Tuesday, August 29, 2023

လမ်းစရှာမတွေ့နိုင်သေးတဲ့ ရိုဟင်ဂျာ အရေး


မြန်မာနွေဦး ခရိုနီကယ် - သြဂုတ် ၂၈ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၂၉၊ ၂၀၂၃


လမ်းစရှာမတွေ့နိုင်သေးတဲ့ ရိုဟင်ဂျာ အရေး 

ဒုက္ခသည် ၁သန်းကျော် အိမ်နီးချင်းနိုင်ငံမှာ နေထိုင်နေကြရတာ ၆ နှစ်ပြည့်လာပြီဖြစ်တဲ့ ရိုဟင်ဂျာအရေး ကိစ္စက လမ်းစရှာမတွေ့နိုင်သေးတဲ့ ဒေသတွင်းတွင်မက နိုင်ငံတကာ အထိပါ သက်ရောက်မှုရှိတဲ့ ဒုက္ခသည်ပြဿနာကြီး တရပ်ဖြစ်လာနေပါတယ်။ သောင်းဂဏန်း၊ သိန်းဂဏန်းလောက်ရှိတဲ့ ဒုက္ခသည်ပြဿနာ မဟုတ်ပဲ လူဦးရေ သန်းဂဏန်းရှိတဲ့ ဒုက္ခသည်တွေ ၆နှစ်ကြာသည်အထိ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ကျဥ်းကြပ်တဲ့ နေရာမှာ လူ ၁ သန်းလောက် ပြွတ်သိပ် နေထိုင်ကြရတာ၊ အလုပ်လုပ်ကိုင်ခွင့်မရှိ၊ ကလေးသူငယ်တွေ ပုံမှန်ပညာသင်ကြားခွင့်မရှိ၊ ဘယ်အချိန်ဘယ်အခါမှာ မူလနေထိုင်ရာ နေရာကိုပြန်ခွင့်ရမလဲ ဆိုတာ မသိရှိကြရတဲ့ အနေအထားမှာ နေထိုင်နေကြရင်း စားနပ်ရိက္ခာ အကူအညီကိုသာ မျှော်လင့်စားသောက် အသက်ရှင်နေကြရတဲ့ အနေအထားက လူသားတွေရဲ့ ဂုဏ်သိက္ခာဆိုင်ရာအထိ ထိခိုက်မှု ကြီးကြီးမားမားရှိနေသည့် အခြေအနေဟု ဆိုရမည် ဖြစ်သည်။ 

မြန်မာနိုင်ငံတွင်းမှာလည်း မိမိရပ်ရွာမှ တိမ်းရှောင်ပြီး စစ်ဘေးရှောင်ဘဝဖြင့် ဆယ်စုနှစ် တခုကျော် နေထိုင်ရသူတွေ၊ အိမ်နီးချင်းနိုင်ငံက ဖွင့်ထားပေးသည့် နယ်စပ် ဒုက္ခသည်စခန်းမှာ ဆယ်စုနှစ်ကျော်လွန်သည် အထိ နေထိုင်နေရသူတွေ ရှိနှင့်ပြီး ဖြစ်သည်။ ၁၉၉၀ နှောင်းပိုင်းက စလို့ ကရင်ပြည်နယ်က စစ်ဘေးရှောင် ဒုက္ခသည်သိန်းဂဏန်းက ထိုင်းနိုင်ငံဘက်အခြမ်း နယ်စပ်မှာ ဒုက္ခသည်စခန်းတွေ ပေါ်ထွက်လာပြီးနောက် ခုချိန်ထိ စစ်ဘေးရှောင်တွေ ကျန်ရှိနေသေးသလို၊ ကချင်ပြည်နယ်မှာလည်း ၂၀၁၁ ခုနှစ် မြစ်ဆုံအနီး ကေအိုင်အေ နှင့် စစ်တပ်အကြား ပစ်ခတ်မှုမှ ပြန်လည်တိုက်ပွဲဖြစ်ပွားရာက စစ်ဘေးရှောင်တွေ ထောင်၊ သောင်းဂဏန်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့မှာ နေထိုင်နေကြရသည့် အဖြစ်အပျက်တွေလည်း ဖြစ်ပွားနေဆဲ ဖြစ်သည်။ ရှမ်းမြောက် ကွတ်ခိုင်၊ နမ့်ခမ်း တို့လိုဒေသများတွင် ကချင်ပြည်နယ်မှ စစ်ဘေးရှောင်တွေ နှစ်နဲ့ ချီကြာမြင့်စွာနေထိုင်နေကြရသည်။ ကရင်ပြည်နယ်က စစ်ဘေးရှောင် ဒုက္ခသည်တွေ ထိုင်း-မြန်မာနယ်စပ် မဲလ၊ အုန်းဖြန်တို့တွင် နှစ် ၂၀ ကျော်လာသည်အထိ ကျန်ရှိနေဆဲ ဖြစ်သည်။ 

ရိုဟင်ဂျာ ဒုက္ခသည်အရေးက အထက်က စစ်ဘေးရှောင် ဒုက္ခသည်တွေနှင့် တူညီသည့် လက္ခဏာ အခြေအနေတွေ ရှိသလို ကွဲပြားသည့် လက္ခဏာ အခြေအနေတွေလည်း ရှိသည်ကို တွေ့ရမည်ြဖြစ်သည်။ ရခိုင်ပြည်နယ်ထဲက ၄င်းတို့ နေထိုင်ခဲ့သည့် ကျေးရွာအများအပြားကို လူမနေတော့သည့် နေရာများဖြစ်အောင် စစ်တပ်က ဖျက်ဆီးခဲ့သလို အကယ်၍ ပြန်လာခွင့်ရှိသည့်အခါ နဂိုဒေသ၊ ကျေးရွာတွေမှာ ပြန်နေထိုင်ခွင့် ရှိ၊ မရှိ ရှင်းရှင်းလင်းလင်း မရှိသည့် အနေအထားလည်း ဖြစ်သည်။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း နှင့် ကရင်ပြည်နယ်တို့က စစ်ဘေးရှောင် ဒုက္ခသည်တွေ အနေနှင့် အကယ်၍သာ တိုက်ပွဲဖြစ်ပွားမှုမရှိခဲ့လျှင် မိမိတို့ နေထိုင်ခဲ့သည့် ကျေးရွာကို ပြန်ကာ နေထိုင်နိုင်မည့် မျှော်လင့်ချက် ရှိသော်လည်း ရိုဟင်ဂျာတွေ အနေနဖြင့် ၄င်းတို့ နေထိုင်ခဲ့သည့် ကျေးရွာများတွင် နေထိုင်ခွင့် ရ မရ မသေချာသည့် အနေအထားဖြစ်သည်။ 

ရိုဟင်ဂျာများကို လူမျိုးသုဥ်းသတ်ဖြတ်မှု ဖြစ်ပွားပြီးနောက်အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံက လက်ခံထားပေးခဲ့ခြင်းကြောင့် အိမ်နီးချင်းနိုင်ငံအနေဖြင့် နိုင်ငံရေးအရ ချီးမွမ်းခံရ၊ အမှတ်ရစရာ ဖြစ်သော်လည်း အခုလို ၄/၅/ ၆ နှစ်ကြာရှည်လာသည့်အခါ ဒုက္ခသည်အရေးသည် အိမ်နီးချင်းနိုင်ငံအဖို့ ဝန်ထုပ်ဝန်ပိုး တခုဖြစ်လာနေပြီ ဖြစ်သည်။ 

ထို့ကြောင့် ရိုဟင်ဂျာ ဒုက္ခသည်များ နေရပ်ပြန်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကိုယ်စားလှယ် အဖွဲ့က မြန်မာနိုင်ငံဘက်က အခြေအနေကို လာရောက်ကြည့်ရှုမည်ဟု သတင်းများတွင် ဖော်ပြထားကြသည်။ ဒီမတိုင်ခင် ဒုက္ခသည်များဘက်မှ ကိုယ်စားလှယ်တချို့ မြန်မာနိုင်ငံဘက် လာရောက်ကြည့်ရှုခဲ့သလို ၊ မြန်မာနိုင်ငံဘက်က ရခိုင်ပြည်နယ် အဆင့်အစိုးရ ဌာနက တာဝန်ရှိသူတွေလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် သွားရောက်ကာ ဒုက္ခသည်များကို တွေ့ဆုံခဲ့သည်။ 

မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြှောက်သည့် အစိုးရ တက်လာသည့်အထိ၊ လက်ရှိနိုင်ငံရေး ပြဿနာတွေ အဖြေထွက်၊ ရလဒ်ကောင်းထွက်သည်အထိ စောင့်ဆိုင်းပြီးမှ ရိုဟင်ဂျာ ဒုက္ခသည်တွေ မြန်မာနိုင်ငံ ပြန်မည်လား သို့တည်းမဟုတ် လက်ရှိ အခြေအနေအောက်မှာပင် ဖြစ်သင့်သည့် ရသင့်သည့် အခြေခံ အာမခံမှုတချို့ ကို တောင်းဆိုပြီး အဆိုပါ တောင်းဆိုချက်များကို စစ်ကောင်စီက လိုက်လျောသည့်အနေအထားတွင် ဒုက္ခသည်များအနေဖြင့် ပြန်မည်လားဆိုသည့် မေးခွန်း ပေါ်ထွက်လာနိုင်ပါသည်။ 

ကုလသမဂ္ဂနှင့် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းအချို့ကတော့ အခုအခြေအနေ အောက်တွင် ရိုဟင်ဂျာ ဒုက္ခသည်များ မြန်မာနိုင်ငံပြည် သွားဖို့ လုပ်ဆောင်ခြင်းကို အားမပေးကြသော်လည်း တဖက်တွင် ဒုက္ခသည်များအဖို့ ရပ်တည်ရေးဆိုင်ရာ အခက်အခဲရှိနေကြပြီး အဆိုပါ ရပ်တည်ရေး အခက်အခဲ တနည်းအားဖြင့် လိုအပ်သည့် စားနပ်ရိက္ခာ၊ အထောက်အပံ့ ပေးအပ်မှုအတွက် မည်သည့်အဖွဲ့အစည်းကမျှ တာဝန်ယူ ဖြေရှင်းခြင်း မရှိသည်ကိုလည်း တွေ့ရမည် ဖြစ်သည်။ တနည်းအားဖြင့် ဆိုရလျှင် ရိုဟင်ဂျာ ဒုက္ခသည် အရေးသည် မြန်မာနိုင်ငံ အကျပ်အတည်း ဖြေရှင်းပြီးမှ ဖြေရှင်းရမည့် ပြဿနာလား သို့မဟုတ် တပြိုင်တည်း ဖြေရှင်းရမည့် ပြဿနာလား ဆိုသည်ကို ရှင်းလင်းစွာ ဆုံးဖြတ်ပေးကြရမည့် အချိန်ရောက်ပီဖြစ်သည်။

လူမျိုးရေး၊ ဘာသာရေး၊ အစွန်းရောက်များ၊ ရှေးရိုးစွဲများကြောင့် ပြည်တွင်းစစ်များ ဖြစ်ပွားခြင်း၊ လူမျိုးစုများ နေအိမ်များမှ စွန့်ခွာထွက်ပြေးရခြင်းတို့ကို ဖြေရှင်းရာတွင် အဓိကအကြောင်းအချက်တခုမှာ မိမိတို့အစွဲများ အုပ်စုစွဲများကို မစွန့်လွှတ်နိုင်ခြင်း အပြောင်းအလဲကို လက်မခံလိုခြင်းတို့က ထိပ်ဆုံးမှ ပါဝင်နေသည်။ အဆိုပါ နိုင်ငံများ အခြေအနေများမှ ရုန်းထွက်ဖို့ရာတွင် အဆိုပါ နယ်မြေများ ဆင်းရဲတွင်းက လွတ်မြောက်ဖို့ အမြန်ဆုံး ဆောင်ရွက်ခြင်း ဖြစ်သည်။ လူနည်းစုများ၊ ဒုက္ခသည်များ ဆင်းရဲတွင်းက လွတ်မြောက်ဖို့ရာ အာဏာလက်နက် ဆုပ်ကိုင်ထားသူများ နောက်ဆုတ် အလျှော့ပေးစေရေးအတွက် ဓနရှင်များ၊ စီးပွားရေးလုပ်ငန်းများနှင့် ပညာရှင်များကိုယ်တိုင်က အဆိုပါ အခြေအနေ အသိုင်းအဝိုင်းထဲသို့ အားပေးရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်လာကြခြင်းကလည်း အရေးပါသည့် အခန်းကဏ္ဍ ဖြစ်ပါသည်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar