ဘီးလင်း နဲ့ သထုံကြားက တံတား KNLA က ဖောက်ခွဲ၊ သေဆုံးမှုနဲ့ ဒဏ်ရာရမှုရှိ၊ အာဏာရ အစိုးရတွေနဲ့ ပေါင်းသင်းလုပ်ကိုင်တဲ့ လုပ်ငန်းရှင် မောင်ဝိတ် ပြန်လွတ်
မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂၉ မြင်ကွင်း
(မိုးမခ) ဇွန် ၃၀၊ ၂၀၂၃
ဘီးလင်း နဲ့ သထုံကြားက တံတား KNLA က ဖောက်ခွဲ၊ သေဆုံးမှုနဲ့ ဒဏ်ရာရမှုရှိ၊ အာဏာရ အစိုးရတွေနဲ့ ပေါင်းသင်းလုပ်ကိုင်တဲ့ လုပ်ငန်းရှင် မောင်ဝိတ် ပြန်လွတ်
မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ် နှင့် မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ အထက်ပိုင်းကို ကုန်းလမ်းဆက်သွယ်ရေး လမ်းကြောင်းပေါ်က တံတားတခုဖြစ်တဲ့ ဘီးလင်းမြို့နယ် ကျုံအိတ်တံတား ဇွန်လ ၂၉ ရက်နေ့ နံနက် ၄ နာရီခွဲမှာ မိုင်းခွဲခံရပြီး တခြမ်းလုံးကျိုးကျ ပျက်စီးသွားခဲ့ပါတယ်။ ပေါက်ကွဲချိန်မှာ ဖြတ်သန်းနေတဲ့ အိမ်စီးကား ၂ စီး တံတားကျိုးကျတာနဲ့အတူ အောက်သို့ပြုတ်ကျခဲ့ပြီး ကားမှာစီးနင်းလိုက်ပါလာသူ ၁ ဦးသေဆုံးခဲ့တယ်လို့ သတင်းတွေမှာဖေါ်ပြထားကြပါတယ်။ တဖန် တံတားဖောက်ခွဲခံရတာကို လာစစ်ဆေးကြတဲ့ လမ်းဦးစီးတွေ၊ ရဲ၊ ထွေအုပ်နဲ့ လုံခြုံရေးတွေကို ကေအန်ယူ လက်နက်ကိုင် အဖွဲ့တွေက ထပ်မံတိုက်ခိုက်ခဲ့ပြီး ခရိုင်လမ်းအင်ဂျင်နီယာ တယောက် သေဆုံးခဲ့ကာ လူ ၂၀ ဝန်းကျင် ဒဏ်ရာရခဲ့တယ်လို့ သတင်းတွေ ဖော်ပြထားကြပါတယ်။
မြေပြင်မှ ကုန်းလမ်းနဲ့ ကုန်စည်ပို့ဆောင်ရာမှာ၊ ခရီးသွားကြရာမှာ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နဲ့ တနင်္သာရီတိုင်း ကို ကျန်တဲ့ မြန်မာနိုင်ငံရဲ့ ဒေသတွေနဲ့ ဆက်သွယ်ရေးမှာ ဒီတံတားဟာ အာရှ အဝေးပြေးလမ်းပေါ်က တံတားတခုဖြစ်သလို ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ပစ္စည်းတွေတင်ပို့ သွင်းယူကြတဲ့ လမ်းပေါ်က တံတားတစင်းလည်း ဖြစ်ပါတယ်။
တံတား ဖောက်ခွဲမှုနဲ့ပတ်သက်လို့ ကေအန်ယူ/ ကေအန်အယ်လ်အေ ဘက်ကတော့ တရားဝင်ထုတ်ပြောဆိုတာ မရှိသေးပါဘူး။ စစ်ရေးအရ စစ်ကောင်စီရဲ့ တပ်၊ လက်နက်ပစ္စည်းတွေ တင်ပို့မှုကို ဖြတ်တောက်ဖို့ ရည်ရွယ်လုပ်ဆောင်တာလို့ ယူဆရပေမယ့် ကုန်းလမ်းပို့ဆောင်ရေး လမ်းကြောင်း ကားလမ်းကို ပြည်နယ် ၂ ပြည်နယ်နဲ့ တိုင်းဒေသတခုတို့ကပါ မှီခိုနေကြတာ ဖြစ်ပါတယ်။ ထိုင်း-မြန်မာ ကုန်သွယ်ရေးမှာလည်း ဒီလမ်းကြောင်းကို အသုံးပြပြီး ရန်ကုန်နဲ့အခြားသော ဒေသတွေကို သယ်ယူပို့ဆောင်နေကြတာ ဖြစ်လို့ အခု တံတားဖောက်ခွဲမှုက နိုင်ငံရေးအရရော စီးပွားရေးအရပါ သက်ရောက်မှု ကြီးမားနိုင်တဲ့ သဘောလည်း ဖြစ်ပါတယ်။
ကေအန်ယူအနေနဲ့ မကြာခင် သီတင်းပတ်တွေက စစ်တောင်းမြစ်ကို ဖြတ်သန်းတည်ဆောက်ထားတဲ့ နတ်သံကွင်း တံတားကိုလည်း ဖေါက်ခွဲဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ အဆိုပါ အဖြစ်အပျက်မတိုင်ခင် ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးပေါ်က တံတားတစင်းကိုလည်း တစိတ်တပိုင်း ပျက်စီးအောင် ဖောက်ခွဲဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ တဖက်မှာလည်း စစ်ကောင်စီဘက်က အဓိကဆက်သွယ်ရေး ကားလမ်းကြီးတွေမဟုတ်တဲ့ ကျိုက်ဒုံလမ်း၊ ကော့ကရိတ်မြို့နယ် ကျေးရွာတွေကို ဆက်သွယ်ထားတဲ့ လမ်းတွေကို ဘူဒိုဇာနဲ့ ထိုးပြီး ကားအလွယ်တကူ မဖြတ်သန်းနိုင်အောင် ကြားမှာ ဖြတ်တောက်တာမျိုး တွေလည်း မကြာခင် လပိုင်း၊ သီတင်းပတ်တွေက လုပ်ခဲ့တာ ရှိပါတယ်။
စစ်ရေးအရ ရန်သူရဲ့ ထောက်ပံ့ရေးကို ဖြတ်တောက်ဖို့ ရည်ရွယ်ပြီး လုပ်ဆောင်တာလို့ ဆိုပေမယ့် အဲဒီဒေသမှာ နေထိုင်ကြတဲ့ လူထုတွေရဲ့ လူမှုရေး စီးပွားရေးတွေအပေါ် သက်ရောက်မှုတွေလည်း ရှိနေတာဖြစ်ပါတယ်။
ကေအန်ယူ အဖွဲ့အနေနဲ့ ၂၀၁၂ မတိုင်ခင်ကာလတွေမှာလည်း စစ်အာဏာရှင် အစိုးရကို ခုခံ တိုက်ခိုက်ခဲ့တဲ့ ကာလတွေတုန်းက တံတားတွေ လမ်းတွေ ဖျက်ဆီးခဲ့တာတွေရှိခဲ့ပြီး ၂၀၁၂ အပစ်ရပ်စာချုပ် လက်မှတ်ထိုးပြီး နောက်ပိုင်းမှာ အဆိုပါတိုက်ခိုက်မှုမျိုး မရှိတော့ပဲ စစ်အာဏာသိမ်းပြီးနောက်မှာ တဖန် ၂၀၁၂ မတိုင်ခင် အရင်ခေတ်ကာလတုန်းကလို တံတားဖောက်ခွဲမှုတွေ ပြန်လည်ဖြစ်ပွားလာတာ ဖြစ်ပါတယ်။ လမ်းတံတားတွေ ဖောက်ခွဲဖျက်ဆီးတာနဲ့ ပတ်သက်လို့ ကေအန်ယူ အနေနဲ့၊ ကရင်ပြည်နယ်က လက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ မရှောင်မလွှဲသာ လုပ်ရမယ့် လုပ်ဆောင်မှုတခုအဖြစ် သတ်မှတ်ထားကြတာလည်း ဖြစ်ပါလိမ့်မယ်။ ၂၀၂၁ ခုနှစ် နောက်ပိုင်း ပေါ်ထွက်လာတဲ့ လက်နက်ကိုင် အဖွဲ့သစ်အချို့ကတော့ ၄င်းတို့ရဲ့ စစ်ရေးနဲ့ပတ်သက်တဲ့ အခြေခံမူ၊ လုပ်ထုံးလုပ်နည်းတွေအရ လမ်း၊ တံတားတွေ ဖျက်ဆီးတာကို မလုပ်ဘူးလို့ ချမှတ်ထားတဲ့ အဖွဲ့တချို့လည်း ရှိတာတွေ့ရပါတယ်။ ဥပမာအားဖြင့် BLPA လို့ အတိုကောက်ခေါ်ဆိုတဲ့ ဗမာ့လွတ်မြောက်ရေးပြည်သူ့ တပ်မတော်က ဦးစီးချုပ်အဖြစ် တာဝန်ယူထားသူ မောင်ဆောင်းခကတော့ ၄င်းတို့အနေနဲ့ အဲလို လမ်းတံတားတွေ ဖျက်ဆီး ဖောက်ခွဲတာတွေ မလုပ်ဖို့ မူချမှတ်ထားတယ်လို့ မေးမြန်းခန်းတခုမှာ ဖြေကြားခဲ့တာတွေ့ရပါတယ်။
လမ်းတံတားတွေ အပြင် ရထား၊ ရထားလမ်း နဲ့ ခရီးသည်ကားတွေကို တိုက်ခိုက်တာ မိုင်းခွဲတာမျိုးတွေလည်း မြန်မာနိုင်ငံ လက်နက်ကိုင် ပဋိပက္ခဖြစ်စဥ်တွေ အတွင်းအများအပြား ရှိခဲ့ဖူးတာဖြစ်ပါတယ်။
ဒီနေ့အဖို့ နောက်သတင်းတပုဒ်ကတော့ အာဏာရှိတဲ့ အစိုးရတွေနဲ့ အဆင်ပြေအောင် ပေါင်းသင်းကာ စီးပွားရေး လုပ်ကိုင်လေ့ရှိတဲ့ လုပ်ငန်းရှင် မောင်ဝိတ်ကို စစ်ကောင်စီက အာဏာသိမ်းပြီးနောက် တရားစွဲဆိုခြင်းမရှိပဲ ထိန်းသိမ်းထားခဲ့ရာက ၂ နှစ်နဲ့ ၄ လအကြာမှာ ပြန်လွှတ်ပေးလိုက်ပါတယ်။ စေပိုင် ကုမ္ပဏီ အမည်နဲ့ ဆောက်လုပ်ရေး၊ ကုန်သွယ်ရေး၊ အိမ်ယာဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်တဲ့ မောင်ဝိတ်ကို စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုမယ့် အဂတိလိုက်စားမှုတွေအတွက် ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း အန်အယ်လ်ဒီပါတီ ဗဟိုကော်မတီဝင် ဖြိုးမင်းသိန်း နဲ့ အလားတူ သက်သေခံထွက်ဆိုမယ့်သူ နောက်တယောက်အဖြစ် အသုံးချခဲ့တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အမှုမှာ မောင်ဝိတ်အနေနဲ့ ဒေါ်လာ ၅ သိန်းခွဲ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးအပ်ခဲ့တယ်ဆိုတဲ့ ထွက်ဆိုချက်ကို ၂၀၂၁ ခုနှစ် မတ်လကုန်မှာ စစ်ကောင်စီက ထုတ်လွှင့်ခဲ့ပြီး နောက်ပိုင်း အဲဒီအချက်အလက်တွေအတိုင်း တရားရုံးမှာ သက်သေအဖြစ် ထွက်ဆိုခဲ့တာ ဖြစ်ပါတယ်။
အရပ်စကားနဲ့ ပြောရရင် စစ်ကောင်စီ အနေနဲ့ မောင်ဝိတ်ကို ဖော်ကောင်အဖြစ် အသုံးချပြီး ပါတီ သို့မဟုတ် ဖောင်ဒေးရှင်းအတွက် လှူဒါန်းတဲ့ သဘောမျိုးနဲ့ ရောထွေးပြီး ထိုစဥ်က အာဏာရှိတဲ့ အစိုးရရဲ့ ခေါင်းဆောင်ထံကို ချဥ်းကပ်ခဲ့တဲ့ သဘောမျိုးလည်း ဖြစ်ပါတယ်။ မောင်ဝိတ်ရဲ့ စေပိုင် ကုမ္ပဏီအနေနဲ့ ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့ မြို့နယ်တွေက နိုင်ငံပိုင် မြေနေရာလွတ်တွေမှာ အစိုးရနဲ့ အကျိုးတူ လုံးချင်းအိမ်ယာ ဖော်ထုတ်တာ၊ လူကုံတန်တွေသာ တတ်နိုင်တဲ့ ကွန်ဒိုတိုက်ခန်းတွေ ဆောက်လုပ်ရောင်းချတာတွေ အဓိက လုပ်ဆောင်ခဲ့တာ တွေ့ရမှာပါ။ ထိုကဲ့သို့ အိမ်ရာ ဖွံ့ဖြိုးရေး ကန်ထရိုက်တွေ၊ လုပ်ပိုင်ခွင့်တွေရဖို့ ဒေသန္တရ အစိုးရကိုလည်း ရင်းနှီးစွာ ပေါင်းသင်း စည်းရုံးထားနိုင်ဖို့ လိုအပ်သလို နိုင်ငံလုံးဆိုင်ရာ တင်ဒါလိုမျိုးတွေလည်း အောင်မြင်ရရှိဖို့ နေပြည်တော်က ပြည်ထောင်စု အစိုးရအဖွဲ့ကိုလည်း ဝင်ထွက်နိုင်အောင် ပေါင်းသင်းကာ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ခဲ့တဲ့ အနေအထားမျိုး ဖြစ်ပါတယ်။
အန်အယ်လ်ဒီအစိုးရလက်ထက် နေပြည်တော်မှာ ငြိမ်းချမ်းရေး စေတီတည်ဆောက်ရာမှာ သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံတို့အနီးမှာ မောင်ဝိတ် ပါဝင်နေတဲ့ သတင်းဓာတ်ပုံတွေကို ထိုစဥ်ကတည်းက သတိပြုမိခဲ့ပြီး ယင်းကဲ့သို့ အနီးကပ် ဝင်ထွက်နိုင်အောင် ရည်ရွယ်ချက်ရှိစွာနဲ့ ငြိမ်းချမ်းရေး စေတီတည်ရာမှာ အလှူထည့်ဝင်ခဲ့တဲ့သဘောလို့ ယူဆရပါတယ်။
စစ်အာဏာသိမ်းပြီးနောက်မှာတော့ စစ်တပ်ရဲ့ ခြိမ်းခြောက်မှု သို့မဟုတ် သိမ်းသွင်းမှုကို လက်ခံပြီး ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုတဲ့ အဂတိလိုက်စားမှုမှာ တရားလိုပြ သက်သေအဖြစ် ထွက်ဆို သက်သေခံခဲ့တာ ဖြစ်ပါတယ်။
ခု ၂ နှစ်ကျော်အကြာမှာတော့ စစ်ကောင်စီအနေနဲ့ အစိုးရသက်သေ တနည်းအားဖြင့် ဖော်ကောင်ဖြစ်သူကို ပြန်လွှတ်ပေးလိုက်တဲ့ သဘောလို့ ကောက်ချက်ချရမှာပါ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar