Tuesday, December 19, 2023

လေခဏီ - ဒို့အတွက် မနက်ဖန်


လေခဏီ - ဒို့အတွက် မနက်ဖန်

(မိုးမခ) ဒီဇင်ဘာ ၁၉ ၊ ၂၀၂၃


တကယ်တမ်းတော့ စစ်အုပ်စုကို မိတ်ဆွေအဖြစ် ဘယ်သူမှ ယုံစားထားကြသည် မဟုတ်။

နွေဦးတော်လှန်ရေးကို အဆုံးသတ်လိုက်ဖို့က ဝနဲ့ မိုင်းလား၊ ရှမ်းနဲ့ မွန်သာ ကျန်တော့သည်။

ဝနဲ့ မိုင်းလား ကစားလိုက်ရင် ရှမ်းရှေ့ ကျိုင်းတုံစစ်ဌာနချုပ် ငုတ်ပျောက်၍ ရှမ်းကန်ရင်တော့ ခိုလန်စစ်ဌာနချုပ် မလှုပ်နိုင်ဘဲ စစ်ပွဲနိဂုံး အဆုံးသတ်ရုံသာ။

ကျားဖြန့်ပယ်မိသားစုကို MNDAAက တရုတ်လက် အပ်လိုက်ရင်တော့ တရုတ်၏ သံတမန်ဆက်ဆံရေးတွင် စကစ အခန်းကဏ္ဍ ရှိတော့မည် မဟုတ်။ သို့ဆိုလျှင် ဣန္ဒိယလည်း နွေဦးကို တံတားထိုးတော့မည်။ အာဆီယံတွင်လည်း အညာသီယံနှင့် နိုင်ငံတော်သစ်တွေပါ အဖွဲ့ဝင်တိုးလာတော့မည်။ အမေရိကကတော့ NDAA အက်နှင့် လက်ဆက်ထားပြီးသား။ ဥရောပနှင့်ကလည်း ကူးလူးဆက်ဆံ ပရိုဂရမ်များစွာ လျာထားပြီးသား။

ရွက်ဝါတွေကျဉ် ရွက်ကျဉ်တွေဝါ ရွက်သစ်တချို့ပါဖြာနေသော ဒီအေးခဲဆောင်းကိုကျော်လျှင် နွေဦးသည် အထူးထူးသောပုံရိပ်တို့ဖြင့် ရွန်းဖိတ်တောက်ပ လှချင်တိုင်းလှနေတော့မည်မှာဧကန်။ 

မကြာခင် ရှမ်းမြောက်စစ်ဌာနချုပ်ကို အမြောက်ဖြင့်ထုတော့မည်။ မြန်ပြည်တဝှမ်းက စစ်ဌာနချုပ်တိုင်းကို မိတ်အင်နွေဦး လက်နက်ထူးတို့ဖြင့် စိတ်ကူးရှိသလောက် ချီးမြှောက်ကြတော့မည်။ နိုင်ငံသစ်တို့၌ အလံသစ်တို့ လေကစားနေကြပြီ။ ကိုယ့်တိုင်းကိုယ့်ပြည် ကိုယ့်ချစ်မိတ်ဆွေတို့ဖြင့် လက်ရေတပြင်စီး ခရီးသစ် စကြတော့မည်။ ဧည့်စာရင်းမလို ဘယ်ခိုခို ဘယ်နားနား ဘယ်စားစား တိမ်ကြားကနေပင်လယ်ထိ ပင်လယ်ကနေ မြစ်ဖျားတိုင် နွေဦးလက်ဖျံတွေ ပျံသန်းကြတော့မည်။

လူမိုက်ကင်းစင် မြန်ပြည်တခွင်၊ ဥက်ကြီးကင်းစင် မြန်ပြည်တခွင်၊ စစ်ငွေ့မသန်း မြန်ပြည်တဝှမ်း၊ တပ်ပိုင်မြေကင်း ဒို့ပြည်တွင်း၊ လက်နက်ကိုင်ပျောက် ဘတ်ခွပျောက်၍ လူလဲငြိမ်းချမ်း ငှက်လဲကျန်းမာ ပြည်မြန်မာ၊ ဝါးတားဂိတ်နှင့် စိုးထိတ်မနှောင့် သက်သောင့်သက်သာ ပြည်မြန်မာဆိုသည့် အရသာမျိုးစုံနှင့် ကြိုးခုန်ရတော့မည်။

တီးရင်းဆိုရင်း ငြင်းခုံဆွေးနွေး၊ တွေးရင်း ငေးရင်း ကလိုက် ပျော်လိုက်၊ သောက်ရင်း စားရင်း အမြင်ချင်းလှယ်၊ ရယ်ရင်း ငိုရင်း သူငယ်ချင်းက သောကဖြေလျော့၊ စိုးမိုးလိုခြင်း အချင်းချင်း ကင်းဝေးစေ၊ လူလည်ကျခြင်း ညစ်သိုးဖျင်း ကင်းစင်စေ၊ အသိအမှတ်ပြု ကောင်းမှုအတူ ဖြူဖြူကြည်ကြည် ပြည်ထောင်တွေ ထူထောင်နေကြတော့မည်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar