Tuesday, December 19, 2023

ပြည်တွင်းမှာ စစ်ဘေးရှောင် ဒုက္ခသည် ၂ သန်းခွဲကျော်လာတဲ့ မြန်မာနိုင်ငံ၊ စစ်ပွဲအရှိန်မြင့်လာတာနဲ့ အမျှ ရှင်သန်ဖို့ ခက်ခဲလာနေတဲ့ အခြေအနေ


မြန်မာနွေဦး ခရိုနီကယ် - ဒီဇင်ဘာ ၁၈ မြင်ကွင်း

(မိုးမခ) ဒီဇင်ဘာ ၁၉၊ ၂၀၂၃


ပြည်တွင်းမှာ စစ်ဘေးရှောင် ဒုက္ခသည် ၂ သန်းခွဲကျော်လာတဲ့ မြန်မာနိုင်ငံ၊ စစ်ပွဲအရှိန်မြင့်လာတာနဲ့ အမျှ ရှင်သန်ဖို့ ခက်ခဲလာနေတဲ့ အခြေအနေ

စစ်အာဏာသိမ်းပြီးနောက် လအနည်းငယ်အကြာမှာ လက်နက်ကိုင် ခုခံတိုက်ခိုက်မယ့် လမ်းကြောင်းကို မြို့တွေ ကျေးရွာတွေက အချို့သောလူထုက ရွေးချယ်ခဲ့ကြပါတယ်။ မြို့တွေမှာ အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြတာတွေကို ပစ်ခတ်ဖြိုခွဲပြီးနောက်မှာ ဆန္ဒပြလူငယ်တွေအနေနဲ့ လက်နက်နဲ့ ပြန်တုံ့ပြန်မယ့် နည်းလမ်း၊ တနည်းအားဖြင့် လက်နက်ကိုင် ခုခံတော်လှန်မယ့် လမ်းကြောင်းကို အခြေအနေကတွန်းပို့လိုက်သလို ဖြစ်စေခဲ့ပြီး စစ်အာဏာရှင်စနစ်ကို လက်နက်နဲ့ တိုက်ခိုက်ဖယ်ရှားဖို့ ရေစီးဖြစ်လာခဲ့တာပါ။ အာဏာသိမ်းတဲ့ စစ်တပ်ကို စစ်ရေးနည်းလမ်းနဲ့ ဖယ်ရှားမယ်လို့ ဆုံးဖြတ်လိုက်တဲ့နောက် မြို့တွေ နယ်တွေ ကျေးလက်တွေက လူငယ်တွေ ထောင်သောင်းချီ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဆီ သွားရောက်ကြပြီး စစ်ရေးသင်တန်း၊ ဖောက်ခွဲရေး သင်တန်း၊ မြို့ပေါ်မှာ စစ်ကောင်စီတပ်တွေကို လုပ်ကြံပစ်ခတ်မယ့် လက်နက်ငယ် သင်တန်းတွေကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေထံက သင်ယူပြီး မြို့ပေါ် မှာ မြေအောက်လှုပ်ရှားမှုနဲ့ တိုင်းရင်းသား လက်နက်ကိုင်ဒေသတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အဖြစ်နဲ့သော်လည်းကောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ အမိန့်ပေးမှု အောက်က စစ်ကြောင်းတွေမှာသော်လည်းကောင်း ဝင်ရောက်ပြီး စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ဖို့ လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။

၂ နှစ်ကျော် ၃ နှစ်နီးပါး လက်နက်ကိုင်ကာ ခုခံတော်လှန်ရေး ဆင်နွှဲလာကြရာမှာ လက်ရှိအနေအထားမှာ နယ်မြေ အများအပြားကို စစ်ကောင်စီတပ်က ထိန်းချုပ်စိုးမိုးထားနိုင်တဲ့ အနေအထားမဟုတ်တော့သလို တော်လှန်ရေး တပ်ဖွဲ့တွေဘက်ကလည်း လုံးလုံး ထိန်းချုပ်အုပ်ချုပ်နိုင်တဲ့ အနေအထားမဟုတ်သေးတာ တွေ့ရပါတယ်။ လက်နက်ကိုင်တိုက်ပွဲတွေ ကျယ်ပြန့်လာတာနဲ့ အမျှ စစ်ဘေးရှောင် ဒုက္ခသည်တွေ အရေအတွက် မြင့်တက်လာတာဖြစ်ပြီး ဆက်သွယ်ရေးလမ်းကြောင်းတွေကို ဟိုဘက်သည်ဘက်က ပိတ်ဆို့တာ၊ ဖြတ်လေးဖြတ် အနေနဲ့ စစ်ကောင်စီဘက်က လုပ်ဆောင်တာ၊ စစ်ရေး ပစ်မှတ်လို့ သတ်မှတ် တိုက်ခိုက်ရာမှာ လက်နက်ကိုင် အဖွဲ့တွေရဲ့ အခြေစိုက်တဲ့နေရာတွေတင်မကပဲ ထောက်ခံတယ်လို့ ယူဆတဲ့ အရပ်သားတွေ နေထိုင်ရာ မြို့တွေ ရွာတွေကိုပါ လက်နက်ကြီးတွေ အမြှောက်တွေနဲ့ ပစ်ခတ်တာ၊ လေကြောင်းက ပစ်ခတ်တာ ဗုံးကြဲတာတွေရဲ့ အကျိုးဆက်အနေနဲ့ စစ်ဘေးတိမ်းရှောင်သူ အရေအတွက်က သန်းနဲ့ချီမြင့်တက်ခဲ့တာ ဖြစ်ပါတယ်။ 

စစ်အာဏာမသိမ်းမီက ၉ သိန်းလောက်ရှိတဲ့ အရေအတွက်ကနေ နှစ်နှစ်ခွဲကျော်အတွင်း ၁ သန်းကျော် ထပ်မံမြင့်တက်လာတာ ဖြစ်ပါတယ်။ ဒီအရေအတွက်က ပြည်တွင်းက စစ်ဘေးရှောင် အရေအတွက်သာ ဖြစ်ပြီး စစ်အာဏာမသိမ်းမီကတည်းက ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေကြတဲ့ ၁ သန်းနီးပါးမျှသော ရိုဟင်ဂျာစစ်ဘေးရှောင်တွေ မပါဝင်သေးတဲ့ ကိန်းဂဏန်းဖြစ်ပါတယ်။ တိုင်းပြည်ပြင်ပက စစ်ဘေးရှောင် ဒုက္ခသည်တွေပါ ပေါင်းလိုက်ရင် စုစုပေါင်း ၃ သန်းခွဲကျော် ရှိနေမှာ ဖြစ်ပြီး မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ စစ်ဘေးရှောင် အများဆုံးနိုင်ငံတွေထဲ ပါဝင်နေတဲ့ နိုင်ငံဖြစ်လာနေတာလည်း ဖြစ်ပါတယ်။ သန်း ၅၀ ကျော်ရှိတဲ့ လူဦးရေ ရဲ့ ၃ သန်းခွဲကျော်က စစ်ဘေးရှောင်နေရတဲ့ မြန်မာနိုင်ငံအခြေအနေဟာ ဖွံ့ဖြိုးဖို့ ထက် အသက်ရှင်သန်နေထိုင်ဖို့ ပိုမိုခက်ခဲလာနေတဲ့ နိုင်ငံတနိုင်ငံဖြစ်နေပြီး သန်းနဲ့ချီတဲ့ စစ်ဘေးရှောင်တွေကို ကူညီဖို့ ကမ္ဘာကြီးက အဆင်သင့်ရှိ မနေတာလည်း တွေ့ရမှာဖြစ်ပါတယ်။ 

ယူကရိန်းလို ရုရှားရဲ့ ကျူးကျော်စစ်ကို ခုခံတိုက်ခိုက်နေတဲ့ နိုင်ငံမျိုးမှာ စစ်ဘေးရှောင်သူ သန်း နဲ့ချီရှိတာမှန်ပေမယ့် ယူကရိန်း အရေးက ဥရောပနိုင်ငံတွေ အားလုံးက ၄င်းတို့ဥရောပ ရဲ့အရေး သဖွယ်မှတ်ယူကာ တက်တက်ကြွကြွ ကူညီပေးကြတာမျိုးဖြစ်ပါတယ်။ မြန်မာနိုင်ငံလို အရှေ့အလယ်ပိုင်း နိုင်ငံတချို့လိုမှာ ဖြစ်ပွားတဲ့ စစ်ဘေးရှောင်အရေးကိစ္စတွေရဲ့ သက်ရောက်မှုထက် ဥရောပနိုင်ငံထဲပါဝင်နေတဲ့ ယူကရိန်းရဲ့ သက်ရောက်မှုက အနောက်ဥရောပနိုင်ငံတွေအပေါ်  ကြီးမားတာကို နားလည်သဘောပေါက်ထားကြပြီး အင်တိုက်အားတိုက် ကူညီကြပေမယ့် မြန်မာ့နိုင်ငံလို အရေးကိစ္စမှာတော့ နိုင်ငံတကာ အကူအညီကို အများကြီး မျှော်လင့်ထားလို့ မရတဲ့ အနေအထားလည်းဖြစ်ပါတယ်။ 

၆ နှစ်ကျော်လာပေမယ့် မဖြေရှင်းနိုင်သေးတဲ့ ရိုဟင်ဂျာအရေးကိုကြည့်ရင် ရခိုင်ပြည်နယ်ထဲမှာရော၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှာပါ  ရိုဟင်ဂျာ ဒုက္ခသည်တွေ အနေနဲ့ ရရှိတဲ့ ရိက္ခာခွဲတမ်းဟာ တနှစ်ထက်တနှစ် လျော့နည်းလာနေတာ ဖြစ်ပါတယ်။ တလကို ၁၂ ဒေါ်လာ အထက်ရရှိရာကနေ ၁၀ ဒေါ်လာ အခုအခါ ၈ ဒေါ်လာလောက်ထိ လျော့နည်းလာနေပြီး အသက်ရှင်သန်ဖို့ ခက်ခဲလာနေတာလည်း ဖြစ်ပါတယ်။ ပြည်တွင်းမှာလည်း ရခိုင်ပြည်နယ်ထဲက ဒုက္ခစခန်းတွေအနေနဲ့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် တခုလုံးကို ဖြတ်လေးဖြတ် လုပ်ထားတာကြောင့် အသက်ရှင်သန် နေထိုင်ရေး အတွက် စိုးရိမ်စရာ အနေအထားရောက်လာနေတယ်လို့ သတင်းတွေထဲ တွေ့နေရတာ ဖြစ်ပါတယ်။ 

အခုလို ရခိုင်ပြည်နယ်က စစ်ဘေးရှောင် ဒုက္ခသည် သတင်းတွေ အပြင်၊ ကရင်နီပြည်နယ်က ဒုက္ခသည်တွေ၊ ရှမ်းမြောက်က ဒုက္ခသည်တွေ၊ စစ်ကိုင်းတိုင်းက ဒုက္ခသည်တွေရဲ့ အနေအထားတွေကလည်း အခက်အခဲအမျိုးမျိုးနဲ့ အသက်ဘေး အန္တရာယ် ကျရောက်မှု အဖုံဖုံရှိကြတာဖြစ်ပါတယ်။ ရှမ်းမြောက်မှာ မကြာခင်လပိုင်းက စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ နောက်ပိုင်း ယခင်က စစ်ဘေးရှောင်ကြရလိမ့်မယ်လို့ မျှော်လင့်မထားတဲ့ မြို့တွေရွာတွေ အများအပြား စစ်ဘေးတိမ်းရှောင်ကြရတာ ဖြစ်ပါတယ်။ 

သိန္နီ၊ ကျောက်မဲ၊ သီပေါ၊ နမ့်ခမ်း၊ မူဆယ်၊ နောင်ချိုတို့လိုမြို့တွေအထိ စစ်ဘေးရှောင်နေကြရသလို ကရင်နီပြည်နယ်မှာ ပြည်နယ်မြို့တော် လွိုင်ကော်ကို မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲလာပြီးနောက်မှာ မြို့ခံ သောင်းနဲ့ချီ ရှမ်းပြည်နယ်တောင်ပိုင်းကို တိမ်းရှောင်နေကြရသလို မြန်မာနိုင်ငံတောင်ပိုင်းမှာလည်း ကော့ကရိတ်မြို့ခံ အများအပြား စစ်ဘေးရှောင်နေကြရတာ ဖြစ်ပါတယ်။ 

အလားတူ တနင်္သာရီတိုင်းမှာလည်း ထောင်သောင် နဲ့ချီတဲ့ စစ်ဘေးရှောင်တွေ ဒေသအတွင်းမှာပဲ တိမ်းရှောင်နေကြတာ ဖြစ်ပါတယ်။ အခုအခါမှာတော့ စစ်ဘေးရှောင်ပြဿနာဟာ ကျေးလက်တွေက ပြဿနာတင်မဟုတ်တော့ပဲ မြို့တွေ၊ ပြည်နယ်မြို့တော်တွေလို အထိ ရောက်ရှိလာနေပြီး ပြည်နယ် တခုလုံးကို ဖြတ်တောက်ပိတ်ဆို့ခံထားရတဲ့ ရခိုင်ပြည်နယ်လိုပြည်နယ်မှာ ပိတ်ဆို့ခံရမှုနဲ့ စစ်ဘေးရှောင်ရတာကို တပြိုင်နက်တည်း ရင်ဆိုင်နေကြရတဲ့ အခြေအနေလည်း ဖြစ်လာနေတာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar