ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - နွေဦးကာချင်း
(မိုးမခ) ဒီဇင်ဘာ ၁၉ ၊ ၂၀၂၃
စခန်း စခန်း ဘာစခန်းလဲ အကြမ်း အဇမ်း ထိုးလော၊ တအာင်း တအာင်း။
ညီနောင်သုံးဖော် လက်တွဲဆော်သည် တော်လှန် အောင်ကြောင်းလော၊ အောင်ကြောင်း အောင်ကြောင်း။
တအာင်းနိုင်ငံ ပေါ်ထွန်းရန်သည် အမှန်ဖြစ်ကြောင်းလော၊ ဖြစ်ကြောင်း ဖြစ်ကြောင်း။
ရခိုင်ပြည်လည်း နိုင်စည်ယွန်းသံ တညံညံသည် မိုးယံမြည်ဟိန်းလော၊ မြည်ဟိန်း မြည်ဟိန်း။
ဖုန်ကြားရှင်တို့ နန်းရင်ပြင်ကား ဆင်လျှင်နင်းကောင်းလော၊ နင်းကောင်း နင်းကောင်း။
ကရင်နီပြည် ထူးထွေအံ့ရာသား။
တူမီးမြေကား အားမာန်ခိုင်ကျည်ထွား။
ဒူးဝါးကြီးနှင့် ဖထီးတို့အား တော်လှန်မဏ္ဍိုင် ခိုင်စေသား။
တနင်္သာရီ ထီစေ မြည်စေမနား။
စစ်ကိုင်းမကွေး သွေးပီစွေးနီသား။
ရန်ကုန် ပြန်ဆုံမယ်နေ့များ။
မန်းလေး အလှမ်းမဝေးခြား။
အညာ အကျေ တောင်တန်းမြေတလွှား တိုင်းငယ်နိုင်ငံပွား။
တော်လှန်ရေးသည် သွေးချင်းညီနောင်လား၊ ညီနောင် ညီနောင်။
တော်လှန်ဆင့်ဆင့် ပန်းတိုင်းပွင့်သည် ကြိုင်သင့်မွှေးကြူလော၊ မွှေးကြူ မွှေးကြူ။
မြို့ရွာပတ်လည် တပ်တည်ထောင်ချထား။ စစ်ခွေးလာသည် ရိုင်ရိုင်လော၊ ရိုင်ရိုင်။
ဒေါ့ဗုံးရွာသည် ဖြိုင်ဖြိုင်လော၊ ဖြိုင်ဖြိုင်။
လင်းပြင်ပြည့်မျှ၊ ငှက်လင်းတ၊ လတိုင်း ရက်တိုင်းလော၊ လတိုင်း ရက်တိုင်း။
စစ်ခွေး ရဲခွေး ပျူခွေးသောင်းထောင် ဘယ်လိုဟောင်လဲ၊ မနိုင် မနိုင်။
ဟောင်ဝစ်ဇာနှင့် ပစ်ကာထုသော်လည်း ထုသော်လည်း။
လေတပ်ဗုံးကြဲ ကြဲသော်လည်း ကြဲသော်လည်း။
သံချပ်ကာတက် စစ်ကူဖက်၍ လက်နက်ကြီးစုံ ချက်ကုန်ဆော်သော်လည်း ဆော်သော်လည်း။
ကျည်ဆန်မိုးကား ဆည်ကျိုးရွာသော်လည်း ရွာသော်လည်း။
စတန်းဒတ် အာမီသော်လည်း မီသော်လည်း။
အဆင့်၃၇ ရှိချင်လည်း ရှိချင်လည်း။
ခဲယမ်းမကုန် စက်ရုံထုတ်နေလည်း ထုတ်နေလည်း။
ပူတင် အားပေးနေသော်လည်း အားပေးနေေသော်လည်း။
ပေါက်ဖော် ဆွေမျိုးနေသော်လည်း ဆွေမျိုးနေသော်လည်း။
အန်ဂျိုလည်း အန်ဂျို ပေါင်းသင်း၊ ခွန်သွင်း ဆက်နေလည်း ဆက်နေလည်း။
အာဆီယံ ယူအန် တူတန်နေသော်လည်း နေသော်လည်း။
မိုဒီကလျာ သဟာဆွေသော်လည်း ဆွေသော်လည်း။
အာဏာရူး၏ ဘီလူးဆေးချ ဆင်မုန်ထသို့ ပြည်မတောင်တန်း ယုတ်ကန်းမီးတိုက် လုနှိုက်သတ်ဖြတ် မုဒိန်းတပ်ကို မြစ်ဖြတ်သုတ်သင် အပုတ်စင်မှ တိုင်းပြည်လှမည် ဆန္ဒညီ၍ ချီကာ ထွက်လာကြသည်တည်း ထွက်လာကြသည်တည်း။
ဂျင်နရေးရှင်း လက်ချင်းချိပ်ဆက် လက်သီးအားကိုး လူမိုက်မျိုးကို ရိုကျိုးမပြ ပြန်ခံချသည့် ဓမ္မမွန်ထူး နွေဦးတော်လှန်ရေးသည်တည်း တော်လှန်ရေးသည်တည်း။
ERO,PDF ပွေ့ဖက်ပေါင်းကူး နွေဦးသစ္စာ စစ်အာဏာ အမြစ်ဖြတ်သည်တည်း အမြစ်ဖြတ်သည်တည်း။
နွေဦးအဓိဋ္ဌာန် ဖက်ဒရယ်နိုင်ငံတော်သည်တည်း နိုင်ငံတော်သည်တည်း။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar