Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - တပ်မတော်ရဲ့ထွက်ပေါက်

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - တပ်မတော်ရဲ့ထွက်ပေါက်

(မိုးမခ) ဇွန် ၃၀ ၊ ၂၀၂၃


၄၃၀ တတပ်လုံး လုပ်လိုက်တာမျိုးက ထွက်ပေါက်အစစ်လေ။ ဗျူဟာမြောက်ထွက်ပေါက်။ 

မအလက ဒါမျိုးကို စစ်သားတွေတဦးချင်း CDMလုပ်တာထက် ကြောက်တယ်။ တဦးချင်းCDMလုပ်တာကိုလဲ ကြောက်တယ်။ အဲဒါကြောင့်လဲ လုပ်မရအောင် နည်းပေါင်းစုံနဲ့ ချုပ်ထားတာ။ အထူးသဖြင့် မိသားစုနဲ့။ မိသားစုလိုက် ခေါ်ထုတ်ဖို့ခက်အောင် ခလုပ်မျိုးစုံပြင်ထားတာ။ သူတို့အကြောက်ဆုံးက ၄၃၀ လုပ်ချက်မျိုး။ ရှေ့တန်းစစ်မျက်နှာက တပ်တခုလုံး လုပ်တာမျိုးက တကယ့်ကျွတ်ဆင်ကြီး။ ခင်းထားသမျှ ဗျူဟာပါလစ်တာ။ စခန်းတခုလုံး ထိုးအပ်သွားတာ။ စစ်ဆင်ရေးပါ အမြစ်ပြတ်ကရော။

တပ်ကလူတွေက သိပြီးသား။ သူတို့ရဲ့ဗျူဟာမြောက်ထွက်ပေါက်တွေက ဘယ်အဆင့်မှာရှိတယ်ဆိုတာ သိပြီးသား။ ကျန်ရစ်သူမိသားစုတွေလဲ အန္တရာယ်ကင်းတယ်လေ။ တတပ်လုံးက ကျန်မိသားစုတွေကို ဘယ်လိုလုပ် အရေးယူမလဲ။ သူတို့လည်း မသေ၊ ကျန်သူတွေလည်း လွတ်။ လွှတ်လှတဲ့ဗျူဟာမြောက် ထွက်ပေါက်။ သေနတ်လည်း ဆက်ဖောက်ဖို့ခက်။ သွက်သွက်လည်ရော။

သိတာပေါ့။

သူတို့တပ်အကြီးအကဲတွေ ဒီအခြေအနေကို တာဝန်ယူ တာဝန်ခံပြီး ဆွေးနွေးနိုင်သူမရှိတော့ဘူးဆိုတာ။ အပြင်ကလဲ ဘယ်သူမှ ကူပြီး ဝင်ပါလို့ မရတော့ဘူးဆိုတာ။ ခု အာဏာသိမ်းမှုဟာ နိုင်ငံရေးပြသနာမဟုတ်ဘူးဆိုတာ။ အဲဒါကြောင့် နိုင်ငံရေးဆွေးနွေးအဖြေထုတ်ရမယ့် ပုစ္ဆာမဟုတ်ဖူးဆိုတာ။ အာဏာသိမ်းကထဲက အာဏာသိမ်းမှုအပါအဝင် တပ်ရဲ့လုပ်ရပ်တိုင်းဟာ စစ်ရာဇဝတ်မှုသက်သက်ဖြစ်သွားပြီဆိုတာ။ မဲစာရင်းမှားလို့ဆိုတာနဲ့ အတောမသတ် သတ်ဖြတ်ဖျက်ဆီးမီးတိုက်နေတာတွေက ဘာဆိုဘာမှ ဆက်စပ်လို့ မရဘူးဆိုတာ။ အဲသလို လက်နက်အားကိုး မိုက်ဆိုးရမ်းကားတာသက်သက် တင်းကြမ်းနေတဲ့ အသတ်အဖြတ် အဖျက်အဆီးတွေကြောင့် တပ်ဟာ စစ်ရာဇဝတ်ဂိုဏ်းကြီး ဖြစ်သွားပြီဆိုတာ။

သိတာပေါ့။

သူတို့ဗိုလ်ချုပ်ကြီးတွေ တတိုင်းပြည်လုံး စီးပွားရေး ဓားပြတိုက်ပြီး ဘယ်လောက်တောင် ချမ်းသာနေကြပြီဆိုတာ။ တိုင်းပြည်နဲ့ လူမျိုးအပေါ်တင်မက အောက်ခြေတပ်မိသားစုတွေအပေါ်ပါ ဘယ်လောက် ယုတ်ကန်းထားတယ်ဆိုတာ။ ပြည်သူပြည်သား အသက်ရော တပ်သားတပ်သူတွေအသက်ပါ ဘယ်သူ့အသက်ကိုမှ ချမ်းသာမပေးဘူးဆိုတာ။ အပြန်အလှန် သတ်ခိုင်းပြီး သူတို့ မိသားစုစကားဝိုင်းမှာ ဒီအကြောင်းအရာတွေနဲ့ အာသာဖြေနေကြတယ်ဆိုတာ။

သိတာပေါ့။

ဘာအဓိပ္ပာယ်မှမရှိ အင်္ဂုလိမာလလို သူများမိသားစုကို လိုက်သတ်နေလို့ မဖြစ်တော့ဘူးဆိုတာ။

ကိုယ့်မိသားစုကို သူများအသတ်ခံလို့ မဖြစ်တော့ဘူးဆိုတာ။

သိတာပေါ့။

ဘယ်လိုထွက်ပေါက်က အကောင်းဆုံးဆိုတာ။

၄၃၀ ထွက်ပေါက်ဟာ လက်နက်ချ အညံ့ခံတာလဲ မဟုတ်။

၄၃၀ ထွက်ပေါက်ဟာ အလင်းဝင်တာလည်း မဟုတ်။

၄၃၀ ထွက်ပေါက်ဟာ ဗျူဟာမြောက် စစ်ဆင်တာ။

တနည်းအားဖြင့် ဒါဟာ တပ်မတော်ရဲ့ထွက်ပေါက်ဖြစ်တယ်။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar