ဆယ်ပေါင်တူ - ကျပ်နှစ်သောင်းတန် ကြင်စိုးနှင့် တိုင်ပတ်နေသော မဲလုံး
(မိုးမခ) စက်တင်ဘာ ၉ ၊ ၂၀၂၃
‘ပိုက်ဆံလိုရင် ပိုက်ဆံရိုက်ထုတ်ကြရုံပဲ ရှိတာပေါ့’ ဆိုပြီး ကြင်စိုးလိုလူက သူဉာဏ်မီသလောက်သာ ခပ်လွယ်လွယ်ပဲ တွေးတတ်တဲ့နောက် ကျပ်နှစ်သောင်းတန်အသစ်တွေ ဗုံးပေါလအော ထွက်လာတာကို ဘယ်သူကမှ အဆန်းတကြယ် ကိစ္စလို့ မမြင်မိကြပါဘူး။ မလုပ်တတ် မကိုင်တတ်နဲ့၊ လူလိုပဲ ဉာဏ်ရည်ကလည်း ပေမမီ ဒေါက်မမီ ဆိုတော့ တချိန်မဟုတ်တချိန် ဒီဘူတာပဲ ဆိုက်လာလိမ့်မယ်ဆိုတာကို အားလုံးက မျှော်လင့်ပြီးသားပါ။
ဒါပေမဲ့ ဒီပိုက်ဆံရိုက်ထုတ်တဲ့ကိစ္စ ခပ်မြန်မြန် ဖြစ်လာစေရတဲ့ ထူးထူးခြားခြား အကြောင်းတွေ ရှိတယ်ဆိုပြီး ထွက်နေတဲ့သတင်းတွေ ရှိပါတယ်။ ပြဿနာက ဘယ်သတင်း မှန်ကန်တယ်ဆိုပြီး ရွေးနုတ်ပြောဖို့ ခက်နေတာ တခုပါပဲ။ ကျပ်နှစ်သောင်းတန် ထွက်လာရတဲ့ အကြောင်းရင်း ၂ ခု ရှိသတဲ့။ခုနပြောသလို အတိအကျ ရွေးမပြောနိုင်တဲ့အတွက် ဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့ သတင်းနှစ်ခုလုံးကို ချပြဖို့ပဲ ရှိပါတော့တယ်။
ပထမသတင်းကတော့ ဒီလိုပါ၊ ကြင်စိုး နှစ်သောင်းတန် ရိုက်ထုတ်ရခြင်းက ပြည်သူကိုယ်စီရဲ့လက်ထဲမှာ ကျပ်နှစ်သောင်း ရောက်သွားစေချင်တဲ့ ကြင်စိုးရဲ့ အနှိုင်းမဲ့စေတနာပါတဲ့။ နားရှုပ်သွားရင်တော့ ထပ်ရှင်းပြရပါဦးမယ်။ ကြင်စိုးဘဝမှာ လက်ထဲ ကျပ်နှစ်သောင်းမရှိလို့ ဘဝပျက်မတတ်ဖြစ်၊ စိတ်ဒဏ်ရာတွေ ရခဲ့ဖူးသတဲ့။ ကြင်စိုးအနေနဲ့ ပြန်ကိုမတွေးချင်နိုင်လောက်အောင် နာကြည်းခံစားခဲ့ရတဲ့ အဲဒီအကြောင်းတွေကြောင့် သူ့လိုမျိုး မခံစားရလေအောင်၊ စေတနာဗရပွနဲ့ မေတ္တာရှေ့ထားပြီး ပြည်သူများရဲ့လက်ထဲ အခုလို နှစ်သောင်းတန်တွေ ထည့်ပေးရတာလို့ ဆိုပါတယ်။ ကြင်စိုးက မဲလုံးကို ဒီအကြောင်း အခုလို ရင်ဖွင့်တယ်။
‘လူတွေက ငါ့စေတနာကို မမြင်ကြ၊ နားမလည်ကြပါဘူးကွာ၊ ငါက သူတို့ကို ငါဖြစ်ခဲ့သလို လက်ထဲ ငွေနှစ်သောင်း မရှိလို့ ဘဝတလျှောက်လုံး အိပ်မက်ဆိုးကြီး မက်နေရတာမျိုး မကြုံစေချင်လို့ စေတနာနဲ့ လုပ်ပေးတာကွ’
ကြင်စိုးက စိတ်လိုလက်ရနဲ့ စကားစလိုက်တာမို့ မဲလုံး မသိမသာ စကားဝင်ထောက်ပေးလိုက်တယ်။
‘ပြောပါဦး အဘရဲ့၊ အဘစေတနာတွေ ဘယ်နေရာက မြစ်ဖျားခံခဲ့တာတုန်း’
‘မင်းဘယ်သူ့ကိုမှ လျှောက်မပြောရဘူးနော်၊ ငါ ပြန်ကြားလို့ကတော့ မင်းနာပြီသာမှတ်’ဆိုပြီး ကြင်စိုး သူ့စကားကို ဆက်လိုက်တယ်။
‘တကယ်က ပြောဖို့အသာထား၊ ပြန်တွေးမိတိုင်း စိတ်ထဲ ဟိုလိုလို ဒီလိုလိုနဲ့၊ ရှက်ဖို့လည်း သိပ်ကောင်းတယ်။ တော်သေးတာပေါ့ ငါဆိုတဲ့ကောင်က အရှက်တစက်လေးမှ မရှိလို့’
ပြီးတော့ ဘေးဘီ အသာလှည့်ကြည့်ပြီး လေသံတိုးတိုးနဲ့
‘စေတနာတွေ ဘယ်နေရာက မြစ်ဖျားခံခဲ့သလဲ ဆိုတော့ မင်းတို့ ငါတို့ရဲ့ ဒေါ်စိန်အေးကျောင်းကြီးဆီက စခဲ့တာ၊ ဘယ်တုန်းကလဲဆိုတော့ ‘ကြလွှ’ နဲ့ မယူရသေးခင်ပေါ့’
ရုတ်တရက် ကြင်စိုး ဘာပြောလိုက်မှန်း မသိပေမဲ့ နောက်တော့မှ သူ့မိန်းမနာမည်ကို လုံးထွေးပြီး ခေါ်လိုက်တာလို့ မဲလုံးနားလည်လိုက်တယ်၊
‘ကြလွှ’ မိဘတွေက ငါ့ကို ငွေနှစ်သောင်းတင်တောင်းရမယ်တဲ့၊ အခုကျမှသာ ခိုးပုံခိုးနည်းတွေသိပြီး ငါက ဘောစိ ဖြစ်နေတာ၊ အဲဒီတုန်းက ဒေါ်စိန်အေးကျောင်းမှာပဲ ရှိသေးဆိုတော့ ဘယ်လိုလုပ် လက်ထဲ ငွေနှစ်သောင်း ရှိပါ့မ လဲ’
‘အဲသလိုဆို ဘယ်ကပိုက်ဆံရပြီး ဘကြင်တို့ ယူဖြစ်သွားကြတာလဲ’ မဲလုံးစိတ်ဝင်တစားနဲ့ ဖြတ်မေးလိုက်တယ်။
‘မင်း ဘယ်သူ့ကိုမှ ပြန်မပြောရဘူးနော်, ကျိန်ကွာ’ ဆိုလို့ ကြင်စိုး ကျေနပ်အောင် မဲလုံး ကျိန်ပြလိုက်ရသေးတယ်။ ဒီတော့မှ
‘ဒီလိုကွ၊ ငါတို့တုန်းက ကျောင်းမှာ တနှစ်ကို လူ ၂၀၀ လောက် တက်ကြတယ်လေ၊ အဲဒီတော့ ငွေနှစ်သောင်းကို နှစ်ရာနဲ့ စားကြည့်ကွာ၊ ဘယ်လောက်ရလဲ’
ရှက်သလိုလို မလုံမလဲလိုလိုနဲ့ စပ်ဖြီးဖြီး ဖြစ်နေတဲ့ ကြင်စိုးကို ကြည့်ပြီး တကျောင်းတည်းဆင်းတွေပီပီ ချက်ဆို နားခွက်က မီးတောက်သွားတဲ့ မဲလုံးက
‘တယောက်ကို တစ်ရာနှုန်းပေါ့၊ ဟ..... ဘကြင်က ဘယ်ဆိုးပါ့မလဲ စျေးကောင်းရသားပဲ၊ ဘကြင်တို့ခေတ်က ငွေ တစ်ရာဆိုတာ တန်ဖိုးရှိတယ်လေ’
‘ကျနော်တောင် အဲသလောက်မရခဲ့ဘူး’ဆိုပြီး သူ့အကြောင်း ယောင်ထွက်သွားတော့မလို့ မဲလုံး ပါးစပ်ကို အမြန်ဘရိတ်အုပ်လိုက်ရတယ်၊ ဟုတ်တယ်လေ သူ့ကိစ္စ ဘာကြောင့် ထည့်ပြောရမှာတုံး။
‘မင်း ထင်သလောက်တော့ မရခဲ့ဘူးကွ၊ မင်း ပြောသလိုပဲ ငါတို့ခေတ်က ပိုက်ဆံတန်ဖိုးရှိသေးတော့ တယောက် တရာနှုန်း ငါဘယ်ရပါ့မလဲ၊ ဒီလိုနဲ့ ပိုက်ဆံကလည်း မပြည့်တော့ ပထမနှစ်ကနေ နောက်ဆုံးနှစ်သမားတွေအထိ လူကုန် ငါ လိုက်ညှိခဲ့ရတယ်’
‘အဲဒါဆို လေးတန်းစာဆိုတော့ လူ ၈၀၀ နဲ့ နှစ်သောင်းကိုစား၊ အင်း တယောက် အစိတ်ပေါ့’ မဲလုံး စိတ်တွက်တွက် ကြည့်ပြီး ပြောလိုက်တယ်။
‘ဒီလိုလည်း ပြောလို့မရပြန်ဘူး၊ ဘာကြောင့်လဲဆိုတော့ အတန်းစုံက လူစေ့ကုန်သွားလည်း ငွေနှစ်သောင်း မပြည့်သေးတော့ ကျောင်းမှာရှိသမျှ ဆရာတွေ၊ ထမင်းချက်၊ ဂိတ်စောင့်၊ ယာဉ်မောင်း အိုကွာ အားလုံး ငါနဲ့ မကင်းခဲ့ကြဘူးလို့ပဲ ဆိုပါတော့၊ တကျောင်းလုံးပဲ ထားလိုက်ပါတော့ကွာ’
‘ဟာ အဲဒါမှ ငွေနှစ်သောင်းရတယ်ဆိုရင် ဘကြင်စျေးက အလကားလောက်နီးနီး ဖြစ်နေပြီ မဟုတ်သေးပါဘူး’ ပြောပြီးမှ မဲလုံး အတော်လေး အားနာသွားတယ်။
ကြင်စိုးကတော့ အဲဒီအချိန်က သူ ငွေနှစ်သောင်းရအောင် ဘယ်လောက်အထိ ပေးဆပ်ခဲ့ရတယ်ဆိုတာကို နာနာကျင်ကျင် ပြန်တွေးတောနေဟန်တူပါတယ်၊ မဲလုံးစကားကို သတိမထားမိလိုက်ပါဘူး။ ကြင်စိုး အဲသလို ခဏငြိမ်သွားရာကနေ မကျေမချမ်းမျက်နှာနဲ့ စကားကို ပြန်ဆက်တယ်။
‘မင်း စဉ်းစားကြည့်ကွာ၊ ငါ့မှာ ကျောင်းဝင်ခွင့်လည်း လွယ်လွယ်နဲ့မရဘူး၊ မင်းသိတဲ့အတိုင်း ငါဆို အကြိမ်ကြိမ် ဖြေပြီးမှ ဝင်ခွင့်ရတာ။ ပြီးတော့ ခုနမင်းကို ပြောပြသလို တကျောင်းလုံးက ငါ့ကို….အိုကွာ၊ ဆက်ပြီး မပြောချင်တော့ပါဘူး၊ ဒါကြောင့် အခုအခွင့်အရေးရတာနဲ့ ဒီကျောင်းထွက်တွေကို သင်ခန်းစာပေးချင်လို့ ဖြစ်ချင်ရာဖြစ်ဆိုပြီး၊ ပြန်လမ်းမရှိမှန်း သိလည်းသွားတိုက်ခိုင်း၊ ရှင်ကျန်တဲ့သူတွေလည်း လူတောထဲ မတိုးရဲတော့အောင်လုပ်၊ ကျောင်းရဲ့ လက်ကျန်ပုံရိပ် ရှိသမျှလေးကိုလည်း မပျက်ပျက်အောင် ဖျက်ဆီးပစ်နေတာ’
ပြောရင်းနဲ့ ဒေါသသံ ပါလာတဲ့ ကြင်စိုးကိုကြည့်ပြီး မဲလုံး လန့်လာလို့ အသာငြိမ်ပြီး နားထောင်လိုက်တယ်။ လက်စသတ်တော့ ကြင်စိုးဆိုတာ အတွင်းကနေ စနစ်တကျ ဖျက်ဆီးနေသူကြီးပါလား ဆိုပြီးလည်း ဆက်တွေးနေမိတယ်။
‘ကဲ မင်း သဘောပေါက်ပြီမလား၊ ငါ့လို ငွေနှစ်သောင်းကြောင့် အရှက်တကွဲ မဖြစ်စေချင်တဲ့ စေတနာနဲ့ လူတိုင်း လက်ထဲ နှစ်သောင်းတန်တွေ ရောက်အောင် အသစ်ရိုက်ပေးတာကွ’
‘တခုရှိတော့တယ်၊ ငါ ဘယ်လိုပဲ အပြစ်မြင်ခဲ့မြင်ခဲ့၊ ငါ့ကို မွေးထုတ်ပေးလိုက်တဲ့ ကျောင်းတော်ကြီးကို ကျေးဇူးတင်ပါတယ်၊ သူ့ကြောင့် ငွေနှစ်သောင်းရှာပြီးတဲ့နောက်ပိုင်း ငါက မလုပ်ရဲတာ ဘာမှမရှိတဲ့သူ ဆိုပြီး ဖြစ်လာခဲ့တာကွ’ ဆိုပြီး ကြင်စိုး စကားကို အဆုံးသတ်လိုက်ပါတော့တယ်။ ဒါက ပထမ ဖြစ်နိုင်ခြေသတင်း ဆိုပါတော့။
ဒုတိယဖြစ်နိုင်ခြေသတင်းမှာတော့ မဲလုံးက ဇာတ်လိုက်ပေါ့၊ ဒီလိုဒီလိုပါ။
ဘယ်နေရာမှာမှ မတိုးတက် မထူးခြားလာတဲ့အတွက် ကြင်စိုးတယောက် သူ့ဓာတ်ကူးခန်းကို ဘဝင်မကျ ဖြစ်နေမိ တယ်။ ဒါ့ကြောင့် မြောက်ကိုရီးယား ရောက်ဖူးတဲ့ လက်နက်ပွဲစားတွေကို ထပ်ပြီးမေးမြန်းတယ်။ ဖက်တီးပုတ်လေး ကာရာအိုကေ ဆိုသလို သူလည်း လိုက်ဆိုတာပဲ၊ မဲလုံးလည်း ကိုရီးယားရိုးရာ ဝတ်စုံဝတ်ပြီး လက်ခုပ်လက်ဝါးတီး အားပေးတာပဲ၊ ဘယ်နေရာမှာများ လိုသွားသလဲပေါ့။
ဒီလိုနဲ့ သတင်းအသစ်တခု ထပ်သိလိုက်ရလို့ ကြင်စိုး မဲလုံးနားကို အသာကပ်ပြီး လေသံလေးနဲ့ ပြောလို့ အဆုံးမှာပဲ
‘ဟာ မဖြစ်ဘူး အဘ၊ အဲဒါတော့ မဖြစ်ဘူး ကျနော် မလုပ်ချင်ဘူး၊ ကျနော် မလုပ်ပါရစေနဲ့၊ လူကြားလို့လည်း မကောင်းပါဘူးဗျာ၊ မသင့်တော်ပါဘူး’ လို့ မဲလုံးက ခေါင်းတခါခါ လက်တခါခါနဲ့ အတင်းငြင်းဆန်ပါတော့တယ်။
သို့လောသို့လော ဖြစ်သွားကြမှာကို သိတဲ့အတွက် သိပ်အတွေးမလွန်မိကြခင် ခပ်မြန်မြန် ဝင်ရှင်းလိုက်ပါမယ်။ ဖြစ်ပုံက ဒီလိုပါ၊ ဖက်တီးပုတ်လေးက ကာရာအိုကေ ဆိုတာအပြင် နိုင်ငံခြားရုပ်ရှင်တွေထဲမှာ ပါတတ်တဲ့ ခန်းမထဲမှာ တိုင်တချောင်းကိုပတ်ပြီး ဇောက်ထိုးမိုးမျှော် ကော့ကော်ကံကား ကကြသလိုမျိုးနဲ့ သူ့ကို ဖျော်ဖြေစေသတဲ့၊ ပြီးတော့သူကလည်း ခါးတဝိုက်က ကြိုးကလေး အသာမပြီး(အင်း… ခါးတဝိုက်က ကြိုးလေးလို့ပဲ ထားလိုက်ပါတော့) ဆုငွေပိုက်ဆံတွေ ညှပ်ပေးသတဲ့။ ကြင်စိုးက ဒီတခုပဲ သူ လိုက်မလုပ်ရသေးတာလို့ တွေးမိပြီး အဲသလို လိုက် လုပ်ပြရင်း ဓာတ်ကူးနိုင်ဖို့ မဲလုံးကို စည်းရုံးနေတာပါ။
မဲလုံးက အတန်တန်ငြင်းတဲ့အခါ ကြင်စိုးက လေသံခပ်တင်းတင်းနဲ့ပြောပြီး ညစ်ဖို့ ကြံလိုက်တယ်။
‘ရတယ်ကွာ၊ မင်း မလုပ်ချင်ရင်လည်းနေ၊ နေပါဦး မင်း တာဝန်မကျဖူးတာ ဘယ်ဘက်တွေလဲ၊ ကရင်နီလား၊ ချင်း လား၊ ကရင်လား၊ကချင်လား’
‘အဲဒီနေရာအားလုံးပဲ၊ ဘာဖြစ်လို့လဲ’ စိတ်တထင့်ထင့်နဲ့ မဲလုံး ပြန်မေးလိုက်တယ်။
‘ဒီမှာ မဲလုံး…မင်း သေချာနားထောင်၊ ငါ စဉ်းစားနေတာတခု ရှိတယ်၊ မင်းလုပ်နေတဲ့ သတင်းပြန်ကြားရေးတို့၊ ဝါဒဖြန့်ချိရေးတို့ဆိုတာ တကယ်က မလိုအပ်တော့ဘူးကွ၊ ဟိုဘက်ရပ်ကွက်ကလူတွေ နေ့နေ့ညည လိုက်ဖ်လွှင့်ပြီး နုကြည်ကို ကလော်တုတ်နေတာက မင်း လုပ်နေတာတွေထက်တောင် ပိုထိရောက်သေးတယ်။ သူတို့ကမှ မင်းထက်ပိုပြီး သွေးကွဲစေဖို့၊ စိတ်ဝမ်းကွဲစေဖို့၊ အယုံအကြည်မဲ့စေဖို့ ပြောနိုင်ဆိုနိုင်သေးတယ်၊ သူတို့ ပြောနေတာတွေက ငါ့အကြိုက်၊ ငါဖြစ်စေချင်တာတွေချည့်ပဲ။ ဟိုဘက်ကလို့သာ ပြောတယ် တကယ်ကျေးဇူးတင်စရာကောင်းတဲ့သူတွေကွ’
‘ဒါကြောင့် အဲဒီအလုပ်တွေ သူတို့ပဲ ဆက်လုပ်ကြပါစေ၊ မင်းလုပ်ဖို့ ဘာမှမလိုတော့ဘူး၊ နောက်ပြီး မင်းက တိုင်ပတ်ပြီးလည်း မကချင်ဘူးဆိုတော့ ရှေ့တန်းပဲ ပြန်ပို့တော့မယ်၊ စားချင်တာလေးတွေ အဝစားသွား၊ နှုတ်ဆက်စရာလေးတွေလည်း နှုတ်ဆက်ပေါ့ကွာ၊ အခုအချိန်က ဘယ်ရှေ့တန်းဘက်ရောက်ရောက် ပြန်လာဖို့ လမ်းမှမရှိတာ’
ကြင်စိုးစကားကြောင့် ထိတ်ထိတ်ပျာပျာ ဖြစ်သွားတဲ့ မဲလုံးက
‘ဟာ.....အဲသလိုတော့ မလုပ်ပါနဲ့ ဘကြင်ရာ၊ ကဲ..ကဲ ရှေ့တန်းသွားမယ့်အစား ကျနော် တိုင်ပတ်ပြီးပဲ ကပါတော့မယ်’ လို့ ကပျာကယာ ဝင်ပြောလိုက်တယ်။
သူ ဖြစ်စေချင်သလို ဖြစ်သွားလို့ ကျေနပ်သွားပုံရတဲ့ ကြင်စိုးမျက်နှာကို အသာကြည့်ပြီး မဲလုံးက တခုတော့ တောင်းဆိုလိုက်တယ်။
‘ဒီလိုတော့လုပ်ပေးပါဗျာ၊ တိုင်ပတ်နေတုန်း ကျနော့်ကို ပိုက်ဆံညှပ်ပြီး ဆုချတဲ့အခါ ကျနော် ပိုရအောင် ဘကြင် စဉ်းစားထားတဲ့ နှစ်သောင်းတန် ငွေစက္ကူ အသစ်သာ ရိုက်ထုတ်လိုက်ပါတော့၊ ဟုတ်ပြီလား’
ကြင်စိုးက ‘ဒါလည်းဟုတ်တာပဲ သူ့ခမျာ တစ်သောင်းတန်ထက် နှစ်သောင်းတန် ပိုလိုချင်ရှာမှာပေါ့’လို့ တွေးပြီး ဆရာ တပည့် နှစ်ယောက် သဘောတူလိုက်ကြတယ်။ ဒီလိုနဲ့ နှစ်သောင်းတန်လည်း ထွက်လာသလို၊ ထွက်တဲ့နေ့က စပြီး မဲလုံးလည်း ညညဆို ပြုံးပြုံး ပြုံးပြုံး ချွေးတလုံးလုံးနဲ့ တိုင်ပတ်ကနေပါတော့သတဲ့။ အအိပ်ပျက် အစားပျက် မဖြစ်ချင်ရင်တော့ မဲလုံးကနေပုံကို မြင်ယောင်ပြီး မကြည့်မိကြဖို့ လိုပါတယ်။
ပြောရမယ်ဆိုရင် ဘယ်ဇာတ်လမ်း ဘယ်သတင်းက အဖြစ်မှန်ဆိုတာ ဝေခွဲလို့ကို မရပါဘူး၊ နှစ်ခုလုံး ဖြစ်နိုင်တယ်လို့လည်း ထင်တဲ့အခါ ထင်နေမိပြန်တယ်။ စဉ်းစားရကြပ်နေလို့ ကူညီပြီး အဖြေဝိုင်းရှာပေးကြစေလိုပါ တယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar