ပြည်တွင်းစစ်အခြေအနေအောက်မှာ သယံဇာတ အလွန်အကျွံထုတ်ယူမှု ဘယ်လို ထိန်းသိမ်းကြမလဲ
မြန်မာနွေဦးခရိုနီကယ် - ဧပြီ ၂၈ မြင်ကွင်း
(မိုးမခ) ဧပြီ ၂၉ ၊ ၂၀၂၆
ပြည်တွင်းစစ်အခြေအနေအောက်မှာ သယံဇာတ အလွန်အကျွံထုတ်ယူမှု ဘယ်လို ထိန်းသိမ်းကြမလဲ
ပြည်တွင်းစစ် ဖြစ်ပွားလာတဲ့ ၅ နှစ်တာကာလအတွင်း သယံဇာတ အလွန်အကျွံထုတ်ယူမှု ပြဿနာတွေက သတင်းမီဒီယာတွေရဲ့ သတင်းတွေအနေနဲ့ ဖော်ပြမှု တစတစများပြားလာခဲ့ပါတယ်။ အကန့်အသတ်မရှိတဲ့ သစ်ထုတ်လုပ်မှု၊ သစ်ခိုးထုတ်မှု၊ ကန့်သတ်ချက်နဲ့ မူဝါဒမရှိတဲ့ ကျောက်မျက်ရတနာ ထုတ်ယူမှု၊ ရွှေတွင်း၊ မြစ်တွေ ချောင်းတွေမှာ စက်ယန္တရားတွေနဲ့ အလွန်အကျွံ ရွှေထုတ်လုပ်မှု၊ သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားတဲ့ထိခိုက်မှု ဖြစ်စေတဲ့ မြေရှား သန့်စင်ထုတ်လုပ်မှု၊ သတ္တုတွင်းတွေ အလွန်အကျွံတူးဖော်မှုတွေက မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ ဖြစ်ပွားနေတဲ့ အကြောင်းအရာတွေ ဖြစ်လာနေပါတယ်။
ကချင်ပြည်နယ် ဖားကန့်ဒေသက ကျောက်စိမ်းထွက်ရှိတဲ့ ဒေသမှာလည်း အထိန်းအကွပ်မရှိတဲ့ ကျောက်မျက်တူးဖော်မှုတွေ ဖြစ်ပွားနေသလို ချင်းတွင်းမြစ်တကြောနဲ့ ဧရာဝတီမြစ်တကြောမှာ စက်ယန္တရားတွေနဲ့ ရွှေမျောတွေ ဘယ်လောက် အတိုင်းအတာထိ ထုတ်ယူနေကြသလဲဆိုတာ ဘယ်အဖွဲ့အစည်းကမှ စာရင်းကောက်ယူ မှတ်တမ်းတင်နိုင်ခြင်း မရှိပါဘူး။
ယန္တရားနဲ့ ရွှေမျောဖောင်တွေ နဲ့ ရွှေထုတ်ယူတာတွေက မြစ်ချောင်းတွေသာမကပဲ သဖန်းဆိပ်ဆည်လို အတွင်းထဲမှာတောင် လုပ်ကိုင်လာကြတာတွေက အခု စစ်ပွဲတွေ ဖြစ်ပွားလာတဲ့ အနေအထားအောက်မှာ ဖြစ်ပွားလာတာ ဖြစ်ပါတယ်။ အလားတူ ကချင်ပြည်နယ်က မြေရှားသတ္တု ထုတ်ယူရာမှာ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု ဘယ်လောက် ရှိနေသလဲ ဆိုတာလည်း မှတ်တမ်းမတင်နိုင်၊ တိတိကျကျ မပြောနိုင်တဲ့ အနေအထားမျိုး ဖြစ်လာနေပြီး ပြီးခဲ့တဲ့ နှစ်ပိုင်းကမှ စတင် လုပ်ကိုင်လာတဲ့ ဝ ပြည်က မြေရှားသတ္တုထုတ်လုပ်မှုကြောင့်လည်း သံလွင်မြစ်ရေ အဆိပ်သင့်လာနေတဲ့ ပြဿနာက မြန်မာတနိုင်ငံတည်းရဲ့ ပြဿနာအဆင့်ကို ကျော်လွန်ကာ အိမ်နီးချင်း ထိုင်းနိုင်ငံအထိ သက်ရောက်မှုရှိလာပြီး နိုင်ငံတကာကပါ ပါဝင်ကူညီဖို့ နှိုးဆော်တဲ့ အခြေအနေမျိုး ရောက်လာနေတာ တွေ့ရပါတယ်။
တနင်္သာရီတိုင်းမှာလည်း ခုလို စစ်ပွဲတွေ ဖြစ်ပွားနေတဲ့ ကာလအတွင်း သတ္တုတူးဖော်မှုတွေ သိသိသာသာ မြင့်တက်လာပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေ ရှိလာနေတာကြောင့် သတင်းမီဒီယာတွေမှာ ဖော်ပြပြီး ထိန်းသိမ်းကြပ်မတ်နိုင်ကြဖို့ နှိုးဆော်မှုတွေလည်း တွေ့လာနေရပါတယ်။
သယံဇာတ အလွန်အကျွံထုတ်ယူမှုတွေက မြန်မာနိုင်ငံ အရှေ့မြောက်ဒေသ၊ မြောက်ပိုင်း၊ မြန်မာနိုင်ငံ အလယ်ပိုင်း၊ အရှေ့ပိုင်းနဲ့ တောင်ပိုင်းတွေမှာ ဖြစ်ပွားနေတာ ဖြစ်လို့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတဲ့ သဘောလို့ ဆိုရမှာ ဖြစ်ပါတယ်။ သယံဇာတ အလွန်အကျွံထုတ်ယူမှုတွေကနေ ခုကာလမှာတင် ဆိုးကျိုးသက်ရောက်မှုတွေ ဖြစ်ပွားသလို ရေရှည်မှာ သက်ရောက်မယ့် ဆိုးကျိုး သက်ရောက်မှုတွေလည်း ရှိနေတာပါ။
ဘယ်လို အရာတွေက လတ်တလော သက်ရောက်မှုတွေဖြစ်မလဲလို့ မေးရင် မြစ်တွေ ချောင်းတွေမှာ ရွှေမျောလုပ်ကိုင်ခဲ့ရင် ရေစီးဆင်းတဲ့လမ်းကြောင်း တိမ်ကောပြီး မိုးရာသီ ရေကြီးတဲ့ အကျိုးဆက်၊ ရွှေမျောမှာ သုံးတဲ့ ဓာတုအဆိပ်တွေကြောင့် မြစ်ချောင်းတွေရဲ့ ရေကို အသုံးပြုနေသူတွေ အဆိပ်သင့်တာ၊ ရေနေသတ္တဝါတွေ အဆိပ်သင့်ပြီး ဖမ်းယူစားသုံးသူတွေပါ အဆိပ်သင့်တဲ့ အကျိုးဆက်တွေ၊ စိုက်ပျိုးရေးကို ထိခိုက်ပျက်စီးတဲ့ အကျိုးဆက်တွေ ခံစားကြရမှာ ဖြစ်ပါတယ်။ မြစ်ကြောင်းတွေ ရေလမ်းကြောင်း ပြောင်းလဲပြီး ရပ်ရွာနေအိမ်တွေ ထိခိုက်ပျက်စီးတာမျိုးလည်း ခံစားကြရမှာ ဖြစ်ပါတယ်။
သဘာဝသစ်တောတွေ ခုတ်ယူရောင်းချတာကြောင့် တောပြုန်းတဲ့ အကျိုးဆက်က မိုးရာသီ ရေကြီးမယ့် အန္တရာယ်၊ သစ်တောပြုန်းတီးကာ အပူချိန်မြင့်မားလာမယ့် အန္တရာယ်တွေ ဖြစ်ပါတယ်။
ကျောက်မျက် ရတနာတွေ အလွန်အကျွံထုတ်ယူခြင်းက သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေတာနဲ့ အတူ နိုင်ငံမှာ နေထိုင်သူတွေအားလုံးနဲ့ သက်ဆိုင်တဲ့ သယံဇာတွေ အလွန်အကျွံထုတ်ယူလိုက်တာကြောင့် အနာဂတ်ပိုင်ဆိုင်မှုတွေကို ထိခိုက်ဆုံးရှုံးစေတဲ့ သဘောလည်း ဖြစ်ပါတယ်။
သတ္တုတွင်းနဲ့ ရွှေတူးဖော်တာ ရွှေကျင်တာတွေက စိုက်ပျိုးတဲ့ မြေယာတွေကို ထိခိုက်ပျက်စီးစေပြီး မိမိပိုင်တဲ့ လယ်၊ ယာမြေကို မရောင်းချဘဲ ဆက်လက် စိုက်ပျိုးလုပ်ကိုင်လိုသည့်တိုင် ပတ်ဝန်းကျင်မှာရှိတဲ့ လယ်၊ မြေတွေကို သက်ဆိုင်ရာ ပိုင်ရှင်တွေက ရောင်းချလိုက်တာကြောင့် မိမိပိုင် လယ်၊ မြေလည်း စိုက်ပျိုးနိုင်တဲ့ ပတ်ဝန်းကျင် မရှိတော့ဘဲ နောက်ဆုံးမှာ သတ္တုတူးသူ၊ ရွှေတူးသူတွေထံ ချရောင်းရတဲ့ အဖြစ်တွေလည်း ဖြစ်ပွားနေတာ ကြားသိနေကြရပါတယ်။
ဒီလို သယံဇာတ အလွန်အကျွံထုတ်ယူမှုက ဘာလိုအခြေအနေတွေကြောင့် ဖြစ်လာရတာလဲလို့ မေးစရာရှိပါတယ်။ တခုထည်းသော အကြောင်းရင်းခံအချက်အနေနဲ့ ပြည်တွင်းစစ်ပွဲတွေကြောင့်လို့ သတ္တုချကြမှာ ဖြစ်ပါတယ်။ ပြည်တွင်းစစ် ဖြစ်ပွားလာခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု၊ သယံဇာတထိန်းသိမ်းမှုဥပဒေနဲ့ စောင့်ကြည့်မှုတွေ အားနည်းတာ၊ မရှိလောက်အောင် ဖြစ်သွားရတဲ့ အနေအထားဖြစ်လာခြင်းနဲ့အတူ စစ်ပွဲအတွက် မောင်းနှင်အားဖြစ်တဲ့ စစ်စရိတ်၊ ရန်ပုံငွေအတွက် သယံဇာတထုတ်ယူခွင့်တွေကို ခွင့်ပြုရတဲ့ အခြေအနေ ဖြစ်လာတယ်လို့ ဆိုကြပါတယ်။
စစ်လက်နက်ခဲယမ်းနဲ့ လက်နက်ကိုင်အဖွဲ့ရဲ့ ကုန်ကျစရိတ်တွေအတွက် လက်နက်ကိုင် အဖွဲ့အစည်းတွေကိုယ်တိုင်က သယံဇာတ ထုတ်လုပ်မှုကို လုပ်ကိုင်ကြတာတွေ ရှိသလို၊ ခေတ်ပျက်ကာလမှာ ယခင်ကလို ပတ်ဝန်းကျင် ထိခိုက်မှုနဲ့ပတ်သက်တဲ့ စည်းမျဥ်းစည်းကမ်းတွေ လိုက်နာစရာမလိုတော့တဲ့ အနေအထားမှာ ထုတ်ယူခွင့် ရရှိတဲ့သူတွေက အကျိုးအမြတ် များများရဖို့ အတွက် အရင်းအမြစ်တွေ ပြုန်းတီးမဲ့အရေး၊ ပတ်ဝန်းကျင် ထိခိုက်မဲ့အရေးတွေ မျက်ကွယ်ပြု လုပ်ဆောင်ကြတဲ့ အဖြစ်တွေလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတာပါ။
ဆယ်စုနှစ်များစွာ ခုတ်ယူခြင်းမပြုဘဲ ဘေးမဲ့တောအဖြစ် စောင့်ရှောက်ထားတဲ့ အလောင်းတော်ကဿပ ဘေးမဲ့တောလိုမျိုးကနေ သစ်မာတွေ ပမာဏ ဘယ်လောက် ခုတ်ယူ ရောင်းချနေသလဲ၊ ဘယ်လို ခုတ်ယူရောင်းချနေသလဲ ဆိုတာ အခုလိုကာလမှာ ဘယ်သူမှ မသိနိုင်ပါဘူး။ အလားတူပဲ မိုးကုတ်က ပတ္တမြားတူးဖော်တာနဲ့ ပတ်သက်ရင်လည်း ခေတ်အဆက်ဆက် တူးဖော်ခြင်း မပြုတဲ့နေရာတွေကို ပြီးခဲ့တဲ့ နှစ်ပိုင်း မြို့သိမ်းတိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ TNLA ထိန်းချုပ်ကာလမှာ တူးဖော်ခွင့်ပြုခဲ့တဲ့ အဖြစ်တွေ ဖြစ်ပွားခဲ့ပါတယ်။
ဖားကန့်မှာလည်း သင်္ချိုင်းမြေလို ရွာမြေလိုမျိုးတောင် မချန်ဘဲ ကျောက်စိမ်းတူးဖော်နေကြတဲ့ အဖြစ်တွေ ပြီးခဲ့တဲ့ နှစ်တွေမှာ ကြားသိနေကြရတာပါ။ တဖက်မှာ သယံဇာတ ထုတ်ယူခွင့်ကို ထိန်းချုပ်လိုတာကြောင့် လက်နက်ကိုင်အဖွဲ့တွေ အပြင်းအထန် တိုက်ခိုက်နေကြတာကြောင့် ဖားကန့်လို ကျောက်စိမ်း သယံဇာတထွက်ရှိတဲ့ ဒေသအဖို့ ကျိန်စာသင့်သလို တပြန်တလှန် တိုက်ခိုက်မှုတွေ၊ ဖမ်းဆီးသတ်ဖြတ်မှုတွေ အကြား နေထိုင်လုပ်ကိုင်နေကြရတာ တွေ့ရပါတယ်။
ရေရှည်အနေနဲ့ စဥ်းစားကြည့်တဲ့အခါ သယံဇာတ နဲ့ သဘာဝပတ်ဝန်းကျင်ဟာ ဒီဒေသအတွက်ရော ဆက်စပ်နေတဲ့ ဒေသတွေ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဒီမြေဒီရေမှာ နေထိုင်သူတွေ ပိုင်ဆိုင်ကြတဲ့ ပိုင်ဆိုင်မှု နဲ့အတူ ထိန်းသိမ်းကြရမယ့် တာဝန်ပါတွဲလျက်ရှိနေကြတာလို့ ဆိုရမှာ ဖြစ်ပါတယ်။
စစ်ပွဲရှည်ကြာလာတာနဲ့ အမျှ အလုပ်အကိုင်အခွင့်အလမ်းတွေ တဖြည်းဖြည်း လျော့ပါး ကျဆင်းလာလေလေ သယံဇာတအပေါ်မှီခိုမှု များလာလေလေ ဖြစ်ပြီး အဆိုးသံသရာက တဖြည်းဖြည်း အရှိန်မြင့်လာမယ့် အလားအလာလည်း ရှိနေပါတယ်။ ဒေသခံတွေ၊ ပြည်သူလူထုတွေ အကျိုးကို မျှော်ကိုးရင်၊ အနာဂတ် ရေရှည်အကျိုးကို လိုလားရင် ဘယ်အဖွဲ့အစည်းမဆို သယံဇာတ အလွန်အကျွံထုတ်ယူမှုတွေကို တတ်နိုင်သရွေ့ ထိန်းသိမ်းကြပ်မတ်ကြဖို့ တာဝန်ရှိနေတာ ဖြစ်ပါတယ်။ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ဟာ နောက်မျိုးဆက်တွေကို လက်ဆင့်ကမ်းရမဲ့ အမွေနဲ့ လက်ဆောင်တရပ်ဖြစ်ပြီး ဆိုးရွားတဲ့ သက်ရောက်မှုတွေ အကျိုးဆက်တွေကို လက်ဆင့်ကမ်းရတဲ့ အဖြစ်မျိုးမရောက်ဖို့ အရေးကြီးတယ်လို့ ဆိုလိုက်ချင်ပါတော့တယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar