖွဲ့လိုက်တဲ့ တော်လှန်ရေးကောင်စီက ဒုတိယအကြိမ် အာဏာသိမ်းလိုက်တယ်။ အစိုးရတဖွဲ့လုံးကိုရော၊ ရန်ကုန်မြို့ကို ရောက်နေတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကိုပါ ဖမ်းဆီးထောင်ချလိုက်တယ်။ ၁၉၄၇ အခြေခံဥပဒေကိုလည်း ဖျက်သိမ်းပစ်လိုက်တယ်။ 
ဒီတကြိမ်မှာ စစ်တပ်က သုံးခဲ့တဲ့ ဝါဒဖြန့်ချိရေးမာယာကတော့ - "ဖက်ဒရယ်စနစ်ကြောင့် တိုင်းပြည်ကြီးပြိုကွဲခါနီး လက်နှစ်လုံးအလိုမှာ တပ်မတော်က ကယ်တင်လိုက်ပါတယ်" ဆိုတဲ့ မာယာပါပဲ။ 
ဒါပေမဲ့ စစ်အာဏာသိမ်းတာကို လက်မခံနိုင်တဲ့ ရန်ကုန်တက္ကသိုလ်က ကျောင်းသားသမဂ္ဂတွေနဲ့ နိုင်ငံရေးအဖွဲ့အစည်းတချို့က စာထုတ်ပြီး ကန့်ကွက်ခဲ့တယ်။ ဖိနှိပ်ချုပ်ချယ်တဲ့ ကျောင်းစည်းကမ်းနဲ့ ကျောင်းဆောင်စည်း ကမ်းအသစ်တွေကို တော်လှန်ရေးကောင်စီက ထုတ်ပြန်လိုက်တဲ့အခါမှာလည်း ကျောင်းသားတွေက ဆန့်ကျင်ဆန္ဒပြကြတယ်။ အဲဒီ ဆန္ဒပြကျောင်းသားတွေကို ဇူလိုင်လ ၇ ရက်နေ့မှာ စစ်တပ်က ရာနဲ့ချီပြီး ပစ်သတ်တယ်။ ဇူလိုင်လ ၈ ရက်နေ့မှာတော့ ကျောင်းသားတွေ ခိုလှုံနေကြတဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အဦကို ဒိုင်းနမိုက်သုံးပြီး ဖြိုခွဲလိုက်တယ်။ ဒါဟာ ခေတ်သစ်မြန်မာ့သမိုင်းမှာ ပထမဆုံးနဲ့ အကြီးမားဆုံး လူသတ်ပွဲကြီးပါပဲ။ 

ဗိုလ်နေဝင်းဟာ သူတို့ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုကို ဖုံးကွယ်ဖို့ ကြိုးစားတဲ့အနေနဲ့ "သမဂ္ဂကျောင်းသားတွေဟာ လက်နက်ကိုင်ကွန်မြူနစ်တွေ ဖြစ်တယ်၊ ကျောင်းသားသမဂ္ဂအဆောက်အဦထဲမှာ လက်နက်တွေရှိလို့ ဖြိုခွဲလိုက်ရတာ ဖြစ်တယ်၊ နောက်နောင်မှာလည်း ဒါးကို ဒါးချင်း၊ လှံကို လှံချင်း ရင်ဆိုင်သွားမှာ ဖြစ်တယ်" လို့ ပုံကြီးချဲ့ပြီး မာယာဖွဲ့ပြန်ပါတယ်။ 
ကျောင်းသားတွေကို သတ်ပြီးနောက်မှာတော့ နိုင်ငံရေးအတိုက်အခံတွေကို ဖမ်းဆီးနှိပ်စက်တယ်။ စိတ်ဓါတ်ကို ချိုးနှိမ်တယ်။ လူထုလူတန်းစားအသင်းအဖွဲ့တွေနဲ့ သမဂ္ဂတွေကို ဖျက်သိမ်းတယ်။ ၁၀၀ တန်နဲ့ ၅၀ တန် ငွေ စက္ကူတွေကို ရုတ်သိမ်းလိုက်ပြီး၊ နိုင်ငံသားတွေရဲ့လက်ဝယ်မှာ စုဆောင်းထားတဲ့ ငွေတွေ နေ့ချင်းညချင်း ပျက် သုဉ်းသွားအောင် လုပ်တယ်။ သမ္မာအာဇီ၀နဲ့ စီးပွားရှာနေသူတွေကို အရင်းရှင်တံဆိပ်ကပ်တယ်။ သူတို့ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြည်သူပိုင်တံဆိပ်ကပ်ပြီး မတရားသိမ်းယူတယ်။ တကယ်တော့ ဒါတွေဟာ ပြည်သူရဲ့ ချွေးနှဲစာတွေနဲ့ ဥစ္စာပစ္စည်းတွေကို မဟုတ်မဟတ် မာယာတံဆိပ်တွေ ကပ်ပြီး လုယက်ခြင်းသာဖြစ်တယ်။ 
ပြီးတော့တခါ - အခြေခံဥပဒေ မရှိတော့တဲ့ တိုင်းပြည်မှာ လူများစုဖြစ်တဲ့ တောင်သူလယ်သမားထု၊ အလုပ် သမားထုနဲ့  ဗုဒ္ဓဘာသာ၀င်လူထုကို ဖြားယောင်းဖို့အတွက် နိုင်ငံရေးမူဝါဒ တခုခု‌တော့ ရှိမှဖြစ်မယ်ဆိုပြီး မာယာအသစ်တခုကို တီထွင်ပြန်တယ်။ တီထွင်ပုံကတော့ ဆိုရှယ်လစ်ဝါဒနဲ့ ဗုဒ္ဓဝါဒတွေထဲက လိုရာတွေကို ဆွဲထုတ်ပြီး "မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်" ဆိုတဲ့ ဟိုမရောက် ဒီမရောက် ငစဉ်းလဲလမ်းစဉ်တမျိုးကို ဖန်ဆင်းလိုက်တာပါပဲ။ အဲဒီလို အပြောခံရမယ် ဆိုတာကို ကြိုပြီး ရိပ်မိလို့လည်း အဲဒီလမ်းစဉ်ကို "မဇ္ဈိမပဋိပဒါလမ်းစဉ်" ပါဆိုပြီး ဘုရားဟောနဲ့ပဲ ညီသလိုလို ပြောဆိုလှည့်ဖျားပြန်တယ်။ အမှန်တော့ အဲဒီလမ်းစဉ်ဟာ "လူနှင့် ပတ်ဝန်းကျင်တို့၏ အညမညသဘောတရား" ဆိုတဲ့ စာအုပ်တအုပ်အပေါ် အခြေပြုတာပါ။ အဲဒီစာအုပ်ကို ရေးခဲ့သူကတော့ ဗုဒ္ဓဝါဒကို လက်မခံတဲ့ အလံနီကွန်မြူနစ်ပါတီက ပါတီဝင်ဟောင်း ဦးချစ်လှိုင် ဖြစ်တယ်။ အဲဒီစာအုပ်ကို ရေးခိုင်းခဲ့သူကတော့ ဗုဒ္ဓဝါဒကို နှစ်နှစ်ကာကာ သက်ဝင်ယုံကြည်ဖို့ ဝေးလို့၊ ငါးပါးသီလတောင်မလုံဘဲ မိန်းမလိုက် စားလိုက်၊ မြင်းလောင်းလိုက် လုပ်နေတဲ့ မယားငါးဦးရှင် ဗိုလ်နေ၀င်းပါပဲ။ 

ဗိုလ်နေ၀င်းဟာ အဲဒီလို မာယာမျိုးတွေကိုသုံးပြီး တိုင်းပြည်ကို အခြေခံဥပဒေမရှိဘဲ ၁၂ နှစ်တိတိ အုပ်ချုပ်သွားခဲ့တယ်။ ဒီနောက် စစ်ဝတ်စုံကို ချွတ်၊ တောင်ရှည်ပုဆိုးဝတ်ပြီး "ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်" ဆိုတာကြီးကို တည်ထောင်၊ သူ့ကိုယ်သူ သမ္မတကြီးပါလို့ ကြေညာပြီး၊ တပါတီအာဏာရှင်စနစ်နဲ့ နောက်ထပ် ၁၄ နှစ်တိတိ တိုင်းပြည်အုပ်ချုပ်ပြန်တယ်။ ဒီတခါ ဗိုလ်နေ၀င်းချတဲ့ မာယာငါးစာကတော့ "သာယာ ဝပြောပြီး၊ လူလူချင်း ခေါင်းပုံဖြတ်ခြင်းကင်းတဲ့ ဆိုရှယ်လစ်လူ့ဘောင်သစ်ကြီး" ဆိုတာပါပဲ။ 

မာယာဆိုတာ လည့်ဖျားမှုသာဖြစ်လို့ အချိန်အတိုင်းအတာတခုအထိပဲခံပါတယ်။ အချိန်တန်လို့ အဲဒီ ဆိုရှယ် လစ် မာယာမျက်နှာဖုံးကြီး ကွာကျသွားတဲ့အခါမှာတော့ တိုင်းပြည်ဟာ ကုန်းကောက်စရာ မရှိလောက်အောင် ဆင်းရဲသွားခဲ့တယ်။ ကမ္ဘာ့အဆင်းရဲဆုံး ဆယ်နိုင်ငံစာရင်းထဲ ဝင်သွားခဲ့တယ်။ အဲဒီလောက် ဆင်းရဲသွားတဲ့ ပြည်သူလူထုကို ထပ်ပြီး နှိပ်စက်တဲ့ အနေနဲ့ ငွေစက္ကူတချို့ကို တရားမဝင်ကြောင်း အစိုးရက ကြေညာပြန်တယ်။ ဒီကိစ္စအတွက် သူတို့သုံးတဲ့ မာယာစကားကတော့ "ဝိသမလောဘသားတွေ လက်ထဲရောက်နေတဲ့ ငွေမဲတွေကို တန်ဖိုးမဲ့အောင် လုပ်လိုက်တာပါ" တဲ့။ 
ဒီတချီမှာတော့ ပြည်သူတွေက သည်းမခံနိုင်ပဲ ပေါက်ကွဲကြလို့ ရှစ်လေးလုံးအရေးတော်ပုံကြီး ပေါ်ပေါက်လာခဲ့တယ်။ ရာထူးကနေ ဆင်းပေးတော့မယ့်ဆဲဆဲမှာ ဦးနေ၀င်းက "တက္ကသိုလ်သမဂ္ဂအဆောက်အဦးကြီးကို ဖြိုခွဲဖို့ သူ့အမိန့်မပေးခဲ့ဘူး၊ ဒါဟာ ဗိုလ်အောင်ကြီးက လီဆယ်တာပါ" လို့ မာယာဇာတ်လမ်း ခင်းသွားသေးတယ်။ ဒါပေမဲ့လည်း မာယာကြွယ်လှတဲ့ ဆိုရှယ်လစ်တပါတီအာဏာရှင်စနစ်ကြီးဟာ ၂၆ နှစ်အကြာမှာ ဗိုလ်နေ၀င်းနဲ့အတူ ပြိုလဲပျက်စီးသွားခဲ့ရတယ်။ 

ဒီအခါမှာတော့ စစ်အာဏာရှင်ဆိုတဲ့ မြွေဆိုးကြီးဟာ ဆိုရှယ်လစ်အရေခွံကိုလဲပြီး၊ အလုပ်မဖြစ်တော့တဲ့ တပါတီစနစ်ကို စွန့် ခွာလိုက်တယ်။ ပြီးတော့မှ "ပါတီစုံဒီမိုကရေစီစနစ်ကြီးကို ဖော်ဆောင်ပေးပါ့မယ်" ဆိုတဲ့ မာယာတမျိုးနဲ့ "နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့" လို့ခေါ်တဲ့ န၀တစစ်အာဏာရှင်အစိုးရအဖြစ် အသွင်ပြောင်းသွားခဲ့တယ်။ ဦးနေ၀င်းအစိုးရနဲ့ န၀တစစ်အစိုးရတွေကြားမှာ ဘီလူးမာယာကို သုံးခဲ့တဲ့ ဦးစိန်လွင်အစိုးရနဲ့ မင်းသားမာယာကို သုံးခဲ့တဲ့ ဒေါက်တာမောင်မောင်အစိုးရတွေ ပေါ်လာသေးပေမဲ့ ရက်ပိုင်းလပိုင်းပဲခံပြီး ပြုတ်ကျသွားခဲ့ကြတယ်။ အဲဒီလို ဆန့်ကျင်ဘက်မာယာနှစ်မျိုးကို သုံးခဲ့ပေမဲ့ လူထုက လက်မခံကြတော့ဘူး။ ဒီတော့မှ စစ်တပ်က လူသုံးထောင်လောက်ကို လမ်းမတွေပေါ်မှာ ပစ်သတ်ပြပြီး န၀တစစ်အစိုးရအဖြစ် တက်လာခဲ့တာပါ။ 
နောက်တက်လာတဲ့ မောင်ပုလဲဟာ ရက်စက်တဲ့အရာမှာရော၊ မာယာကြွယ်တဲ့အရာမှာပါ ဒိုင်းဝန်ထက် ကဲခဲ့၊ သာခဲ့ပါတယ်။ တက်တက်ချင်းမှာ န၀တဥက္ကဌ ဗိုလ်စောမောင်က "ရွေးကောက်ပွဲ လုပ်ပေးမယ်၊ နိုင်တဲ့ပါတီက အစိုးရဖွဲ့ပါ၊ စစ်တပ်ကတော့ စစ်တန်းလျားကို ပြန်မယ်" လို့ ကတိပေးခဲ့တယ်။ ဒီနောက် မြန်မာ့ဆိုရှယ်လစ်လမ်း စဉ်ပါတီကို တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) လို့ နာမည်ပြောင်းပြီး စစ်တပ်က ထောက်ခံလိုက်တယ်။ ပါတီစုံစနစ်ကို ကျင့်သုံးမယ်ဆိုပြီး ပါတီပေါင်း ၁၀၀ လောက်ကို မှတ်ပုံတင်ပေးခဲ့တယ်။ ပါတီစုံမာယာကိုကျင့်သုံးလိုက်ခြင်းအားဖြင့် အတိုက်အခံနိုင်ငံရေးသမားတွေရဲ့ အင်အားတွေ အစိတ်စိတ်အမြွာမြွာကွဲသွားလိမ့်မယ်၊ သူတို့ထောက်ခံတဲ့ တစညပါတီကသာ မဲအများဆုံးနဲ့ ရွေးကောက်ပွဲမှာ နိုင်လိမ့်မယ်လို့မျှော်လင့်ထားခဲ့ကြတယ်။ ပိုပြီးသေချာအောင်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ရဲ့ အထွေထွေအတွင်း ရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကိုပါ အကျုပ်ချုပ်ချထားလိုက်သေးတယ်။ ဒီနောက် ပိုင်လောက်ပြီဆိုမှ ရွေး ကောက်ပွဲကို ၁၉၉၀ ခုနှစ်မှာ ကျင်းပပေးလိုက်တယ်။ ဖြစ်ချင်တော့ တစညပါတီခမျာ အဲဒီရွေးကောက်ပွဲမှာ ပက်ပက်စက်စက် ရှုံးသွားခဲ့ပြီး၊ NLD ပါတီက တခဲနက် အောင်ပွဲခံသွားခဲ့တယ်။ 

မျှော်လင့်မထားခဲ့တဲ့ ဖြစ်ရပ်ကြောင့် ခြေမကိုင်မိ လက်မကိုင်မိအောင် ချောက်ချားသွားခဲ့တဲ့ န၀တဟာ ၁၉၉၂ ခုနှစ်မှာ ဗိုလ်စောမောင်ကို ဗိုလ်သန်းရွှေနဲ့ အစား ထိုးလိုက်တယ်။ ဒီနောက် ရေလဲသုံးနေကျဖြစ်တဲ့ လှည့်ဖျားခြင်းမာယာအပြင် ကတိဖောက်ဖျက်ခြင်းမာယာကိုပါ တွဲပြီးသုံးပါတော့တယ်။ "နိုင်တဲ့ပါတီက အစိုးရဖွဲ့ပါ" ဆိုတဲ့ ကတိကို ဖျက်ပြီး၊ "နိုင်တဲ့ပါတီက အစိုးရဖွဲ့ခွင့် မရှိဘူး" လို့ ပြောတယ်။ "စစ်တပ်က စစ်တန်းလျားကို ပြန်မယ်" ဆိုတဲ့ ကတိကို ဖျက်ပြီး၊ "စစ်တပ်က အမျိုးသားနိုင်ငံရေးကိုဆက်လုပ်မယ်" လို့ ကြေညာတယ်။ ဒီနောက် NLD အမတ်အတော်များများကို ဗိုလ်ခင်ညွန့် ခေါင်းဆောင်တဲ့ထောက်လှမ်းရေးအဖွဲ့က ဖမ်းဆီးတယ်။ နှိပ်စက်တယ်။ တချို့ကို သတ်ပစ်တယ်။ ကျောင်းသားကအစ ဘုန်းကြီးအဆုံး နိုင်ငံရေးအတိုက်အခံမှန်သမျှကို ကွန်မြူနစ်၊ ဒါမှမဟုတ် စီအိုင်အေတံဆိပ်ကပ်ပြီး ဖမ်းတယ်။ ပြီးတော့မှ ရွေးကောက်ခံအမတ်တွေက နည်းနည်း၊ စစ်တပ်က ခေါင်းခေါက်ရွေးတဲ့ကိုယ်စားလှယ်တွေကများများ ပါဝင်တဲ့ အတုအယောင်အမျိုးသားညီလာခံကိုခေါ်ယူတယ်။ ဒီနောက် အခြေခံဥပဒေအသစ်ကို ၁၉၉၂ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ ၁၅ နှစ်ကြာအောင် ရေးဆွဲတယ်။ ဒီအတောအတွင်း ၁၉၉၇ ခုနှစ်မှာ နဝတကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) လို့ နာမည်ပြောင်းလိုက်သေးတယ်။ 

ဒီနောက် - ၁၉၈၈ ခုနှစ်ကစပြီး နှစ်ပေါင်း ၂၀ လောက် စစ်အုပ်ချုပ်ရေးအောက်မှာ နေခဲ့ရလို့ ပြည်သူတွေ အပိုး ကျိုးလောက်ပြီထင်မှ အခြေခံဥပဒေအသစ်ကို အတည်ပြုမယ့် လူထုဆန္ဒခံယူပွဲကို ၂၀၀၈ ခုနှစ်မှာ ကျင်းပဖို့ စီစဉ်တယ်။ ဖြစ်ချင်တော့ ဆန္ဒခံယူပွဲမတိုင်ခင် ရှစ်ရက် အလိုမှာ ခေတ်သစ်မြန်မာ့သမိုင်းရဲ့ အဆိုးဝါးဆုံး မုန်တိုင်းဖြစ်တဲ့ နာဂစ်မုန်တိုင်းကြီးကို ကြုံလိုက်ရတယ်။ လူတသိန်းသုံးသောင်းလောက် သေပြီး၊ သန်းနဲ့ချီတဲ့ လူတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ စစ်အစိုးရဟာ လူထုဆန္ဒခံယူပွဲကို ရွှေ့ဆိုင်းမပေးခဲ့တဲ့အပြင် အခြေခံဥပဒေသစ်ကို ပြည်သူ ၉၂ ရာခိုင်နှုန်းကျော်က ထောက်ခံတယ်ဆိုပြီး ဗြောင်လိမ်ဗြောင်စားနည်းနဲ့ အတည်ပြုလိုက်တယ်။ အဲဒီနည်းနဲ့ အတည်ပြုလိုက်တဲ့ ၂၀၀၈ အခြေခံဥပဒေဟာလည်း မာယာတွေ ပြည့်နှက်နေတဲ့ အခြေခံဥပဒေပါပဲ။

(ဆက်ရန်)
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar