ညိုထက်ညို - အမှတ်တရ မတ်လ ၁၄ (သို့) နွေဦး က ခြွေသွားတဲ့ ကြယ် ခန့်ညားဟိန်း
ညိုထက်ညို
(မိုးမခ) မတ် ၁၁၊ ၂၀၂၂
ထိုရက်များအတွင်း စိတ်နှလုံးများ နောက်ကျိလိုက်ပုံမှာ တသက်တွင် မကြုံဖူးရလောက်အောင် ဖြစ်ပါသည်။ မနက်လင်းလာသည်နှင့် လူတိုင်း၏စိတ်ထဲတွင် ဤတနေ့ကော လူ ဘယ်၍ဘယ်မျှ ဘယ်နေရာက ဘယ်လမ်းများပေါ်တွင် ရက်စက်စွာပစ်သတ်ခံရပါမည်နည်းဟူသော မေးခွန်းကို မတွေးဘဲ မနေနိုင်ေလောက်အောင် ဖြစ်နေပါသည်။
ထိုနေ့မှာ မတ်လ ၁၄ရက်နေ့ ဖြစ်သည်ဟု ကျွန်တော်မှတ်မိနေပါသည်။ ထိုနေ့ နေ့ခင်းနှစ်နာရီလောက်တွင် လှိုင်သာယာသပိတ်စခန်းအား စစ်တပ်က ဝင်ရောက်စီးနင်းနေပြီဟူသောသတင်းမှာ ရန်ကုန်မြို့တခွင် ပျံ့လွင့်လာပါသည်။ Facebook ပေါ်တွင်လည်း လှိုင်သာယာတွင် မီးလောင်နေသည့် မြင်ကွင်းများနှင့်တကွ ပစ်သတ်ခံလိုက်ရပြီးပြီဖြစ်သည့် ပြည်သူအချို့၏ ဓာတ်ပုံများပါ တက်လာနေပါသည်။ တဆက်တည်း လှိုင်သာယာတွင် အဖိခံနေရပြီ ဖြစ်၍ ကျန်သည့်မြို့နယ်များမှ တတ်အားသမျှ ထကြွကြရန်လှုံ့ဆော်ချက်များကိုလည်း တွေ့ရပါသည်။
ထိုနေ့ ညနေပိုင်းတွင် ဖြစ်ပါသည်။ တာမွေ သပိတ်စခန်းမှ Defence ဝတ်စုံဝတ်ထားသည့် ချာတိတ်ကလေးတဦးအား တာမွေရဲစခန်းမှ ရဲများက ပစ်သတ်လိုက်ကြပြီဟူသော သတင်း Facebook ပေါ်တွင်တက်လာပါသည်။ သိပ်မကြာမီ အချိန်အတွင်း လမ်းပေါ်တွင် လဲကျသေဆုံးနေပြီ ဖြစ်သည့် ချာတိတ်ကလေးအား တုတ်များဖြင့် ဝိုင်းရိုက်နေသည့် ကြားက ကိုယ်ဖြင့်အုပ်၍အကာအကွယ်ပေးနေသော ကလေးမကလေးတဦးနှင့်တကွ ချာ တိတ်ကလေးအား ရဲများက လမ်းပေါ်တွင် ပက်လက် လက်နှစ်ဖက်မှ ဒရွတ်ဆွဲပြီး ရဲစခန်းထဲ ဆွဲသွင်းသွားသော ဗီဒီယိုဖိုင် အတိုကလေးပါ တက်လာပါသည်။
ထိုမြင်ကွင်းများကို မြင်ရသောအချိန်တွင် ကျွန်တော်သည် စိတ်နှလုံးနောက်ကျိလွန်းအား ကြီးသောကြောင့် အိမ်ပေါ်မှဆင်းလာပြီး ပန်းဆိုးတန်းထိပ် တွင် မတ်တပ်ရပ်၍ Facebook ကို ဖုန်းဖွင့်၍ကြည့်နေမိချိန် ဖြစ်ပါသည်။
ချာတိတ်ကလေး၏အမည်မှာ ခန့်ညားဟိန်းဖြစ်၍ ဆေးတက္ကသိုလ် ပထမနှစ်သို့တက်ရောက်ပညာသင်ကြားနေသော အသက် ၁၆ နှစ်သာရှိသေးသည့် ဆရာဝန်လောင်းကလေးတဦးဖြစ်ကြောင်း ဓာတ်ပုံနှင့်တကွ နောက် ဆက်တွဲသတင်းများအရ သိရပါသည်။
ထိုအခါ ကျွန်တော်မှာ လွန်ခဲ့သောလက ပထမဆုံး လမ်းပေါ်တွင် ပစ်သတ်ခံရပြီး သေဆုံးသွားခဲ့သည့် ပျဉ်းမနားမှ ကွန်ပြူတာတက္ကသိုလ်ကျောင်းသူကလေး မြသွဲ့သွဲ့ခိုင်နှင့်တကွ မန္တလေး မှ တရုတ်မကလေးကြယ်စင်အပါအဝင် လွန်ခဲ့သည့် တစ်လအတောအတွင်း အသတ်ခံခဲ့ရပြီး ဖြစ်သည့် လူငယ်ကလေးများအားသတိရမိရင်း အားလုံးမှာ ကျွန်တော့်သားသမီးအရွယ်ကလေးများဖြစ်ကြသောကြောင့် လူကြီးဖြစ်သည့်ကျွန်တော့်တွင် ဝင်ရောက်ကာကွယ်စောင့်ရှောက်ဖို့ ဝတ္တရားရှိပါလျက် ပျက်ကွက်ခဲ့ရပြီဖြစ်သည့်အဖြစ်ကိုစဉ်းစားမိကာ ဝမ်း နည်းလာသောကြောင့် မျက်လုံးမှ မျက်ရည်များကျဆင်းလာပါတော့သည်။ ။
ညိုထက်ညို
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar