Saturday, September 9, 2023

စစ်အာဏာသိမ်းပြီးနောက် နေအိမ် ၇ သောင်းခွဲ မီးရှို့ဖျက်ဆီးခံရ


မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၈ မြင်ကွင်း

(မိုးမခ) စက်တင်ဘာ ၉ ၊ ၂၀၂၃


စစ်အာဏာသိမ်းပြီးနောက် နေအိမ် ၇ သောင်းခွဲ မီးရှို့ဖျက်ဆီးခံရ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ၂ နှစ်ခွဲကျော်ကာလအတွင်း အရပ်သားအဆောက်အဦ ၇ သောင်းခွဲကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ခုရက်ပိုင်း ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရုံးက ထုတ်ပြန်လိုက်ပါတယ်။ အရပ်သား အဆောက်အဦလို့ သုံးနှုန်းထားတဲ့ စကားလုံးကို ရှင်းလင်းဖွင့်ဆိုရရင် လူနေအိမ်တွေ၊ စျေးဆိုင်၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်း၊ ပုဂ္ဂလိကလုပ်ငန်းဆောက်အဦနဲ့ ရုံးတွေပါဝင်တာ ဖြစ်ပါတယ်။

မီးရှို့ဖျက်ဆီးခံရတာရဲ့ ၉၀ ရာနှုန်းကျော် အများစုကတော့ ကျေးရွာတွေက နေအိမ်တွေဖြစ်ပါတယ်။ မြို့ အနေနဲ့ ဆိုရရင် ထန်တလန်မြို့ တမြို့လုံးနီးပါး တကြိမ်ပြီးတကြိမ် မီးရှို့ဖျက်ဆီးခံရတဲ့ အဖြစ်အပျက်က ထင်ရှားတဲ့ အဖြစ်အပျက်ဖြစ်ပါတယ်။ ထန်တလန် အပြင် အခြားမြို့တွေမှာ မီးရှို့ဖျက်ဆီးခံရတာ အရေအတွက် အနည်းငယ်သာရှိမှာ ဖြစ်ပြီး အများစုက စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်ထဲက အချို့ဒေသတွေ ဖြစ်ပါတယ်။ 

နေအိမ်မီးရှို့တဲ့ လုပ်ရပ်ကို အများစုကျူးလွန်တဲ့ အဖွဲ့က စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေဖြစ်ပြီး အနည်းငယ်မျှသော အရေအတွက်တွေကတော့ ကျေးရွာတွေမှာပဲ စစ်ကောင်စီဘက်ကို ထောက်ခံသူတွေရဲ့ နေအိမ်တွေကို လက်တုံ့ပြန်မီးရှို့ဖျက်ဆီးတာတွေ ဖြစ်နိုင်ပါတယ်။ 

စစ်ကောင်စီကတော့ ကျေးရွာတွေက နေအိမ်တွေ မီးရှို့ခြင်းကို မဟာဗျူဟာ တရပ်အနေနဲ့ လုပ်ဆောင်တာ ဖြစ်ပြီး စစ်ကောင်စီ ကို လက်နက်ကိုင်ဆန့်ကျင်တဲ့ PDF တွေဖွဲ့စည်းထားတဲ့ ကျေးရွာ၊ ထောက်ခံအားပေးတဲ့ ကျေးရွာ၊ စစ်ကောင်စီတပ်ကို ချောင်းမြောင်းတိုက်ခိုက်တာ၊ မိုင်းခွဲတိုက်ခိုက်တာ ကျေးရွာအနီးမှာဖြစ်ပွားခဲ့ရင် ကျေးရွာအနေနဲ့ တာဝန်ရှိတယ်ဆိုတဲ့ သဘောနဲ့ ပြစ်ဒဏ်ခတ်တဲ့ အနေနဲ့ မီးရှို့တာ ဖြစ်သလို နောက်တချက်က နေအိမ်တွေ၊ စပါး၊ ပဲ၊ စတဲ့ ရိက္ခာတွေကိုပါ မီးရှို့ဖျက်ဆီးပြီး စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ PDF တွေ၊ ကာကွယ်ရေးတပ်ဖွဲ့တွေကို ငွေကြေးအားဖြင့် ထောက်ပံ့ခြင်း မပြုနိုင်တော့အောင် ဖျက်ဆီးတဲ့ ရည်ရွယ်ချက်လည်း တွဲလျှက်ပါရှိတာတွေ့ရမှာ ဖြစ်ပါတယ်။ လက်နက်ကိုင် တိုက်ခိုက်နေတဲ့ PDF တွေကို ကျေးရွာအများစုက ထောက်ခံနေကြတာ၊ ကျေးရွာသားတွေကိုယ်တိုင် PDF အဖြစ်ပါဝင်ဖွဲ့စည်းထားတာ ဖြစ်လို့ PDF ထောက်ခံတဲ့ကျေးရွာနဲ့ ကြံ့ခိုင်ရေး၊ စစ်တပ်ထောက်ခံတဲ့ ကျေးရွာ အနေနဲ့ ခွဲခြားပြီး မီးရှို့ဖျက်ဆီးတာတွေလည်း ရှိသလို အချို့သော ကျေးရွာတွေမှာ တခြမ်းစီကွဲနေကြတဲ့ အခါမျိုးမှာ အနီ လို့ခေါ်တဲ့ NLD/PDF ထောက်ခံသူတွေရဲ့ နေအိမ်တွေကို ညွှန်ပြခိုင်းပြီး မီးရှို့တာမျိုးလည်း ရှိနေခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းထဲက အချို့သော မြို့နယ်တွေမှာ ကြံ့ခိုင်ရေး၊ စစ်တပ်ကို ထောက်ခံတဲ့ ကျေးရွာအချို့ရှိနေပြီး ပြည်သူ့စစ်ဖွဲ့စည်းကာ PDF တွေကို ဆန့်ကျင်တိုက်ခိုက်ဖို့ လက်နက်တပ်ဆင်ကာ လေ့ကျင့်ပေးထားတာလည်း တွေ့ရပါတယ်။ 

စစ်ကောင်စီ တနည်းအားဖြင့် စစ်တပ်အနေနဲ့ အခုလို ရန်သူနဲ့ ရန်သူကို အားပေးကူညီသူလို့ သတ်မှတ်တဲ့ အရပ်သားတွေကို ဖမ်းဆီး နှိပ်စက်ဖို့၊ သတ်ဖြတ်ဖို့ ဝန်မလေးသလို ထောက်ခံသူ အားပေးသူတွေရဲ့ နေအိမ်တွေကို ဖျက်ဆီးဖို့လည်း ဝန်မလေးပါဘူး။ နေအိမ်မီးရှို့တဲ့ သမိုင်းအစဥ်အလာတွေက ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တော၊ ရသေ့တောင်၊ ဘူးသီးတောင် စတဲ့ မြို့နယ်တွေမှာ အစ္စလာမ်ဘာသာဝင်တွေ ဖြစ်တဲ့ ရိုဟင်ဂျာ လူမျိုးစုတွေရဲ့ ကျေးရွာတွေကို မီးတိုက်ခဲ့တဲ့ အဖြစ်အပျက်တွေ ရှိသလို၊ ၂၀၁၈-၁၉ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှာပဲ အေအေ နဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း ကျောက်တော်၊ မြောက်ဦး အစရှိတဲ့ ရခိုင်ပြည်နယ်ထဲက ဒေသတွေမှာ ရခိုင်ကျေးရွာတွေကိုလည်း မီးရှို့ခဲ့တဲ့ ဖြစ်ရပ်တွေရှိခဲ့ပါတယ်။ 

၂၀၁၇ ခုနှစ် ရိုဟင်ဂျာ ကျေးရွာတွေကို မီးရှို့စဥ်က အစိုးရက ထုတ်ပြန်တဲ့ သတင်းတွေထဲမှာ ရိုဟင်ဂျာတွေက ၄င်းတို့နေအိမ်တွေကို ၄င်းတို့ဘာသာ မီးရှို့ပြီး ထွက်ပြေးတိမ်းရှောင်သွားတယ်ဆိုပြီး စစ်တပ်ဘက်က ထုတ်ပြန်တဲ့ သတင်းတွေကိုကိုးကားက ဖေ်ပြခဲ့ကြဖူးပါတယ်။ အလားတူ ၂၀၁၈-၁၉ ခုနှစ် AA နဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေ အတွင်း ကျောက်တော်မြို့အနီးက ဘုရားပေါင်းကျေးရွာ မီးရှို့ခံရတဲ့ အဖြစ်အပျက်မှာလည်း စစ်တပ်ရဲ့ လက်ချက်ဖြစ်တာကို နိုင်ငံပိုင် သတင်းမီဒီယာတွေက ဖုံးကွယ်ဖေ်ပြခဲ့ကြဖူးတာလည်း ဖြစ်ပါတယ်။ 

ဒီအဖြစ်အပျက်တွေ မတိုင်ခင် ဆယ်စုနှစ်တွေမှာတော့ ၉၀ ပြည့်နှစ် အလယ်ပိုင်းကာလတွေမှာ ရှမ်းပြည်နယ် တောင်ပိုင်း အရှေ့ပိုင်းတွေမှာ ကျေးရွာတွေအများအပြားကို နဝတစစ်တပ်ရဲ့ စစ်ဆင်ရေးအတွင်း မီးရှို့ဖျက်ဆီးခဲ့တဲ့ အဖြစ်တွေရှိသလို အဲဒီဆယ်စုနှစ်အတွင်းမှာပဲ ကရင်ပြည်နယ်မှာလည်း ကျေးရွာတွေ အများအပြားကို စစ်ဆင်ရေးအတွင်း နဝတ စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ကရင်ကျေးရွာတွေက လူပေါင်း သိန်းနဲ့ချီ ထိုင်းနိုင်ငံဘက်ကို တိမ်းရှောင်ခဲ့ကြရတဲ့ အဖြစ်အပျက်တွေက ယနေ့ထက်တိုင် အကျိုးဆက်တွေ တွေ့မြင်နိုင်သေးတဲ့ ဖြစ်ရပ်တွေ ဖြစ်ပါတယ်။ 

ချုပ်ပြောရရင် လက်နက်ကိုင်တိုက်ပွဲတွေမှာ ရပ်ရွာတွေမှာ ရှိတဲ့ အရပ်သားတွေရဲ့ နေအိမ်တွေကို မီးရှို့တဲ့ အစဥ်အလာက မြန်မာစစ်တပ်အဖို့ မဟာဗျူဟာအရရော လက်တွေ့ကျင့်သုံးနေကျ နည်းနာအရပါ ယဥ်ပါးနေတဲ့ အစဥ်အလာတရပ် ဖြစ်ပြီး အခုတကြိမ် စစ်အာဏာသိမ်းပြီးနောက်မှာတော့ တနိုင်ငံလုံး မျက်မြင်ကိုယ်တွေ့  ကြုံကြရတဲ့ ဖြစ်ရပ်တခု ဖြစ်လာတာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar