ရဲဘော်တေး - နှလုံးနာ
(မိုးမခ) ဩဂုတ် ၂၉ ၊ ၂၀၂၃
မြန်မာ ဗုဒ္ဓဘာသာတွေမှာ နှလုံးနာသွားရတဲ့ အဖြစ်အပျက်ကြီး နှစ်ခုရှိတယ်။
ပထမတခုက ရွှေဝါရောင်။
တိုင်းပြည် ဆင်းရဲကျပ်တည်းနေတာကို မကြည့်ရက်လို့ သံဃာတော်တွေက မေတ္တာသုတ် ပရိတ်ရွတ်ပြီးတော့ စီတန်းထွက်လာတယ်။ အဲဒီလိုထွက်လာတဲ့ကိုယ်တော်တွေကို ရဲနဲ့ စစ်တပ်က ခေါင်းရိုက်ခွဲတာ။ ကျောင်းတိုက်တွေကို ဝင်စီး ရိုက်နှက်ဖမ်းဆီးကန်ကျောက်တာ။ ကိုယ်အင်မတန်လေးစားမြတ်နိုး တန်ဖိုးထားတဲ့ ရဟန်းတော်တွေကို အဒီလိုလုပ်တာ မြင်လိုက်ရတဲ့အချိန်၊ ဂြိုလ်တုကနေ ကြည့်လိုက်ရတဲ့အချိန်မှာ အကုန်လုံး ရှော့ရသွားတယ်။ တကယ့်ကို နှလုံးကြေကွဲသွားတယ်။ ကိုယ်တော်တွေ ပရိတ်ရွတ်ထွက်လာတာမြင်တော့ သူတို့မှာ တကယ့်ကို ပီတိတွေနဲ့ ကြည်နူးပြီး ဪ ငါတို့ကို ကြည့်တယ်၊ စောင့်ရှောက်တယ် ကိုယ်တော်တွေကဆိုပြီး အဲလိုဖြစ်နေတဲ့အချိန်မှာ ခေါင်းကို တုတ်နဲ့ရိုက်တာ မြင်တော့ သူတို့တကယ် နှလုံးကြေကွဲကြတယ်။ ပြီးတော့ ကိုယ့်ယဥ်ကျေးမှုကြီးတခုလုံးကို ချေဖျက်သလို ခံစားရတာကိုး။ ဒီအဖြစ်အပျက်မျိုးက စိတ်ကူးကြည့်လို့တောင် မရဘူးလေ။ အဲတုန်းက ကြည့်ရင်းနဲ့ နှလုံးထိခိုက်ပြီး ဆုံးပါးသွားတဲ့သူတွေတောင် ရှိတယ်။ ဘယ်လိုမှ မခံစားနိုင်ဘူး။ တချို့တွေ မစားနိုင် မသောက်နိုင်ကြဘူး။ ငိုကြတယ်။
အဲဒါက ပထမတကြိမ် ဗုဒ္ဓဘာသာတွေ နှလုံးနာတာပေါ့နော်၊ နှလုံးကြေကွဲရတာ။
ဒုတိယအကြိမ် နှလုံးကြေကွဲရတာကတော့ အခု မအလ အာဏာသိမ်းတဲ့အချိန်။
မအလ အာဏာသိမ်းတဲ့အခါမှာ ဘာလို့နှလုံးကြေကွဲရတာလဲဆိုတော့ မအလက ကိုယ့်ရင်သွေး လူငယ်လေးတွေ၊ မိန်းကလေးတွေ၊ ယောကျ်ားလေးတွေ၊ လူငယ်လေးတွေကို အိုး.. အင်မတန်ကို ရက်ရက်စက်စက် ရိုက်နှက် သတ်ဖြတ် လုပ်ချင်သလိုလုပ်၊ ပစ်ချင်သလိုပစ်။ အဲဒါတွေအကုန်လုံးကို ဆိုရှယ်မီဒီယာခေတ်ဆိုတော့ အကုန်တိုက်ရိုက် မြင်နေရတယ်။ပြီးတော့ အချို့အဖြစ်အပျက်တွေက ကိုယ့်မျက်စိရှေ့မှာ။ အဲဒီလို အင်မတန် ရက်စက် ယုတ်ကန်းပြီးတော့ နှိပ်စက်ညှဉ်းပန်းနေတဲ့ လူယုတ်မာတွေကို ကိုယ် ကိုးကွယ်မြတ်နိုးတန်ဖိုးထားတဲ့ ဆရာတော်ကြီးတွေ၊ ဆရာတော်တွေ၊ ဘုန်းကြီးတွေ၊ ဦးဇင်းတွေ၊ သီလရှင် ဆရာကြီး ဆရာလေးတွေက ထောက်ခံတာကို မြင်ရတဲ့အချိန်မှာ သူတို့ နှလုံးထပ်နာရတယ်။ တကယ် သူတို့ နှလုံးနာကြရတယ်။ ဘာလို့လဲဆိုတော့ သူတို့ခေါင်းကို ရိုက်ခွဲခဲ့တဲ့ စစ်သားတွေကို သူတို့ ပြန်ထောက်ခံတာ၊ ကိုယ့်ဆွမ်းကွမ်းပစ္စည်းလေးပါး ဒါယကာတွေရဲ့ ရင်သွေးလေးတွေကို နှိပ်စက်ညှဉ်းဆဲသတ်ဖြတ်နေသူတွေကို သူတို့က အားရဝမ်းသာထောက်ခံတာ ဘယ်လိုမှ နားလည်လက်ခံပေးလို့မရဘူး။ အားရဝမ်းသာ ထောက်ခံတာနော်။ အာဏာသိမ်းတုန်းကဆို ပျော်ကြ ရွှင်ကြ ကျေနပ်ကြတဲ့ ကိုယ်တော်တွေ၊ မယ်သီတော်တွေဆိုတာ မနည်းဘူး။
အဲဒီလောက် ဆိုးယုတ် ညစ်ပတ် ရက်စက်သတ်ဖြတ်နေတဲ့ ပုဂ္ဂိုလ်။ အခုဆို ထင်သလို မီးတွေတိုက်နေတာ အိုးအိမ်တိုက်တာ ကျောင်းကန်ဘုရားပေါင်း ရှစ်သောင်းလောက်ရှိပြီ၊ အဲလို တိုင်းပြည်ကို မီးမြှိုက်နေတဲ့သူကို။ သက်ကြီးရွယ်အိုတွေ ကလေးသူငယ်တွေမှာ ငရဲခံနေသလို စားစရာမရှိ၊ ကုစရာ မရှိ၊ မိုးတွေရွာလို့ မိုးခိုစရာ မရှိ၊ နေပူလို့လည်း အရိပ်မရှိ၊ အကုန်အိမ်တွေ မီးတိုက်ခံရလို့ ဘယ်တုန်းကမှ မကြုံဖူးတဲ့ ဒုက္ခမျိုးကြီးတွေ ဆိုက်ရောက်အောင် လုပ်နေတဲ့ ပုဂ္ဂိုလ်ကြီးကို ကိုယ်ကိုးကွယ်မြတ်နိုးတန်ဖိုးထားတဲ့ သံဃာတွေ၊ သီလရှင်တွေက ထောက်ခံတယ်ဆိုတာကို သိလိုက်တဲ့အချိန်မှာ ဟာ ဘယ်လိုလဲ ဒီကိုယ်တော်တွေက ဘာဖြစ်တာလဲ။ ဘာလို့များ ဒီဟာကြီးကို ထောက်ခံတာလဲ။ သူတို့ နားကို မလည်နိုင်ဘူး ဖြစ်ကြတယ်။ နားမလည်နိုင်ဘူး။ ဘာလို့ ထောက်ခံတာလဲ။ စဉ်းစားမရဘူး။ ဒီလောက် ယုတ်မာ ရက်စက်တဲ့သူတွေကို ဘာလို့ ထောက်ခံတာပါလိမ့်။ ပို့နေတဲ့မေတ္တာတွေက အတုတွေပါလားဆိုပြီး ယူကျုံးမရ ဖြစ်ကြရတာ။ သူတို့သန္တာန်မှာ ဒီလိုစိတ်တွေ ဘာ့ကြောင့်ဖြစ်နေတာလဲပေါ့။
စစ်အုပ်စုက တတိုင်းပြည်လုံးကို ထင်သလို ဖျက်ဆီးနေတာဟာ အခုဆိုရင် ရွာတွေမှာ ကျောင်းကန်ဘုရား မရှိတော့ဘူး။ ဘာဆို ဘာမှ မကျန်တော့ဘူး။ အိမ်တစ်အိမ် ဘုရားစင်တစ်စင် ရှိတယ်။ အိမ်တစ်အိမ် မီးတိုက်တယ်ဆိုရင် ဘုရားစင်တစ်စင်ကို မီးတိုက်ပစ်လိုက်တာပဲလေ။ အဲဒီလို ဘုရားစင်ပေါင်း ခုနှစ်သောင်း၊ ရှစ်သောင်းလောက် မီးတိုက်ထားတဲ့သူကို ဘုန်းကြီးတွေက ထောက်ခံတယ်။ စဉ်းစားလို့ မရဘူး။ တကယ့်ကို စဉ်းစားမရတာ။ လူတွေဆိုတာ ကိုယ့်အသက်ပြီးရင် ကိုယ် တန်ဖိုးအထားဆုံးက ကိုးကွယ်ရာဘာသာပဲ။ တန်ဖိုးထားလွန်းလို့ကို ကိုယ့်စားဦးစားဖျား ပေးလှူကြတာဘဲ။ ကိုယ့်ချွေးနှဲစာကို ရဲရဲစွန့်လှူနေကြတာဘဲ။ အဲဒီလို တန်ဖိုးထားတဲ့ ကိုးကွယ်ရာ ဘာသာအပေါ်မှာ အဲလို မြင်ရ တွေ့ရတာ၊ ကိုယ်တိုင် လက်မခံဘဲ ငြင်းလှန်ရတာ အင်မတန် စိတ်နှလုံးထိခိုက်တာပေါ့။ ကိုယ် အမြဲအဆုံးအမခံနေတဲ့ ဘာသာဝင်ပုဂ္ဂိုလ်တွေကို ကိုယ်ကိုယ်တိုင် နှုတ်လှန်ပြောဆိုရတာ။ တချို့ဆို ဒေါသအလျောက် ဆဲဆိုရတဲ့အဆင့် ရောက်နေတယ်။ သိပ်ထိခိုက်တယ်။ အဲဒါက သူတို့ရင်ထဲမှာ တအားထိခိုက်တယ်။ အဲဒါကို ဒီဘုန်းကြီးတွေ၊ ဆရာလေးတွေက နားလည်ဖို့ ကောင်းတယ်။ တချို့တွေဆို သူတို့ကို ရွံရှာစက်ဆုပ်လာကြတယ်။
အလွန်တရာ ဆိုးယုတ်တဲ့စစ်အာဏာရူးကို လူတွေက ကိုယ့်ဘဝအပျက်ခံပြီးတော့ CDM လုပ်တယ်။ CDM လုပ်ဖို့က မလွယ်ဘူးလေ။ နေစရာ ပျောက်မယ်၊ စားစရာ ပျောက်မယ်။ အလုပ်အကိုင်တွေ ပျောက်မယ်။ အသက် ပျောက်မယ်။ ဒုက္ခတွေ ရောက်မယ်။ သိတာပေါ့။ ဘယ်မသိဘဲ နေမလား။ ဒါပေမဲ့ ဒီလောက်ယုတ်ကန်းတဲ့လူကိုတော့ ငါတို့ လုပ်အား၊ ခွန်အား မပတ်သက်တော့ဘူးဆိုပြီး ဥပေက္ခာပြုခဲ့တာ။ အလုပ်အကျွေးမပြုနိုင်ဘူးဆိုပြီး ထွက်လာကြတာ။ CDM လုပ်တယ်ဆိုတာလည်း အတော့်စိတ်ဓာတ်နဲ့ လုပ်မရပါဘူး။ တကယ့် ဘုရားလောင်းစိတ်ဓာတ်တွေပါ။ ပါရမီမြောက်စိတ်လေ။ ဆိုးယုတ်တဲ့ အဓမ္မနဲ့ ဘာအကြောင်းကြောင့်မှ ငါတို့ မပတ်သက်ဘူး။ ငါတို့ ဘာအကြောင်းကြောင့်မှ အဓမ္မကို ဒူးမထောက်ဘူးဆိုတဲ့ စိတ်ဟာ အင်မတန်ကြီးမြင့်တဲ့ စိတ်ပဲ။ အဲဒီစိတ်နဲ့ သူတို့က အဲဒီအာဏာရူး ဘီလူးစစ်အုပ်စုကို CDM လုပ်ကြတယ်။
အဲဒီ CDM နဲ့ တွဲပြီး နောက်ထပ်ဘာပါလဲဆိုတော့ Social Punishment ဆိုတာ ပါတယ်။ လူမှုရေးပြစ်ဒဏ်ခတ်တာ။ လူမှုရေးပြစ်ဒဏ်ဆိုတာက ကြည့်တော့သာ ဘာမှမဟုတ်ဘူး ထင်တာ။ အင်မတန်ကြီးတဲ့ ပြစ်ဒဏ်ပဲ။ လူတစ်ယောက်ကို လူစာရင်းထဲကနေ ဖယ်ထုတ်တာ။ ယာယီ ဖယ်ထုတ်တာပဲ။ အဲဒီပုဂ္ဂိုလ်က နောင်တတွေ မရမချင်း၊ သူ့အမှားတွေကို ဝန်ချတောင်းပန်တာ မလုပ်မချင်း သူ့ကို လူစာရင်း ဖယ်ထားတဲ့ ပြစ်ဒဏ်။ လူ့အသိုင်းအဝန်းထဲမှာ လက်မခံဘူးဆိုတဲ့ ပြစ်ဒဏ်။ လူတွေ ဘာလုပ်လုပ် သူ မပါရဘူးလေ။ သူ့ မဖိတ်ဘူး။ သူ့ မခေါ်ဘူး။ သူနဲ့ဆို မလုပ်ဘူး။ အဲတော့ လူ့အသိုင်းအဝန်းကနေ ခေတ္တ ဖယ်ထုတ်ပစ်လိုက်တာ။ အဲဒီပြစ်ဒဏ်က ကြည့်တော့သာ ဘာမှမဟုတ်ဘူးထင်ရတာ။ ဂရုမစိုက်လောက်ဖူးထင်ရတာ။ လူတစ်ယောက်က လူအဖြစ်ဖယ်ထုတ်ခံရပြီဆိုရင် တကယ်က ဘယ်လိုမှ နေလို့ မရဘူးလေ။ တစတစနဲ့ လူရည်မပြည့်တော့သလို ခံစားလာရတာ။ တကယ့် လူ့ငရဲအစစ်။ လူ့ငရဲထဲကို ယာယီ ချလိုက်တာပေါ့။
အဲဒီ Social Punishment ကလည်း အင်မတန် အားကောင်းတယ်။ အင်မတန် အားပြင်းတယ်။ အဲဒီ Social Punishment က ဒီစစ်အုပ်စုကို လုပ်တယ်ဆိုတဲ့အခါကျတော့ သူ့ကို တွဲပြီးထောက်ခံနေတဲ့ ဘုန်းကြီးတွေ၊ မယ်သီလတွေကိုပါ Social Punishment ထဲမှာ တဖြည်းဖြည်း ပါလာတော့တာပေါ့။ သူတို့ကိုပါ လုပ်ရတော့တာပေါ့နော်။ သူတို့ကျတော့ ဘယ်လို သတ်မှတ်လိုက်လဲဆို ဒါတွေက ဘုန်းကြီး မဟုတ်ဘူး။ မယ်သီလ မဟုတ်ဘူး။ ဒီလောက် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်နေတဲ့ လူတွေကို ထောက်ခံမှတော့ သူတို့သည် ဘုန်းကြီးစိတ် မရှိဘူးပေါ့။ မယ်သီလစိတ်၊ သီလရှင်စိတ် မရှိဘူးပေါ့။ အဲဒါကြောင့်မို့လို သူတို့ကိုပါ ထည့်ပြီးတော့ Social Punishment လုပ်တာ။ အဲဒါလည်း လူတွေ နှလုံးကြေကွဲရတယ်။ သူတို့ အဲလို မလုပ်ချင်ဘူး။ ကိုယ်တန်ဖိုးထား မြတ်နိုးထားတဲ့ ဘာသာရေးပုဂ္ဂိုလ်တွေကို ကိုယ်တိုင် Social Punishment လုပ်ရတဲ့အဆင့်။ အဲဒါ သူတို့ ကြေကွဲတယ်။ ဘယ်လိုမှ မလုပ်ချင်ဘူး။ အဲဒါ သူတို့ရင်ထဲမှာ သိပ်ထိခိုက်တယ်။
Social Punishment ကို အစက ပေါ့သေးသေး ထင်နေတာနော်။ အခု စစ်ကောင်စီမှာ Social Punishment ဘယ်လောက်ကြီးသွားပြီလဲဆိုရင် ကိုယ့်ယောက်ျား သေသွားတာ၊ ကိုယ့်သားသမီး သေသွားတာ၊ ကိုယ့်အဖေ အမေ သေသွားတာ၊ တိုက်ပွဲကျသွားတာပေါ့။ အဲဒါကို ကျယ်ကျယ်ငိုလို့ မရဘူး။ လူသိရှင်ကြား ကြော်ငြာလို့ မရဘူး။ အရင်ကလို သတင်းစာကနေ နာရေးကြော်ငြာ လုပ်လို့ မရဘူး။ လုပ်လို့ရရင်လည်း ရာထူးထည့်လို့ မရဘူး။ ရက်လည်လည်း တိုးတိုးတိတ်တိတ် ကျိတ်လုပ်ရတယ်။ အမျှဝေတာတောင် ကိုယ်တိုင်က ကျယ်ကျယ်မဝေရဲသလို စစ်အုပ်စုကလဲ ကျယ်ကျယ်ဝေခွင့် မပေးဘူး။
Social Punishment ဘယ်လောက်ကြီးလဲ။ သူတို့တွေကို ဘယ်သူကမှ လူလို့ မသတ်မှတ်တော့တာလေ။ လူစိတ်ရှိတဲ့ လူတွေလို့ ဘယ်သူမှ မသတ်မှတ်တော့ဘူး။ အမနုဿတွေပေါ့။ လူမဟုတ်သော လူတွေပေါ့။ လူတော့ လူ၊ ဒါပေမဲ့ လူမဟုတ်ဘူး။ အစွယ်ပေါက်နေတဲ့သူတွေ၊ လူ့ဘီလူးတွေ ဖြစ်သွားတာပေါ့။ ဒါ Social Punishment ပဲ။ သာမှု၊ နာမှု ဘယ်မှ သူတို့သွားလို့ မရဘူး။ ရပ်ရေးရွာရေးပါလို့ မရဘူး။ ရပ်နဲ့ ရွာနဲ့ မဆိုင်တော့ဘူး။ ရပ်ပြင် ရွာပြင် ထုတ်လိုက်တဲ့သဘော။ သူတို့ချင်းကလွဲရင် သူတို့ ဘယ်မှ သွားလို့ မရဘူး။ ဘယ်သူကမှလည်း မခေါ်ဘူး။ မပြောဘူး။ အသိအမှတ်မပြုဘူး။ သူတို့နဲ့ ထိစပ်လိုက်တဲ့ လူတောင် ထပ်ကြဉ်ခံရတယ်နော်။ သူတို့တင်မဟုတ်ဘူး။ သူတို့နဲ့ ထိစပ်လိုက်တဲ့ လုပ်ငန်းရှင်တွေ၊ သူတို့နဲ့ ထိစပ်လိုက်တဲ့ အနုပညာသမားတွေ၊ ဟာ..သူတို့နဲ့ ထိစပ်တဲ့ လုပ်ငန်းတွေ ဘာဆို ဘာမှ မရဘူး။ အကုန်လုံးကို လူတွေက ဖယ်ကြဉ်တော့တာ။ ဲဒါကြောင့် မာရဝိဇယလူစည်နေတာ။ သူတို့ချင်းဘဲ ထိတွေ့၊ သူတို့နေရာတွေမှာဘဲ သွားလို့လာလို့ ရတော့တာကိုး။ စိတ်ညောင်းနေကြတာ ကြာပြီလေ။ စိတ်လေမဝလို့ ထွက်လာကြရတာ။
Social Punishment က သိပ်ကြောက်စရာကောင်းတယ်။ ကြည့်တော့သာ ဘာမှမဟုတ်ဘူးလို့ ထင်ရတာ။ လူဆိုတာ ကျောပေးခံရတာ အကြောက်ဆုံးပဲ။ လူဆိုတာ ဥပေက္ခာတရားကို အကြောက်ဆုံးပဲ။ Social Punishment ဆိုတာ ဥပေက္ခာပါပဲ။ ဒါပေမဲ့လို့ အဲဒီပြစ်ဒဏ်ရဲ့ ထူးခြားချက်က ဘာလဲဆိုတော့ လူတစ်ယောက် သူ့အမှားတွေသူ ဝန်ချတောင်းပန်တယ်။ တကယ်ပဲ သတိသံဝေဂရတယ်။ တကယ်ကောင်းတဲ့ဘက်ကို ဦးတည်တော့ပါမယ်လို့ သူ တရားဝင် ဝန်ချတောင်းပန်လိုက်ရင် အဲဒါ ပျက်ပြယ်သွားတယ်။ အဲဒီကျမှ သူ့ရဲ့ ပြစ်ဒဏ်က လွတ်တာ။ ပြစ်ဒဏ်လွတ်ငြိမ်းဖို့ကလဲ တခြားနည်း မရှိဘူး။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar