Tuesday, December 19, 2023

သီအိုဇော် - အောင်ပွဲ၊ စိတ်ဓာတ်နှင့် ပြည်သူ


သီအိုဇော် - အောင်ပွဲ၊ စိတ်ဓာတ်နှင့် ပြည်သူ

(မိုးမခ) ဒီဇင်ဘာ ၁၉ ၊ ၂၀၂၃


တိုက်ပွဲတခုရဲ့ အလှည့်အပြောင်းအတွက် စိတ်ဓာတ်အင်အား အရေးပါပုံကို အားလုံးက လက်ခံထားကြပြီးသား ဖြစ်ပါတယ်။ အောင်နိုင်မှုရလဒ်များက မတူညီတဲ့ အကြောင်းအချက်များပေါ် အရင်းခံနိုင်ပေမယ့် စစ်အင်အား မပြည့်စုံသူတို့ဘက်က အနိုင်ရသွားကြတဲ့အခါမျိုးမှာတော့ တိုက်ပွဲဝင်စိတ်ဓာတ် ကွာခြားကြပုံကို ပိုအာရုံစိုက် ပြောဆိုစရာ ဖြစ်လာပါတယ်။

၂၀၂၁ ခုနှစ် ဩဂုတ်လအတွင်းက အမေရိကန်နဲ့ အနောက်အုပ်စု လက်နက်ငွေကြေး ပုံအောပြီး ကျောထောက် နောက်ခံပေးထားခဲ့တဲ့ အာဖဂန်အစိုးရ ပြုတ်ကျသွားခဲ့ရတဲ့ အဖြစ်အပျက်ကို မှတ်မိကြပါလိမ့်ဦးမယ်။ ဒါနဲ့ပတ်သက်ပြီး အများအပြား ပြောဆိုရေးသားခဲ့ကြပြီးသား ဖြစ်ပါတယ်။

အဲဒီထဲကမှ နယူးယောက်တိုင်းမ်မှာ ဒေးဗစ်ဇူ ခီနို (David Zucchino)သုံးသပ်ခဲ့တဲ့ ဆောင်းပါး‌ဟောင်းတပုဒ်က အချက်အလက်များကို အရင်ဆုံး ပြန်ကိုးကားလိုပါတယ်။

သူဟာ ပူလစ်ဇာဆုကို ၁၉၈၉ ခုနှစ်နဲ့  ၂၀၂၁ ခုနှစ်မှာ Feature Writing နဲ့ General Non-Fiction ကဏ္ဍတွေအတွက် နှစ်ကြိမ် ရရှိခဲ့ဖူးသလို သူ့ရဲ့ဂျာနယ်လစ် သက်တမ်းတလျှောက် နောက်ထပ်လေးကြိမ် နောက်ဆုံး ဆန်ခါတင် စာရင်းထဲ ပါခဲ့ဖူးသူ ဖြစ်ပါတယ်။ သူ ရေးတဲ့ သတင်းဆောင်းပါးများအတွက် နိုင်ငံပေါင်း ၃၆ နိုင်ငံထက်မနည်း ကိုယ်တိုင်သွားရောက်ပြီး အချက်အလက်များ စုံစမ်းစုဆောင်းခဲ့သူ တဦးအဖြစ်လည်း လူသိများပါတယ်။ အဲဒီထဲမှာ သူ အကြိမ်ကြိမ် သွားခဲ့ဖူးတဲ့ အာဖဂန်နစ္စတန်လည်း ပါဝင်ပြီး ပြုတ်ကျခါနီး အာဖဂန်အစိုးရ နောက်ဆုံး ဗီဇာထုတ် ပေးခံရသူတွေထဲမှာ သူတယောက် အပါအဝင်လို့ ပြောခဲ့ဖူးပါတယ်။ ဒီလို အားထုတ် ရေးသားတတ်မှုများကြောင့် အာဖဂန်နစ္စတန်နဲ့ ပတ်သက်တဲ့ သူ့ရဲ့ အမြင်တွေအပေါ် အလေးအနက် ထားကြပါတယ်။

အနောက်အုပ်စုရဲ့ လေ့ကျင့်ပံ့ပိုးမှုများစွာ ရရှိခဲ့တဲ့ အာဖဂန်အစိုးရတပ်ဖွဲ့တွေက တာလီဘန်တို့ကို အလွယ်တကူ အညံ့ခံသွားစေကြရတဲ့ အကြောင်းရင်းများကို သူ့ဆောင်းပါးထဲမှာ ခြုံငုံဖော်ပြထားပါတယ်။ ဒီပြဿနာတွေကို နံပါတ်စဉ်တပ် ဖော်ပြပေးရရင် (၁) တပ်ပြေး ပေါများခြင်း၊ (၂) လူသစ်မစုဆောင်းနိုင်ခြင်း၊ (၃) တိုက်ပွဲဝင်လိုသည့် စိတ်ဓာတ်နည်းပါးလာခြင်း (၄)တပ်မှူးများက လစာငွေကြေးနှင့် ပစ္စည်းများကို ခိုးယူသုံးစွဲခြင်းတို့ ဖြစ်ပါတယ်။ ဒီအချက်တွေကို တွေ့လိုက်တာနဲ့ တထပ်တည်းကျနေပါလား ဆိုတဲ့အတွေး ခေါင်းထဲ ပြေးဝင်လာနိုင်ပါတယ်။

တိုက်ပွဲတပွဲလောက် ရှုံးနိမ့်သွားတာနဲ့ ကောက်ချက်ချ မစောမိစေဖို့ လိုအပ်ပေမယ့် တပွဲပြီးတပွဲ၊ တတပ်ပြီးတတပ် အလားတူဖြစ်ရပ်တွေ ဆက်တိုက်ကြုံလာရင်တော့ အရင်းခံ အကြောင်းအရာတွေကလည်း နီးစပ်တယ်လို့ ဆိုရပါမယ်။

ဒီဆောင်းပါးမှာ အဓိက အသားပေး ရေးသားလိုတာကတော့ တိုက်ပွဲဝင် စိတ်ဓာတ်အင်အားနဲ့ ဘယ်အရာတွေက အဲဒီလိုစိတ်ဓာတ် ဖြစ်ပေါ်စေဖို့အတွက် အရေးကြီးတယ်ဆိုတဲ့ အကြောင်းကိုပါ။

စစ်ပွဲမှာ အဲဒီစိတ်ဓာတ်အင်အား ပိုင်ဆိုင်ထားနိုင်ဖို့က စစ်တပ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ အင်အားပြည့်ဝခြင်းထက် ၃ ဆပို အရေးကြီးတယ်လို့ နပိုလီယန် က ပြောခဲ့ဖူးပါတယ်။ ကိုယ့်တပ်ဖွဲ့တွေရဲ့ စိတ်ဓာတ်တက်ကြွ ထက်သန်နေမှုက ဘယ်လောက်အရေးပါတယ် ဆိုတာကို သူက မီးမောင်းထိုးပြလိုက်တာပဲ ဖြစ်ပါတယ်။

ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ် နှစ်ခုလုံးမှာ ပါဝင်တိုက်ခိုက်ခဲ့ပြီး The Art of Modern Warfare ဆိုတဲ့ စစ်ကျမ်းကို ရေးခဲ့သူ ဂျာမန်စစ်ဗိုလ်ချုပ် Hermann Foertsch ကတော့ စစ်ပွဲ အနိုင် အရှုံးအတွက် အဆုံးအဖြတ်က စစ်လက်နက်ကိရိယာတွေ၊ အသုံးချပုံ အသုံးချနည်းတွေ၊ မဟာဗျူဟာ နည်းဗျူဟာတွေပေါ် မူတည်မနေဘဲ စိတ်ဓာတ်အင်အားပေါ်မှာသာ မူတည်တယ်လို့တောင် ဆိုခဲ့တာပါ။

ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန (ဝှိုက်ဟော-လန်ဒန်)ရှေ့မှာ ကြေးရုပ်စိုက်ထူ ဂုဏ်ပြုခံရတဲ့ ဖီးလ်မာရှယ် မောင့် ဂိုမာရီ (Field Marshal Viscount Montgomery) ကတော့ အထူးတလည် မိတ်ဆက်ပေးဖို့ မလိုတဲ့ နာမည်ကျော် ဗြိတိသျှ စစ်ဗိုလ်ချုပ်ကြီးတဦး ဖြစ်ပါတယ်။ သူကလည်း စိတ်ဓာတ်ကသာလျှင် စစ်ပွဲအတွက် အရေးအကြီးဆုံး တ ခုတည်းသော အရာလို့ ပြောခဲ့ဖူးပါတယ်။

ခေါင်းဆောင်မှု၊ စည်းကမ်း၊ ရဲဘော်ရဲဘက်စိတ်၊ မိမိကိုယ်ကိုယ် လေးစားမှုတို့ မရှိခဲ့ရင်လည်း စိတ်ဓာတ်အင်အား မြင့် မားတက်ကြွမှု ရှိနိုင်မှာမဟုတ်ဘူးလို့ သူက ဆိုထားပါတယ်။

ဒါဟာ အထူးဂရုပြုရမယ့် အချက်တွေ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာကောင်းတဲ့ သူ့ရဲ့ မှတ်ချက်တခုကိုလည်း ထပ်မံဖော်ပြလိုပါတယ်။

လူမကြိုက်မနှစ်သက်တဲ့ စစ်ပွဲကို ဘယ်နိုင်ငံကမှ မဆင်နွှဲနိုင်ဘူး၊ ဒီမိုကရေစီဆိုတာက သူ့နိုင်ငံသားအများစုရဲ့ ဆန္ဒကို မဆန့်ကျင်နိုင်တဲ့အတွက် စစ်ပွဲဟာ ပြည်သူလူထု လက်ခံမှုရှိရမယ်လို့ ပြောထားတာပါ။ ပြည်သူ မထောက်ခံတဲ့စစ်ဟာ အောင်မြင်ဖို့လမ်းမရှိဘူးလို့လည်း အဓိပ္ပာယ်ကောက်ယူနိုင်ပါတယ်။

သူကပဲ စစ်သားတယောက်ရဲ့ စိတ်ဓာတ်အင်အားကို သိသိသာသာ မြှင့်တင်ပေးနိုင်ဖို့ဆိုရင် သူ့ရဲ့လုပ်ရပ်တွေအပေါ် ချီးကျူးအားပေးမှုကို ထိုသူကိုယ်တိုင်က သိမြင်ခံစားမိဖို့ လိုတယ်လို့ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဒီအရာတွေဟာ သူ့ရဲဘော်ရဲဘက်များနဲ့ အရာရှိများဆီကချည်း လာတာသက်သက်မဟုတ်ဘဲ တကမ္ဘာလုံးဆီက ရရှိဖို့လိုအပ်တာလို့လည်း ရှင်းလင်းထားပါတယ်။

အထက်ဖော်ပြပါ အချက်တွေကို ပြန်ချုပ်ကြည့်ရရင် စစ်ပွဲတပွဲအတွက် စိတ်ဓာတ်အင်အားက တကယ့်ကို အခရာကျပြီး အဲဒီစိတ်ဓာတ်အတွက် ပြည်သူများရဲ့ ထောက်ခံမှု၊ နိုင်ငံတကာရဲ့ ဝန်းရံမှုတို့ကလည်း အလွန်အရေးကြီးတယ်ဆိုတာ သိသာထင်ရှားပါတယ်။ ဒါတွေဟာ နွေဦးတော်လှန်ရေးဘက်ခြမ်းနဲ့ ဆန့်ကျင်ဘက်ခြမ်းကြားက ခြား နားချက်များကို သရုပ်ခွဲဖော်ပြပေးထားတဲ့ ကမ္ဘာကျော် စစ်ခေါင်းဆောင်တွေရဲ့ အဆိုအမိန့်များလို့တောင် ရှုမြင်နိုင်ပါတယ်။

ချောင်းနှစ်ခွ တိုက်ပွဲအတွင်း လက်နက်ချခဲ့ကြသူများနဲ့ အင်တာဗျူးကို PVTV မှာ ကြည့်လိုက်ရပါတယ်။

နောက်ပိုင်းမှာ သူတို့ စိတ်မပါကြတော့သလို၊ ပြည်သူလူထုဆီက သတင်းအချက်အလက် မရရှိတာ၊ ထောက်ခံမှုများ မရတော့တာတို့ကလည်း တိုက်တိုင်း ရှုံးနိမ့်လာရမှုတွေအတွက် အဓိကအချက်များ ဖြစ်တယ်လို့ ဖြေခဲ့တာကို သတိ ထားမိပါတယ်။ အောင်ပွဲ၊ စိတ်ဓာတ်နဲ့ ပြည်သူများရဲ့ အခန်းကဏ္ဍ ဆက်စပ်မှုတွေကို လက်တွေ့ သက်သေပြလိုက်ခြင်းပါပဲ။

မြင့်မြတ်တဲ့ ရည်ရွယ်ချက်တွေနဲ့ သမိုင်းအမွေအနှစ်ကောင်းကို နိုင်ငံသစ်နဲ့ မျိုးဆက်သစ်များအတွက် ချန်ထားရစ်နိုင်ဖို့ ရဲဝံ့စွာ တော်လှန်တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေး အင်အားစုများဘက်ကတော့ ပြည်တွင်း ပြည်ပ ထောက်ခံမှုများ အုံနဲ့ကျင်းနဲ့ ရရှိနေတာက ငြင်းပယ်လို့ မရတဲ့အချက်ပါ။ ဒါတွေဟာ စိတ်ဓာတ်အင်အား မြင့်တက်‌စေဖို့ တွန်းအားဖြစ်စေသလို ဒီလိုစိတ်ဓာတ်အင်အား ပိုင်ဆိုင်ကြသူများနဲ့ယှဥ်ပြီး ရည်ရွယ်ချက်ကင်းမဲ့စွာနဲ့ လက်တဆုပ်စာ စစ်ခေါင်းဆောင်များ အာဏာဆုပ်ကိုင်ထားနိုင်ဖို့အတွက် စတေးခံနေကြရသူများက ရေရှည် ရင်ဆိုင် တိုက်ပွဲဝင်နိုင်ကြမှာ မဟုတ်တာကတော့ သေချာပါတယ်။

ဒီရက်ပိုင်းမှာ တိုက်ပွဲအတွင်းမှာပဲ ရာထူးကသောကမြော တိုးပေးလိုက်တာ၊ စစ်အာဏာရှင်စနစ်ကို အသေခံကာကွယ်ပေးခဲ့သူများကို ဘွဲ့တံဆိပ်တွေ ချီးမြှင့်ခဲ့တာတို့ဟာ တိုက်ချင်ခိုက်ချင်စိတ်တွေ မြင့်တက်လာစေဖို့ ဖန်တီး ကြိုးပမ်းမှုတခုအနေနဲ့ တွေ့ကြရမှာပါ။ စစ်တပ်တွေမှာ အသုံးပြုလေ့ရှိတဲ့ မက်လုံးအခြေပြု စည်းရုံးခြင်းမျိုးပါပဲ။ ဒါကို Extrinsic motivationလို့ သတ်မှတ်ကြပါတယ်။

တကယ်ကတော့ စစ်သားတယောက်အတွက်က Intrinsic motivation လို့ ခေါ်တဲ့ ပင်ကိုစိတ်အားတက်ကြွနေမှု၊ တိုက်ခိုက်လိုစိတ် ရှိနေမှုကသာ ပိုအရေးကြီးတာပါ။။

အနောက်နိုင်ငံတွေက ခေတ်မီလက်နက်ကိုင်တပ်ဖွဲ့တွေအတွက် လူသစ်ရွေးချယ် ခန့်အပ်ကြတဲ့အခါ Intrinsic motivation ကိုသာ ပိုတန်ဖိုးထားတတ်ကြပါတယ်။

ဒါဟာလည်း ခိုင်မာတဲ့ အကြောင်းအချက်တွေ ရှိပါတယ်။ အဲဒီထဲက တချက်ကို ကောက်နုတ်ပြရရင် နာမည်ကြီး စိတ်ပညာဂျာနယ်ဖြစ်တဲ့ Psychological Bulletin မှာ ဖော်ပြထားတဲ့၊ နှစ် ၄၀ ကျော်အတွင်း သုတေသနပြုစာတမ်း ရေးထားကြတာများကနေ ထပ်မံခွဲခြမ်းစိတ်ဖြာ ကောက်ချက်ချထားတာက Intrinsic motivation ရှိသူများက ပိုပြီး စွမ်းဆောင်နိုင်ရည်ရှိတယ် ဆိုတဲ့အချက် ဖြစ်ပါတယ်။

ဒီအချက်ဟာ အဆန်းတကြယ် တွေ့ရှိချက်တော့ မဟုတ်ပါဘူး၊ ယေဘုယျ လက်ခံထားကြပြီးသား အချက်ကို စနစ်တကျ သရုပ်ခွဲလေ့လာထားမှုနဲ့ ထပ်ဆင့်အတည်ပြုပေးလိုက်ခြင်းမျိုးပါပဲ။

နိုင်ငံတကာက လက်ခံထားကြတဲ့ စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျတဲ့ စိတ်ဓာတ်အင်အားကို ပိုင်ဆိုင်ထားမှုဟာ အခုတိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးအင်အားစုများရဲ့ အားသာချက် ဖြစ်ပါတယ်။

ဝယ်ယူလို့ မရ၊ ဟန်ပြဖန်တီးလို့ မရတဲ့ ဒီအားသာချက်ကို ဗဟိုပြုပြီး လိုအပ်ချက်များကို ဆက်လက်ဖြည့်တင်းကြရမှာပါ။

၃ နှစ်ဆိုတဲ့ အချိန်ကာလဟာ မနည်းလှပေမယ့် တော်လှန်ရေးတရပ်အတွက်တော့ ကြာရှည်လွန်းတယ်လို့ မဆိုသာပါဘူး။ ၂၀၂၃ ခုနှစ်ဟာ နွေဦးတော်လှန်ရေးကို အောင်မြင်မှုတွေနဲ့ အဆုံးသတ်နိုင်မှာ သေချာတယ်ဆိုတဲ့ ယုံကြည်ချက်ကို ပိုမိုခိုင်မာလာစေခဲ့တဲ့ ခုနှစ်တခုလည်း ဖြစ်ပါတယ်။

လမ်းမှန်ပေါ်မှာ လမ်းကြောင်းဖြောင့်ဖြောင့် ဆက်လျှောက်သွားနိုင်ဖို့ အတွက်ကတော့ တိုင်းရင်းသား သွေးချင်း ပြည်သူတဦးချင်းစီ၊ အစုအဖွဲ့တခုချင်းစီက စည်းလုံးညီညွတ်စွာနဲ့ ရင့်ကျက်မှုရှိရှိ၊ အပြန်အလှန် နားလည်မှုရှိရှိ ကိုယ့်ကျရာအခန်းကဏ္ဍကနေ အရှိန်တိုးမြှင့် ပါဝင်နိုင်မှုအပေါ်မှာပဲ မူတည်ပါလိမ့်မယ်။ ဒါမှလည်း အားလုံး မျှော်လင့်တောင့်တနေကြတဲ့ စစ်အာဏာရှင်စနစ် ကင်းမဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီကို အမြန်ဆုံး ရောက်ရှိနိုင်ကြမှာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar