Breaking News

ကိုသန်းလွင် - ဆဲလ် နှင့် ဂျင်းတို့၏ အလုပ်လုပ်ပုံ

ကိုသန်းလွင် - ဆဲလ် နှင့် ဂျင်းတို့၏ အလုပ်လုပ်ပုံ

(မိုးမခ) ဧပြီ ၃ ၊ ၂၀၂၄


( ၁ ) 

၁၈၈၉ ခုနှစ်က ပြင်သစ်ဆရာဝန် ဖရန်စွာ ဘော့ (Francois Gilbert Vault) သည် တောင်တက်ပြီး အင်ဒီးတောင်တန်းပေါ်မှ ပြန်ဆင်းလာသည်။ သူ၏ လက်မောင်းမှ သွေးကို စုပ်ထုတ်ပြီး မိုက္ကခရိုစကုပ်ဖြင့် စစ်ဆေးသောအခါ အောက်ဆီဂျင်ကို သယ်ဆောင်သည့် သွေးနီဥများသည် ၄၂ ရာခိုင်နှုန်းမျှ ပိုများပြားနေသည်ကို တွေ့ရသည်။ သူသည် ကိုယ်ခန္ဓာ၏ ဆန်းကြယ်သော သတ္တိထူးတစ်ခုကို တွေ့ရှိခဲ့ခြင်း ဖြစ်ပါသည်။ ကိုယ်ခန္ဓာသည် သွေးနီဥများကို လိုအပ်နေချိန်တွင် ပို၍ထုတ်လုပ်ပေးနိုင်ပါသည်။

၁၉၀၀ ပြည့်နှစ်များတွင် သိပ္ပံပညာရှင်များသည် ထိုအဖြစ်ကို ဟိုမုန်းများတွင် တာဝန်ရှိသည်ဟု ယူဆခဲ့ကြသည်။ ၎င်းတို့က ထိုဟိုမုန်းကို erythropoietin ဟု အမည်ပေးခဲ့ကြပါသည်။ ဂရိစကားဖြင့် “အနီကို ပြုလုပ်ပေးသည်” ဟု အဓိပ္ပာယ်ရပါသည်။ နောင်နှစ်ပေါင်း ၇၀ မျှ ကြာသောအခါ ထိုဟိုမုန်းကို လူ၏ ကျင်ငယ်ရေ ဂါလန် ၆၇၀ မျှကို စစ်ထုတ်ရာမှတွေ့ရှိခဲ့ကြပါသည်။

(၂)

နှစ်ပေါင်း ၅၀ မျှ ကြာသောအခါ အစ္စရေး ဆရာဝန်များသည် ထူခြားသော ကျောက်ကပ်၏ ဆဲလ်များသည် သွေးထဲတွင် အောက်ဆီဂျင်၏ ပါဝင်နှုန်း ကျဆင်းသွားသောအခါ ထိုဟိုမုန်းကို ပြုလုပ်ကြောင်း တွေ့ရှိခဲ့ကြပါသည်။ ထိုဆဲလ်များကို နွမ် (Norm) ဆဲလ်ဟု ခေါ်သည်။ လူတို့၏ ကံကြမ္မာကို ထိန်းချုပ်သော နတ်ဘုရား Norse ကို ရည်ညွှန်း၍ အမည်ပေးခဲ့ကြခြင်း ဖြစ်သည်။

လူတို့သည် နွမ်ဆဲလ်ကို တွေ့ရှိရန် နှစ်ပေါင်း ၁၃၄ နှစ်မျှ အချိန်ယူခဲ့ရပါသည်။ သို့သော် လွန်ခဲ့သောအပတ်က ကာလီဖိုးနီးယားတွင် ကွန်ပျူတာသည် ရက်သတ္တ ၆ ပတ်နှင့် ထိုဆဲလ်ကို တွေ့ရှိခဲ့သည်။ အဖြေကို ကြိုသိထားခြင်းကြောင့်လည်းကောင်း အေအိုင် (AI Artificial Intellgence) ၏ အကူအညီပါသောကြောင့် လည်းကောင်း ထိုသို့ မြန်မြန်ဆန်ဆန် တွေ့ရှိခဲ့ခြင်းလည်း ဖြစ်နိုင်ပါသည်။ သူတို့ တွေ့ရှိခဲ့ကြပုံမှာ ဇီဝဗေဒဘာသာရပ် သင်တန်းကို ကွန်ပျူတာဖြင့် ပို့ချစဉ် မမျှော်လင့်ဘဲ တွေ့ရှိခဲ့ကြခြင်း ဖြစ်ပါသည်။ ကွန်ပျူတာတွင် ChatGPT ကဲ့သို့သော ပရိုဂရမ်များ ပါဝင်သည်။ ရိုးရိုး ကွန်ပျူတာပရိုဂရမ်ဖြစ်ပြီး ဘီလီယံပေါင်းများစွာသော ဒေတာများကို အင်တာနက်မှ ရယူ၍ run စေခြင်း ဖြစ်ပါသည်။ စတင်းဖို့ဒ်တက္ကသိုလ်မှ လေ့လာသူများက ကွန်ပျူတာကို သန်းပေါင်းများစွာသော ဆဲလ်များနှင့် ၎င်းတို့၏ Gene Makeup ကို ထည့်သွင်းထားခြင်း ဖြစ်ပါသည်။

လေ့လာသူများက ကွန်ပျူတာကို တိုင်းထွာချက်များအား အဘယ်ကြောင့် ပြုလုပ်ရသည်ကို ရှင်းပြမထားပါ။ ဆဲလ်အမျိုးအစား မတူလျှင် ၎င်းတို့၏ ဘိုင်အိုလိုဂျီဆိုင်ရာ အရည်အချင်းများ မတူညီကြောင်းကိုတော့ သိထားကြပါသည်။ သူတို့ စိတ်ဝင်စားသော ဆဲလ်အမျိုးအစားများကိုလည်း မပြောပြထား၊ ဘယ်ဆဲလ်က ဘယ်လို အင်တီ ဘော်ဒီ (Antibody) များ ထုတ်လုပ်သည်ကိုလည်း ပြောပြမထားပါ။ ကွန်ပျူတာက ဆဲလ်များကို ကြည့်၍ အမျိုးအစားခွဲကြပါသည်။ တစ်ခုနှင့်တခု မတူညီပုံကို သတိထားမိကြသည်။ ကွန်ပျူတာက စမ်းသပ်မှုများ ပြီးဆုံးသွားသောအခါ ဆဲလ်အမျိုးအစားပေါင်း ၁၀၀၀ ကျော်မျှရှိပြီး ၎င်းတို့အထဲမှ တခုမှာ နွမ် ဆဲလ် ဖြစ်ပါသည်။ ကျောက်ကပ်ထဲတွင် ဤအမျိုးအစားရှိကြောင်း ကွန်ပျူတာက သိစရာအကြောင်းမရှိပါ။

ကွန်ပျူတာသည် အေအိုင်ကိုသုံးသော အမျိုးအစားဖြစ်ပြီး သူ သုံးသော မိုဒယ်မှာ အခြေခံ မိုဒယ် (Foundation Model) ဖြစ်ပါသည်။ သူတို့သည် ဂျင်းများအလုပ်လုပ်ပုံနှင့် ဆဲလ်များ၏ တိုးတက်မှုကို မိမိဘာသာ ရှာဖွေကြပါသည်။ ဤနည်းဖြင့် ဆဲလ်များ၏သဘာဝကို ပိုမိုနားလည်လာပြီး ကင်ဆာရောဂါနှင့် အခြားသောရောဂါများနှင့် ပတ်သက်၍ သိရှိနိုင်ကြပါသည်။ ဆဲလ်များ တစ်မျိုးနှင့်တစ်မျိုး မည်သို့မည်ပုံ အကျိုးပြုသည်ကိုလည်း ရှာဖွေနိုင်ကြပါသည်။

လူသားတို့အနေဖြင့် မိမိတို့ အသိဉာဏ်ဖြင့် ဤအကြောင်းအရာများကို ဖော်ထုတ်နိုင်လိမ့်မည်ဟု မခန့်မှန်းနိုင်ပါ။ ဘိုင်အိုလိုဂျီ၏ အခန်းကဏ္ဍအနေဖြင့် လူတို့၏ ကိုယ်ခန္ဓာအတွင်းတွင် ဂျင်းများကို အသုံးပြု၍ လူကို အသက်ရှင်အောင် မည်သို့ ပြုမူသည်ကို ရှာဖွေကြရပါမည်။ သူတို့သည် လွန်ခဲ့သော ဆယ်နှစ်ခန့်ကစ၍ ဆဲလ်တခုအတွင်း မည်ကဲ့သို့ အလုပ်လုပ်သည်ကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာ၍ မှတ်တမ်းတင်ခဲ့ကြပါသည်။ ရလာသော ကက်တလောက်ကို Cell atlases ဟုခေါ်ပါသည်။ ၎င်းသည် ယခုအခါ ဘီလီယံချီသော ဒေတာများဖြင့် ပြည့်လျှံလာသည်။

ဒေါက်တာသီအိူဒိုးရစ် (Dr Christina Theodoric) သည် လူတို့၏ အကြောင်း သုတေသနပြုချက် ၁၀၆ စောင်မှ နေ၍ လူတို့တွင် ပါဝင်သော ဆဲလ် သန်း ၃၀ ခန့်ကို Gene Forever ပရိုဂရမ်ကဲ့သို့ ထည့်သွင်းသည်။ ဤ မိုဒယ်မှာ ဂျင်းများသည် အမျိုးမတူသော ဆဲလ်များအတွင်း မည်သို့ ပြုမူသည်ကို မှတ်သားထားပါသည်။ ဥပမာအနေဖြင့် TEAD4 ခေါ် ဂျင်းသည် နှလုံးအတွင်းမှာ ရှိ၍ ၎င်းသည် နှလုံး၏ လုပ်ငန်းဆောင်တာများကို နှောင့်ယှက်ပါသည်။ ၎င်းတို့အဖွဲ့က ထိုဂျင်းကို နှလုံးရှိ cardiomyocitec ဆဲလ်အတွင်းသို့ ထည့်လိုက်သောအခါ နှလုံးခုန်နှုန်းသည် သိသိသာသာ လျော့ကျသွားကြောင်း တွေ့ရှိရသည်။

Gene Forever က အကြံပေးသည်မှာ နှလုံးရောဂါ မဖြစ်စေရန် ဆဲလ်များအတွင်းမှ ဂျင်း ၄ ခုကို ဖယ်ရှားပေးရမည် ဖြစ်သည်။ သို့ဆိုလျှင် နှလုံး၏စွမ်းအားသည် ပိုမိုတိုးတက်လာမည် ဖြစ်သည်။ Gene Forever က ပြောသည့်အတိုင်း စမ်းသပ်ကြရာ စမ်းသပ်မှု ၄ ခုတွင် ၂ ခု အောင်မြင်သည်ကို တွေ့ရှိရသည်။

ထိုသုသေသနအဖွဲ့မှ ရရှိသည့် ဗဟုသုတများကို စုပေါင်း၍ Cell X Gene ခေါ် data base ကို သြဂုတ်လက စတင်တည်ဆောက်ခဲ့ကြပါသည်။ ၎င်းတွင် ဆဲလ်အမျိုးအစား ၃၃ သန်း ပါဝင်ပြီး ၎င်းတို့တွင် ဂျင်းနှင့် ပတ်သက်သမျှ သတင်းအချက်အလက်များကို တနေရာတည်းတွင် တွေ့နိုင်ပါသည်။ ထို database တွင် သုံးဘက်မြင် ပရိုတိန်း (Three dimensional structure) တို့၏ တည်ဆောက်ပုံနှင့် တွဲ၍ထားပါသည်။

ထို့နောက် UCE Universal Cell Embedding ခေါ် ဆဲလ်များ တစ်ခုနှင့်တစ်ခု တူညီမှုရှိပြီး ၎င်းတို့ကို တူရာ စု၍ဆဲလ် atlease များမှာ ၁၀၀၀ ကျော်ရှိလာပြီး ၎င်းတို့သည် ဂျင်းကို မည်သို့မည်ပုံ အသုံးပြုသည့်အပေါ်တွင် မူတည်ခွဲခြားထားခြင်း ဖြစ်ပါသည်။ ထို့နောက် UCE က နွမ် ဆဲလ်ကို တွေ့ရှိခဲ့ရာ  database တွင် နွမ် ဆဲလ် ဘယ်က လာသနည်း ဆိုသည်ကို ရှာဖွေကြည့်ကြပါသည်။ ထိုအခါ ကျောက်ကပ်အပြင် တချို့မှာ အဆုတ်မှ တချို့မှာ အခြား ကလီစာများမှ လာကြောင်း တွေ့ရှိကြရပါသည်။ ထို့နောက် ခန္ဓာကိုယ်တခုလုံးတွင် နေရာအနှံ့အပြားမှ နွမ် ဆဲလ် များလာနိုင်ကြောင်း တွေ့ရှိခဲ့ကြပါသည်။

ကွန်ပျူတာ မိုဒယ်ကိုလိုက်၍ ဆဲလ်အမျိုးအစား ကွဲပြားနိုင်သည်။ ဘိုင်အိုလိုဂျီ ပညာရှင်များက Chat GPT ကဲ့သို့သော ဥပမာ ScGPT ကဲ့သို့သော ပရိုဂရမ်များတွင် ထည့်ကြည့်သောအခါ ကွဲပြားသော အဖြေများကို ရကြပါသည်။ ထို့ကြောင့် ထည့်သွင်းသော ဒေတာများအပြင် အသုံးပြုသော ကွန်ပျူတာမိုဒယ်ကလည်း မှန်ကန်ရန် အရေးကြီးပါသည်။ ဒေတာများ ထည့်သွင်းရာတွင် အင်တာနက်မှ ရသမျှကို ထည့်သွင်းကြရပါသည်။ ထို့နောက် ဆဲလ်များက ပြသသော ပုံစံများကို အတည်ပြုကြမည် ဖြစ်သည်။ အချို့ပညာရှင်များက ဆဲလ်တို့တွင် ပရိုတိန်း တည်ရှိပုံကို ဓာတ်ပုံရိုက်၍ မှတ်တမ်းတင်ကြသည်။ ထိုအခါ ပိုမို၍ ကြည်လင်သော ဆဲလ်ပုံစံကို ရရှိကြပါသည်။ ထို့နောက် ဆဲလ်တို့၏ အလုပ်လုပ်ပုံကို ပို၍သိသာလာကြမည် ဖြစ်သည်။

ဤသို့ဖြင့်  Foundation Model ကပေးသည့် ဆဲလ်၏ပုံစံနှင့် ဘိုင်အိုလိုဂျီပညာရှင်များ လက်တွေ့တွေရှိသည့် ပုံစံတို့ကို ညှိနှိုင်း၍ လက်တွေ့ကျသော ဆဲလ်တို့၏ပုံစံကို သိလာနိုင်ပါလိမ့်မည်။

ပို၍ပြည့်စုံသော ဒေတာနှင့် ကွန်ပျူတာပါဝါများကို အသုံးပြု၍ သိပ္ပံပညာရှင်များ မျှော်လင့်သည်မှာ ဆဲလ်တို့၏ သင်္ချာပုံစံကို ဖော်ထုတ်နိုင်ကြရန် ဖြစ်သည်။ ထို့ကြောင့် လူတို့၏ ကိုယ်ခန္ဓာထဲတွင် တည်ရှိနိုင်သော ဆဲလ်များအပြင် လောကသဘာဝကြီး၌ တည်ဆောက်နိုင်သော ဆဲလ်အမျိုးအစားတို့ကို နားလည်သိရှိနိုင်ပါလိမ့်မည်။ ထို့ကြောင့် ဖောင်ဒေရှင်း မိုဒယ်မှပေးသော ဆဲလ်များ၏ပုံစံကို ယူ၍ လူတို့၏ ကိုယ်ခန္ဓာဆဲလ်တို့ကို သူ့နေရာနှင့်သူ ရှိစေရန် (Map) လုပ်ယူနိုင်လိမ့်မည်ဟု မျှော်လင့်နေကြပါသည်။ ထိုမှတဆင့် လူတို့၏အသက်ရှင်မှုကို ထောက်ပံ့ ပေးသော ပုံစံကို သိရှိကြပြီး၊ အသက်ရှင်မှုအတွက် ဆဲလ်ပုံစံတို့ကို ဖန်တီးနိုင်ကြပါလိမ့်မည်။

ယခုလတွင် ဘိုင်အိုလိုဂျီပညာရှင် ၉၀ နှင့် အေအိုင် ကျွမ်းကျင်သူများ စုပေါင်း၍ လက်မှတ်ရေးထိုးထားသော စာတစ်စောင် ထွက်ပေါ်ခဲ့ပါသည်။ ၎င်းမှာ ဤအတတ်ပညာကို ထိန်းချုပ်နိုင်မည့် စည်းစနစ်များချမှတ်ရန်နှင့် မချမှတ်နိုင်မီ ကာလအတွင်း ပညာရှင်များအနေဖြင့် ဇီဝလက်နက်များ (Biological Weapon) များ ထုတ်လုပ်ရေးကို ဟန့်တားကြရန် ဖြစ်ပါသည်။ ဤ မိုဒယ်မှ အသစ်တီထွင် ထုတ်လုပ်မည့် ဆဲလ်ပုံစံများသည် လူ့လောကကို အန္တရာယ်မပြုနိုင်စေရန် ဖြစ်ပါသည်။

မိုဒယ် ပုံစံ ဆိုသည်မှာ ၎င်းကို ထည့်သွင်းမည့်ဒေတာများပေါ်တွင် မူတည်၍ အကောင်း အဆိုး အမှန် အမှားကို ဆုံးဖြတ်ပါလိမ့်မည်။

( ၃ )

ဘီစီ ၆၄၀ ပြည့်နှစ်ခန့်က ဒီမိုကရိတပ်သည် လောကရှိ အရာဝတ္ထုတိုင်းကို အက်တမ်များဖြင့် ဖွဲ့စည်းသည်ဟု ယူဆပြီး အရာဝတ္ထုတို့၏ အရည်အသွေးကို အက်တမ်များနှင့် ဆုံးဖြတ်ရန် ကြိုးစားခဲ့ဖူးပါသည်။ ထို့နောက် နှစ်ပေါင်း သုံးထောင်ခန့် အကြာတွင် လူကိုယ်ခန္ဓာတွင် ဆဲလ်များဖြင့် ဖွဲ့စည်းထားသည်ကို သိခဲ့ကြပြီး သက်ရှိ လူ့ကလီစာများအပေါ် ဆဲလ်က မည်သို့ သက်ရောက်မှု ရှိမည်ကို သိလိုကြပြန်ပါသည်။ ဆဲလ်တွင် လူတို့၏ ဂျင်းများ ပါဝင်နေရာ ၎င်းတို့သည် ဆဲလ်တို့၏ အရည်အသွေးကို အဆုံးအဖြတ်ပေးပါသည်။

Ref:Computer learn what is means to be alive, By Carl Zimmer N. Y. Times March 19 2024




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar