မာန်(တောင်လုံးပြန်) — သည်နွေဦး အခန်းဆက်များ
မာန်(တောင်လုံးပြန်) — သည်နွေဦး အခန်းဆက်များ
(မိုးမခ) မတ် ၁၀၊ ၂၀၂၂
၈၈ မှာတုန်းက ကျွန်တော်က မမွေးသေး။
ရွှေဝါရောင်တော်လှန်ရေးကျတော့လဲ အသက်က ၁၃နှစ်ဆိုတော့ ကျွန်တော့်မှာ နဖူးတွေ့ဒူးတွေ့ စစ်အာဏာရှင်ကိုမကြုံဖူးသေးဘူးဗျ။အယ်...ဒါပေမဲ့လျော့မတွက်ကြနဲ့အုံး။
ကျွန်တော့်ဦးလေး(ကျွန်တော့်အမေရဲ့အကို)က ၈၈အရေးအခင်းတုန်းက တောင်ငူကနေတောခိုပြီး ABSDFမှာ ဗဟိုကော်မတီဝင်အနေနဲ့နှစ်ပေါင်းများစွာတော်လှန်ခဲ့တဲ့သူဆိုတော့ သူနဲ့ပြန်တွေ့ရတဲ့အချိန်မှာ သူပြန်ပြောပြတဲ့ န.အ.ဖ တို့ န.၀.တ တို့ စစ်ထောက်လှမ်းရေးတို့ KNU နဲ့ကျောင်းသားက တစ်ဖက်၊ စစ်တပ်ကတစ်ဖက် ဖြစ်ခဲ့ကြတဲ့တိုက်ပွဲတွေအကြောင်း သမိုင်းစာအုပ်တစ်အုပ်ဖတ်ရသလို ဂဃနဏသိရတော့ ကျွန် တော်ဖတ်ဖူးတဲ့စာအုပ်တွေရယ် သူပြောတာရယ် ကျွန်တော်ဖြတ်သန်းဖူးတဲ့ ဦးသန်းရွှေ ဦးခင်ညွှန့်လက်ထက် နှစ်အနည်းငယ်ရယ် ပေါင်းလိုက်ရင် မကြုံဖူးပေမဲ့ အရမ်းကြီးတော့လဲမစိမ်းပါဘူး။
ဒါပေမဲ့ တကယ့်တကယ်တမ်းကျတော့မတူဘူးဗျ ။အာဏာမသိမ်းမှီ သတင်းမီဒီယာတွေကဖော်ပြတာတွေ၊ ဥပမာ တင့်ကားတွေမြို့ထဲပတ်မောင်းပြတာမျိုး၊ လူတွေငှားပြီး မဲလိမ်မဲခိုးကြောင်း ဆန္ဒပြခိုင်းမျိုး၊ ဘာသာရေးကိုခုတုံးလုပ်ပြီး အမျိုးဘာသာသာသနာကာကွယ်စောင့်ရှောက်ရေးအမည်ခံပြီး မှိုင်းတိုက်တာမျိုးတွေကို အကွက်ကျကျစီမံနေပေမဲ့ တကယ်သိမ်းမယ်လို့ရာနှုန်းပြည့်မထင်ခဲ့မိဘူးလေ။
အာဏာမသိမ်းမီည ကျွန်တော်က ကျွန်တော့်အဖိုးရဲ့အိမ်မှာ အဖိုးနေမကောင်းတော့သွားပြုစုနေတာပေါ့ဗျာ။ ညခင်းအဖိုးကိုဆေးတိုက်ပြီး အိပ်ပျော်သွားလိုက်တာ မနက်ခြောက်နာရီလောက်ကျတော့ ဖုန်း၀င်လာပါရော။ ကျွန်တော့်ရဲ့ ငြိမ်းဆီကပေါ့။
“အာဏာသိမ်းလိုက်ပြီ အမေစုနဲ့သမ္မတကြီးဦး၀င်းမြင့်ကိုလဲမနက်သုံးနာရီကဖမ်းလိုက်ပြီ”
ပြောရင်းဖုန်းလိုင်းတွေပျက်သွားပါရော။ကျွန်တော်လဲပြာပြာသလဲထရင်းအဖိုးကိုအကျိုးအကြောင်းပြောပြပြီး..အပြင်ကိုစနည်းနာဖို့ ထွက်ခဲ့လိုက်တယ်။ ကွမ်းယာဆိုင်တစ်ဆိုင်မှာ ကွမ်း၀ယ်ရင်း အကျိုးအကြောင်းမေးကြည့်တော့ အားလုံးနီးပါးလဲ သူလိုလိုကိုယ်လိုလိုဘဲ ။နယ်မြို့လည်းဖြစ်တာပါမှာပေါ့။နည်းနည်းလေး…နေမြင့်တော့ ရပ်ကွက်ထဲကလွှတ်တော်အမတ်အိမ်ရှေ့မှာ စစ်ကားတစ်စီး ဆိုက်ထားတာတွေ့လိုက်တော့ သေချာသလောက်ဖြစ်ပြီ။ ဖုန်းလိုင်း တီဗီ အင်တာနက်စတာတွေဖျက်ထားတော့ ရေဒီယိုပြေး၀ယ် ပြီး နိုင်ငံခြားသတင်းတွေကိုနားထောင်ရတာပေါ့။ ဟိန္ဒူလိုင်းတစ်ခုက စစ်အာဏာသိမ်းကြောင်းကြေညာတာကြားလိုက်ရတယ်။သေချာပါပြီ။ သွားပါပြီ ။လူကလေ ဖျားချင်သလိုလို ခေါင်းမူးသလိုလို ဖြစ်ပြီး ဆေးလိပ်တွေဘဲဖိသောက်နေမိတယ်။
ကိုးနာရီလောက်ကျတော့ ကျွန်တော့် သူငယ်ချင်းအလုပ်လုပ်နေတဲ့ ဆိုင်ကယ် showroomကိုသွားပြီး သူနဲ့တွေ့၊အကျိုးအကြောင်းပြောပြ ၊ဘာဆက်လုပ်ကြရမှန်းကိုမသိဘဲနှစ်ရှည်လများ အသည်းနင့်အောင်ချစ်ရတဲ့ ချစ်သူက ရုတ်တရက် သေသွားသလို ပြောမလား။ ဘာမှန်းကျွန်တော် မပြောတတ်။ တစ်ယောက်ထဲလဲမနေချင်။ သူငယ်ချင်းအလုပ်လုပ်တဲ့ showroom ရှေ့မှာ သွားထိုင်လိုက်။ပြန်လိုက်လုပ်နေမိတယ်။
မြန်မာ့စီးပွားရေးဘဏ်ကိုကြည့်ပြန်တော့လဲ စစ်သားတစ်ချို့တပ်စွဲထားတာတွေ့ရတယ်။၀မ်းနည်းသလိုလို ငိုချင်သလိုလိုကြီးဖြစ်နေတုန်း၊ အသိရဲတစ်ယောက်နဲ့တွေ့တော့ သူကပါအာဏာသိမ်းတာမသိလိုက်ဘူးဆိုပြီး အတင်းလိုက်မေးနေတယ်။ အဲ့လိုနဲ့ 72နာရီစောင့်ကြည့်ရမယ်တို့၊ UNလာမယ်တို့၊ သမ္မတကအလုပ်မထွက်ဘူးတို့၊ ဆူဆူပူပူလုပ်ရင် ကိုယ့်အမှားဖြစ်မယ်တို့၊အဲ့လိုတွေနဲ့ တိုင်ပတ်နေတာပေါ့ဗျာ။
ကိုယ်တိုင်လဲမငယ်တော့ပေမဲ့ တကယ်ကြုံတွေ့ရတဲ့အခါ ဘာလုပ်ရမှန်းကိုမသိတာ။ မဲခိုးတယ်လို့ပြောလိုက်ခြင်းဟာ ပညာရေး၀န်ကြီးဌာနတစ်ခုလုံးကို ကနဦးစော်ကားလိုက်တာဘဲဗျ။ ကျွန်တော့်ဦးနှောက် ကြောင်တောင်တောင်ဖြစ်ပြီး အဲ့ဒါဘဲစဉ်းစားနိုင်သေးတယ်။ ဒီလိုနဲ့ ဟိုလူကယ်မှာလိုလို အာဏာပြန်ပေးမှာလိုလို ဘာမှမသိတဲ့နေ့ရက်တစ်ချို့ကို ကြောင်တောင်တောင်ဖြတ်သန်းပြီးတော့ ကျွန်တော့်တော်လှန်စိတ်က မရတော့ဘူး။ တစ်ခုခုထူးခြားချင်နေပြီ ။အဲ့တော့ နည်းပညာတက္ကသိုလ်တက်ခဲ့စဉ်က ဗကသ ကျောင်းသားဟောင်းတစ်ချို့နဲ့အရင်တိုင်ပင်ပြီး၊ဆိုင်ကယ်သပိတ်စစ်ကြောင်းထွက်ဖို့ စီစဉ်ကြပါလေရော…။
အဲ့အချိန်ထင်တယ် မန်းလေးမှာ ဒေါက်တာတေဇာဆန်းတို့က ဆန္ဒပြပြီး အဖမ်းခံရလို့ပြန်တောင်လွှတ်လာပြီထင်တယ်။ ရန်ကုန်မှာက စပြီး လှည်းတန်းမှာ ဆန္ဒပြနေပြီထင်တယ်။ နယ်မြို့လေးဆိုတော့ တော်လှန်ချင်တဲ့သူသာများတာ။ပေါက်ခါနီးဗုံးတစ်လုံးလိုမီးရှို့မယ့်သူလိုအပ်နေကြတာ။ကျွန်တော်တို့နည်းပညာကျောင်းသားဟောင်းတစ်ချို့ရယ်၊ အပြင်လူတစ်ချို့ရယ်နဲ့ အယောက်နှစ်ဆယ်လောက်စုပြီး တောင်ငူမြို့ရဲ့အနောက်ဘက် Royal Kaytumadi Hotel ရှေ့ကနေ လက်သုံးချောင်းထောင် ၊ဆိုင်ကယ် ဟွန်းခလုတ်ကို မလွှတ်တမ်းနှိပ်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ကြောင်း ဆန္ဒပြကြတာပေါ့ဗျာ။ကြွေးကြော်သံတွေမှာလဲ တိုင်ပင်ထားခြင်းမရှိတော့၊
“ဒီမိုကရေစီရရှိရေး ..ဒို့အရေး”
“စစ်အာဏာရှင်စနစ်အလိုမရှိ”
ဖမ်းစီးထားသောခေါင်းဆောင်များနှင့်တကွ နိုင်ငံရေးအကျဉ်းသားများအား ချက်ခြင်းလွှတ်”
“၂၀၀၈ခြေဥဖျက်သိမ်းရေး..ဒို့အရေး”
ဒါမျိုးလောက်ဘဲအော်တတ်တယ်။ကြွေးကြော်ချင်တာလဲ အဲ့လောက်ပါဘဲ။ နည်းနည်းဂုဏ်ဆာရရင်အဲ့အချိန်မှာ ခြေဥအောက်မှာဖွဲ့ထားတဲ့ NLD ရွေးကောက်ခံဖြစ်တဲ့အတွက် ကျွန်တော်တို့အော်တာ မကြိုက်တဲ့သူတွေရှိသေးသဗျ။ ကျွန်တော်တို့က စလုပ်ကတည်းက ခြေဥအပျက် စစ်အာဏာရှင်အမြစ်ကနုတ်မယ်ဆိုပြီးစလုပ်ကြတာ။
မြန်မာ့ နိုင်ငံရေးမှာ ဒါမျိုးဟာနောက်ဆုံးဘဲဖြစ်ရမယ်။ စစ်တပ်ဆိုတာစေ့စပ်ညှိနှိုင်းရေးတို့၊ မေတ္တာတရားတို့နဲ့ဖြေရှင်းဖို့ဘယ်လိုနည်းနဲ့မှမအောင်မြင်နိင်မှန်း တိတိကျကျသိခဲ့ရတယ်။ တစ်ချို့လူကြီးတွေလာသေးတယ် မင်းတို့ဘာမှမသိပါဘူး။ ငါတို့ပြောတာနားထောင် ။ဆူပူလိုက်မှ တကယ်အာဏာသိမ်းသွားလိမ့်မယ်။ အခုဟာကထိန်းတာတို့၊ဘာတို့။
ကျွန်တော်ပြန်မပြောပေမဲ့ ခဏလောက်ထိန်းဖို့ကိစ္စနဲ့ စစ်တပ်ဟာဘယ်တော့မှအာဏာမသိမ်းမှန်းသိခဲ့တယ်။ ဒီလိုနဲ့ ဆိုင်ကယ်စစ်ကြောင်းတွေအားအရမ်းကောင်းလာတာကနေ ခြေကျင်ဆန္ဒပြသပိတ်စစ်ကြောင်းလုပ်ဖို့ဖြစ်လာပါတော့တယ်။ အဲ့လိုနဲ့ကျွန်တော်တို့တွေလဲတိုင်ပင်ပြီး ဆန္ဒပြ သူ လူအုပ်ကြီးကြားထဲမှာတစ်ယောက်စီ စိမ့်၀င်ရင်း hand speakerတစ်ယောက်တစ်လုံးစီကိုင်ပြီး ဆန္ဒပြသူတွေရဲ့ စိတ်ကို ကြွေးကြော်သံတွေအော်ပြီးမြှင့်တင်ပေးရတာမျိုးလောက်ဘဲ လုပ်ဖြစ်တယ်။
တောင်ငူမှာ ဌာနတွေအများကြီးရှိတယ်ဗျ ။ပညာရေး၊ ကျန်းမာရေး၊ မီးရထား၊ ဘဏ်၀န်ထမ်း၊ ကျောင်းသားသမဂ္ဂ စသည့်ဖြင့်ပေါ့ဗျာ။ အဲ့ဒီဌာနတစ်ခုချင်းစီကနေ ခေါင်းစီးဗီနိုင်းအကြီးကြီးတွေထောင်ပြီး စစ်ကြောင်းကိုယ်စီထွက်လာကြတယ်။ ဆန္ဒပြပြီးချိန်တွေဆို ကျွန်တော်တို့က CDMတွေအတွက် ရိက္ခာစု။ မီးရထားထွက်မယ်ဆိုလို့ စစ်ကြောင်းကြီးနဲ့ ကျွန်တော်အပါအ၀င်ခေါင်းဆောင်တစ်ချို့ ရထားမထွင်ဖို့ ရုံပိုင်ကြီးကို၀င်တားကြသေးတယ်(နောက်မှအသေးစိပ်ရေးမယ်)။
ရှေ့ကကိစ္စလေးပြန်ဆက်မယ်။ အဲ့အချိန်မှာကျွန်တော်တို့က အင်ဂျင်နီယာစစ်ကြောင်းအနေနဲ့ထွက်ခဲ့ကြတယ်။လေးငါးရက်ပြီးတဲ့အချိန်မှာ ကျွန်တော့်စိတ်ထဲ အခုလို တစ်ဖွဲ့တစ်နေရာစီကနေထွက်နေကြရင် စုရပ်မမှန်၊ အချိန်မမှန်၊ နေရာမမှန်၊ အကယ်၍ စစ်တပ်ဘက်က စပြီးဖြိုခွင်း ဖမ်းစီးတော့မယ်ဆိုရင် ကစဉ့်ကလျားဖြစ်ကုန်လိမ့်မယ်လို့တွေးမိနေခဲ့တယ်။ တွေးမိမိချင်း ကျွန်တော့်စိတ်ထဲမှာ အကြံတစ်ခုပေါ်လာတယ်။ အဖွဲ့အားလုံးရဲ့ကိုယ်စားလှယ် ခေါင်းဆောင်တွေကို လိုက်တွေ့မယ်၊ အကျိုးအကြောင်းရှင်းပြမယ် ။တစ်ဖွဲ့ချင်းစီက တစ်ယောက်စီခေါ်ပြီးသပိတ်ဦးဆောင်ကော်မတီလိုဟာမျိုး ဖွဲ့မယ် ။ညတိုင်းအစည်းအဝေးလုပ်မယ်။ နေရာသတ်မှတ်မယ်။ အချိန်သတ်မှတ်မယ်။ လမ်းကြောင်းဆွဲမယ်ပေါ့ဗျာ..။
ဒီလိုနဲ့ အဲ့ဒီအကြံအစည်အတိုင်း သူငယ်ချင်းတွေခေါ်ပြီး တစ်ဖွဲ့ချင်းစီရဲ့ခေါင်းဆောင်ပိုင်းတွေကိုလိုက်တွေ့တယ်။ ရှင်းပြတယ်။ တပ်ပေါင်းစုံသပိတ်စစ်ကြောင်းပုံစံဖော်မယ်ဆိုတဲ့အကြောင်းပြောပြတယ်။ အားလုံးသဘောတူကြပါတယ်။ အဲ့ဒီအချိန်မှာ ပညာရေးပါမယ်၊ ကျန်းမာရေးပါမယ်၊ မီးရထား ပါမယ်၊ အခြေခံပညာကျောင်းသားဟောင်းတွေပါမယ်၊ လူငယ်တွေပါမယ်၊ ဂီတအဖွဲ့တွေပါမယ်၊ မှတ်မိသလောက်ပြောတာပါ။
ကိုယ်စားလှယ်အသီးသီးတက်ရောက်ပြီး ပြောကြတဲ့အခါ ညှိမရနှိုင်းမရလေးတွေဖြစ်လာကြတယ်။ အဲ့ဒီတော့အားလုံးအဆိုပြုချက်အရ လူများရင်ပြောရအရမ်းခက်မယ်ဆိုတော့ တောင်ငူတပ်ပေါင်းစုအတွက် decision makerငါးဦးထားမယ်။ သူတို့ဆုံးဖြတ်တဲ့အတိုင်း တစ်မြို့လုံးက ဆန္ဒပြ အင်အားစုတွေ လိုက်နာကြရမယ်ပေါ့။ ဒီလိုနဲ့ ကျွန်တော်က ငါးဦးကော်မတီထဲကတစ်ဦး ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ဆန္ဒပြစစ်ကြောင်းကြီးဟာ လူသိန်းနဲ့ချီပြီး တစ်နေရာထဲ၊ တစ်ချိန်ထဲ၊ လမ်းကြောင်းတစ်ခုထဲ၊ ဆုံမှတ်တစ်ခုထဲနဲ့ အင်တိုက်အားတိုက်ဆန္ဒပြခဲ့ကြပါတော့တယ်။
ဒီလိုနဲ့ တစ်ဖက်က စစ်ကောင်စီလက်အောက်ခံတွေက တောင်ငူမြို့ လမ်းမကျယ်ထိပ်ကိုမဖြတ်ရတာတွေ။ ဗိုလ်မှူးဖိုးကွန်းလမ်းနဲ့ရန်ကုန်- မန်းလေးလမ်းဆုံတဲ့နေရာ။တောင်ငူကလူတွေအခေါ်အရ ရုပ်ထုကြီးထောင့် နေရာမှာအခိုင်အမာတပ်စွဲပြီး စည်းသုံးစည်းတားတာတွေ။ ဗိုလ်ချုပ်ကြေးရုပ်မှာ တပ်စွဲပြီး စည်းသုံးစည်းချထားတာတွေဖြစ်လာတော့တယ်။
အဲ့ဒီအချိန်မှာအားလုံးပြန်ဆွေးနွေးကြရပါတယ်။ ဘာလို့လဲဆိုတော့နေပြည်တော်မှာ ရေကားနဲ့ထိုး၊သေနတ်နဲ့ပစ်၊ ရန်ကုန်မှာ ပစ်တာခတ်တာတွေစတင်လာပြီ။ ညီမလေးမြသွဲ့သွဲ့ခိုင်တောင်ကျဆုံးပြီးချိန်ထင်တယ်။ အဲ့အချိန်ဆိုတော့ တောင်ငူမှာများဖြစ်ခဲ့ရင်ဆိုတဲ့အတွေးနဲ့ ကြိုတင်ပြင်ဆင်မှုတွေစပြီးလုပ်ရပါတော့တယ်။ ဘာတွေလဲလို့ဆိုရင်..ဆန္ဒပြစစ်ကြောင်းကိုဖြိုခွင်းခဲ့ရင် ကာကွယ်ဖို့ ဒိုင်းအဖွဲ့ ၊ဒဏ်ရာအနာတရ ဖြစ်ရင် အရေးပေါ်ကုသဖို့ ဆေးအဖွဲ့၊ စစ်တပ် ရဲ အသွားအလာလမ်းကြောင်းစောင့်ကြည့်ဖို့ ကင်းထောက်အဖွဲ့ စသည်ဖြင့် အမြန်ဆုံးဖြတ်ချဖွဲ့စည်းလိုက်ကြတယ်။
မကြာပါဘူး။ ရဲအဖွဲ့သုံးတဲ့ရေကားတောင်မဟုတ်ပါဘူး ရေသယ်ကားလိုဘောက်ဆာကားတစ်စီးကိုရေကားလိုဖြူပြာဆေးမှုတ်ပြီး ဗိုလ်မှူးဖိုးကွန်းလမ်းထိပ်မှာရပ်ထားပါလေရော။ဒီလိုနဲ့တစ်ရက်ရောက်တော့ အသံဗုံးဖောက်ပြီး မီးခိုးဗုံးပါ စပြီးဖောက်ပါတော့တယ်။
အမှတ်၂ကျောင်းရှေ့မှာဖောက်တာကို ရွှေဆံတော်ဘုရားအနောက်မုဒ်ကလူတွေကပြေးကြပါလေရော ။မြင်သာအောင်ပြောရရင် အမှတ်၂ကျောင်းနဲ့ ရွှေဆံတော်ဘုရားအနောက်မုဒ်ဆိုတာ ကြားမှာ ဦးမှန်းလမ်းတစ်ခုစာအကွာအဝေးခံသေးတယ်။ အဲ့ဒီနေရာမှာဆုံပြီး ဆိုင်ကယ်ကိုယ်စီထားခဲ့ကြတော့ အဲ့ဒီရွှေဆံတော်အနောက်မုဒ်ကိုပြန်ကြရတာပေါ့။ အဲ့ဒီအချိန် ဟိုကောင်တွေကထခွဲတော့ ကြောက်အားလန့်အားနဲ့ပြေးကြတာ ကျွန်တော်ရယ်၊ ဗကသ အဖွဲ့တွေနဲ့ဒိုင်းအဖွဲ့က အနောက်မုဒ်လမ်းမပေါ်မှာ ဒိုင်းတွေနဲ့ကာထားပြီး လူတွေကိုပြေးခိုင်းနေကြတာ။ ပြေးတဲ့လူတွေလဲရယ်ရတယ်။ တစ်ယောက်ပြေးလာတယ်။ မေးကြည့်တယ်။ ဘာလို့ပြေးလဲပေါ့ ။မသိဘူး။နောက်လူကပြေးဆိုလိုပြေးလာတာတဲ့။ နောက်ကလူမေးကြည့်တော့ အိမ်ထဲကလူတွေကပြေးဆိုလို့တဲ့ ။ဘယ်သူမှအတိအကျသိလို့ပြေးတဲ့လူမပါဘူး။
နောက်ပိုင်း ခြောက်လမ်းနဲ့နံပါတ်တစ်လမ်းထောင့် ဂန္တ၀င် ကားဂိတ်ရှေ့မှာကျမှ ပြတ်ပြတ်သားသားကိုဖြိုခွင်းကြပါတော့တယ်။ သေနတ်ဖောက်တယ်။ မျက်ရည်ယိုဗုံးတွေကြဲတယ်။ ဒိုင်းအဖွဲ့ကလူငယ်တွေ Gas maskမပါတဲ့သူရော၊ ပါတဲ့သူရော ၊အကုန် နောက်ဆုံးမှာချန်နေခဲ့ကြပြီး အဆုံးထိ ကာကွယ်ခဲ့ကြတယ်။ အဲဒီသူတွေဟာ အခုချိန်မှာ PDFလူငယ်လေးတွေဖြစ်လာကြတာပါဘဲ။
ကျွန်တော်က တပ်ဦးကဆိုတော့ ဒိုင်းအဖွဲ့နဲ့အနီးဆုံးမှာ နေရတယ်။ အဲ့တော့သူတို့နဲ့အတူ နောက်ဆုံးချိန်ကာကွယ်မှုတွေကိုအစအဆုံးမြင်ရတယ်။ အဲ့နားက လူမျိုးခြားဘာသာခြားတွေသိပ်တော်ကြတာပါဘဲ ။ကျွန်တော်တို့တောင့်ခံလို့ လူတွေပြေးပြီးတဲ့အချိန်၊ စစ်တပ်နဲ့ရဲတွေကလဲတဖြည်းဖြည်းကျွန်တော်တို့နဲ့နီးလာတဲ့အချိန်မှာ ကျွန်တော်တို့ကို သူတို့အိမ်ထဲအတင်းဆွဲခေါ်ပြီးဖွက်ထားပေးကြရှာတယ်။ အဲ့ဒီသမိုင်းဟာ တောင်ငူက အစ္စလာမ် ဘာသာကိုးကွယ်သူတွေရဲ့ အလွန်ကျေးဇူးတင်ဂုဏ်ပြုစရာကောင်းတဲ့သမိုင်းတစ်ရပ်အဖြစ်အမြဲရှိတော့မှာပါ။
ဒီလိုနဲ့ဆက်တိုက် ဖြိုခွင်း ပစ်ခတ်တာတွေ နေ့စဉ်ရက်ဆက်ကိုဖြစ်လာပါတော့တယ်။(အသေးစိပ်သမိုင်းကြောင်းတစ်ခုလုံးကို…လူနာမည် နေရာ အိမ်အတိအကျ အရေးတော်ပုံအောင်မှရေးပါရစေ)။ ကျွန်တော်က decision maker အပြင် တပ်ဦးကနေ ကင်းထောက်အဖွဲ့ခေါင်းဆောင်အနေနဲ့လဲ တာ၀န်ယူရသေးတယ်ဗျ။ ကင်းထောက်အဖွဲ့မှာ ကျွန်တော်အပါအ၀င် ၇ယောက်လောက်ရှိတယ်…အတိအကျက တစ်ရက်နဲ့တစ်ရက် မတူလို့ မရေးတော့ဘူး…။ တယ်လီနောဖုန်းက ဖုန်းခြောက်လုံးလောက်ကိုတစ်ပြိုင်ထဲခေါ်ထားလို့ရတယ်ဗျ။ အဲ့ကာလက တစ်လလုံး ဖုန်းပြောခ တစ်ထောင် packageရှိသေးတယ်။ အဲ့တော့ ဖုန်းကိုဆန္ဒပြပွဲမစခင်ကတည်းက စုရပ်နေရာနဲ့ အနီးဆုံး နေရာတွေ ရေကားစစ်ကားရဲကားတွေရဲ့နေရာတွေမှာ အထိုင်ချပြီး ကိုယ်ရောင်ဖျောက်ခိုင်းထားတာ။ သူတို့အားလုံးရဲ့ အဆက်မပြတ်သတင်းပို့မှုတွေကို ကျွန်တော်ကတပ်ဦးကနေလက်ခံပြီး ရှေ့နောက်လယ် မှာရှိတဲ့ သူတွေကို စကားပြောစက်နဲ့ လှမ်းသတင်းပို့ပေးရတာ။
နောက်ပိုင်း ပိတ်ဆို့ဖြိုခွင်းတာတွေများလာတော့ လမ်းကြောင်းကိုအတိအကျမထားဘဲ ကျွန်တော့်ကင်းထောက်အဖွဲ့သတင်းပို့ချက်အရ လွတ်တဲ့လမ်းကြောင်းကနေ ပြကြရတော့တာဘဲ…။
ဒီလိုနဲ့ကျွန်တော်တို့တတွေ ဆက်တိုက်ပြလာကြရင်း မတ်လ အလယ်လောက်မှာ သိန်းနဲ့ချီနဲ့လူအုပ်ကြီးဟာ အယောက်တစ်ရာ၀န်းကျင်နဲ့ဆက်လက် ချီတက်ဆန္ဒပြခဲ့ကြတယ်။ တဖြည်းဖြည်းအဖမ်းအစီး အပစ်အခတ် တွေများလာတဲ့အခါ ဆိုင်ကယ်စစ်ကြောင်း အနည်းငယ် သာ တစ်ရက်ခြားလောက်ထွက်ခဲ့ကြပြီး ဆန္ဒပြခြင်း ကိစ္စ တောင်ငူမှာ တစ်ခန်းရပ်ခဲ့ရပါတော့တယ်။
ညခင်းအိမ်တွေကို၀င်စစ်တာတွေ ဖမ်းတာတွေ ပစ်သတ်တာတွေဖြစ်လာတော့ ကိုယ်စီကိုယ်စီနီးစပ်ရာများမှာ ပညာဆည်းပူသူကဆည်းပူး၊ တိမ်းရှောင်သူကတိမ်းရှောင်၊ CDMသမားတွေက လဲ Non CDMလုပ်သူကလုပ်၊ တောထဲရောက်သူကရောက်နဲ့ တော်လှန်ရေးကို အသွင်ပြောင်းခဲ့ကြတာ ယနေ့ထိတိုင်ပါဘဲ။
နှောင်းအိမ်သင်
စီစဉ်တင်ဆက် - မာန် (တောင်လုံးပြန်)
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar