Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၅ လ ၂၅ ရက် မြောက်နေ့ မြင်ကွင်း





မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၅ လ ၂၅ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၂၅၊ ၂၀၂၁

ကိုဗစ် ကူးစက်မှုများ သေဆုံးမှုများ မြင့်တက်နေဆဲမှာ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွေ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေက သူတို့နယ်မြေအလိုက် ကိုဗစ်ထိန်းချုပ်မှု ကာကွယ်မှုတွေကို ထုတ်ပြောလာကြပါတယ်။ စစ်ကောင်စီကိုယ်တိုင်ကလည်း ပြည်ပကလက်ခံရရှိထားတဲ့ ကိုဗစ်ကာကွယ်ဆေးတွေ ထိုးပေးနေကြောင်း သတင်းတွေ လုပ်လာပါတယ်။ NUG အစိုးရကလည်း ကိုဗစ်ကာကွယ်ဆေးအစီအစဉ်တွေ စတင်တော့မယ့်အကြောင်း ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်က ရခိုင်တပ်တော် AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ရခိုင်လူထုသို့တိုက်တွန်းချက် မှာ - ရခိုင်ပြည်သူတွေအနေနဲ့ WHO က အသိအမှတ်ပြုထားတဲ့ ကိုဗစ်ဆေးကို ရနိုင်တဲ့နည်းနဲ့ဘယ်လိုမဆို ထိုးထားကြဖို့ တိုက်တွန်းပါတယ်။ ကျန်းမာရေးလုပ်သားတွေနဲ့ဆရာဝန်တွေ၊ လူထုနှစ်ဖက်လုံး တစ်ဖက်နဲ့တစ်ဖက် "ခွင့်လွှတ်သည်းခံကြဖို့နဲ့စည်းလုံးကြဖို့" တိုက်တွန်းပါတယ်။

မြန်မာပြည်တွင်းက ရန်ကုန် မန္တလေး ပဲခူး စတဲ့မြို့ကြီးတွေမှာကတော့ စစ်ကောင်စီက ကိုဗစ်ကာကွယ်ရေး ကုသရေး အောက်စီဂျင်ဖြန့်ဖြူးရေးဆိုတဲ့ ကျန်မာရေးစောင့်ရှောက်မှုလုပ်ငန်းတွေအားလုံးကို စစ်ကောင်စီအုပ်ချုပ်ရေးလက်အောက်ကနေ ထိန်းချုပ်ကန့်သတ်မှုတွေ တိုးလုပ်လာပါတယ်။ စစ်ကောင်စီ၏ အုပ်ချုပ်ရေးမှူးများ ကျန်းမာရေးဆိုင်ရာဝန်ထမ်းများ နယ်မြေခံ လက်နက်ကိုင်အရာရှိများ၏ ခွင့်ပြုချက် လက်မှတ် သဘောတူညီချက်တွေ ရယူပြီးမှသာ ဆေးကုသခွင့် ဆေးရုံဆေးခန်းတက်ခွင့် အောက်စီဂျင်ရယူခွင့်တွေ ပေးမယ်လို့ ဆိုပါတယ်။ ပြည်သူတွေက အောက်စီဂျင်လိုအပ်လို့ တိုက်ရိုက် စက်ရုံတွေကနေ တန်းစီယူခွင့်မရှိတော့ဘဲ စစ်ကောင်စီ၏ မြို့နယ်အလိုက်ခွဲတန်းကို လိုက်နာရမယ်လို့ ထုတ်ပြန်တယ် ဆိုပါတယ်။

အောက်စီဂျင်ဟာ စစ်ကောင်စီ၏ စစ်မျက်နှာတရပ်ဖြစ်လာပြီး ပြည်ပမှ ပြည်သူတွေ ကိုယ်ထူကိုယ်ထ တင်သွင်းနေတဲ့ ဆေးများ ဆေးပစ္စည်းများ အောက်စီဂျင်အကူစက်များကို စစ်ကောင်စီတပ်တွေက တားမြစ်ခြင်း သိမ်းယူခြင်း လုယက်ခြင်းတွေ တိုးမြှင့်ပြီး ပြုလုပ်လာပါတယ်။ ပြည်တွင်းမှာလည်း အခကြေးငွေယူပြီး အောက်စီဂျင်အိုးတန်းစီသူများ၏ ဝန်ဆောင်ခစျေးတွေဟာ တနေ့ကို ၃ သောင်း လေးသောင်းကနေ အိုးမရမချင်း နေ့စဉ်တန်းစီခအဖြစ် ပေးရပြီး ရတဲ့နေ့မှာ အနည်းဆုံး ၁သိန်းအထိ အိုးရတဲ့နေ့အဖြစ် အထူးဝန်ဆောင်ခစျေးပေးရတယ်လို့ ဆိုပါတယ်။ အဲသလိုမပေးရင် သူများကို လက်လွှဲရောင်းစားပြီး နောက်နေ့ကို ပုံမှန်စျေးနဲ့ ဆက်တန်းစီခ ပေးရပြန်တယ်လို့ သိရပါတယ်။ အိုးအသေး ၁၅လီတာ တစုံကို ၅သိန်း၇သောင်းပေးပြီး ဝယ်နေရတယ်လို့ ပြောပါတယ်။ အခုလို စစ်ကောင်စီက အောက်စီဂျင်ကို ကန့်သတ်ထားရင် မှောင်ခိုစျေးကွက်ကြီး ဖြစ်လာမယ်လို့ စိုးရိမ်ကြပါတယ်။

ကိုဗစ်ကပ်ဆိုးဖြစ်ပွားချိန် နောက်စိုးရိမ်စရာတခုကတော့ မြန်မာပြည်အောက်ပိုင်းမှာ မိုးရေကြီးပြီး ရေလွှမ်းမိုးမှုတွေ တိုးပွားလာနေတာဖြစ်ပါတယ်။ မွန်ပြည်နယ် သံဖြူဇရပ်၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး၊ တနင်္လာရီတိုင်း ထားဝယ်၊ လောင်းလုံ၊ သရက်ချောင်း၊ ရေးမြို့နယ် ရေကြီးရေလျံမှုတွေ ဖြစ်ပွားနေပါတယ်။ နောက်ထပ် သဘာ၀ဘေးဒဏ်တွေ တိုးပွားပြိး ရင်ဆိုင်နေရမယ့် မြန်မာပြည်သူတွေအတွက်ကတော့ စိန်ခေါ်မှုတွေချည်း ဖြစ်နေပါတယ်။ မြန်မာပြည်သူအများစုမှာ အခက်အခဲမြောက်များစွာကို ရင်ဆိုင်နေကြရပါတယ်။ အချို့မှာ စိတ်ပျက်တာ၊ မျော်လင့်ချက်မဲ့နေကြတာမျိုး ခံစားနေကြရတယ်လို့ သတင်းသမားတဦးက မှတ်ချက်ပေးပါတယ်။ စစ်ကောင်စီ စစ်ခေါင်းဆောင်တွေလိုပဲ အချို့သော နိုင်ငံရေးသမားတွေက ကိုဗစ်အရေးကို နိုင်ငံရေးအတွက် အသုံးချဖို့ အမြတ်ထုတ်ဖို့ စဉ်းစားနေတာ၊ ပြောဆိုနေတာမျိုးကိုတော့ ဝေဖန်ချင်တယ်လို့ သူက ပြောပါတယ်။ နိုင်ငံရေးက နိုင်ငံရေးပြသနာ ဖြစ်သလို ကိုဗစ်ကလည်း ကိုဗစ်ပြသနာအဖြစ် တခုစီလည်း မြင်၊ နှစ်ခုကိုလည်း ယှဉ်ပြီး မြင်မယ်၊ ကိုင်တွယ်ဖြေရှင်းမယ်ဆိုတာမျိုးကိုလည်း ရေတို ရေရှည် ၂ခု သဘောထားပေးတာ ပြောတာမျိုးတွေ ကြားချင်တယ်လို့ သူကပြောကြားပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar