ကိုနီတွတ် - ရွှေဖီ
ရွှေဖီ
ကိုနီတွတ်
(မိုးမခ) မေ ၁၁၊ ၂၀၂၄
တအာင်းတိုင်းရင်းသားများ၏ ရိုးရာပင်မအသက်မွေးဝမ်းကြောင်းအလုပ်မှာ လက်ဖက်လုပ်ငန်းဖြစ်သည်။ မြန်မာလ တန်ခူး သို့မဟုတ် အင်္ဂလိပ်လဧပြီတွင်ခူးရသောလက်ဖက်ကို "ရွှေဖီ" ဟုခေါ် သည်။ သင်္ကြန်မတိုင်ခင်ခူး၍ရသောလက်ဖက်ကို "ရွှေဖီ မိုးလွတ်" ၊ သင်္ကြန် နောက်သင်္ကြန်လက် ဆေးမိုးလေးရွာပြီးနောက် ခူး၍ရသောလက်ဖက်ကို "မိုးမလွတ်ရွှေဖီ " ခေါ်သည်။ တဖန်စာသင် ကျောင်းများဖွင့်စ ဇွန်လ သို့မဟုတ် ကဆုန်လမှအောက်တိုဘာ၊ နိုဝင်ဘာလအထိခူးရသောလက် ဖက်ကို "ခါကန်လက်ဖက်" ဟု ခေါ်ကြသည်။ ထိုလက်ဖက်၂ မျိုးအနက် အချိန်တိုတိုနှင့်ခူး၍ရသောရွှေဖီလက် ဖက်ကို တအာင်းလူမျိုးများက ပို၍မက်မက်စက်စက် ရှိကြသည်။ အမှတ်တရဖြစ်ကြသည်။ အခြားတိုင်းရင်းသားလက်ဖက်ခူးသမားများကလည်း ရွှေဖီလက်ဖက်ကို လာခူးလေ့ရှိပြီး ခါကန်လက်ဖက်ကိုမခူးကြတော့။ အကြောင်းမှာ ရွှေဖီလက်ဖက်သည် လူကြိုက်များပြီး လူများအကြိုက်ဖြစ်ကာ လက်ဖက်စျေးနှုန်းပိုရသောကြောင့်ဖြစ်သည့်အပြင်နှစ်လုံးပေါက် စားသောက်စရိတ်လုံလောက်သောကြောင့် ဖြစ်သည်။ အခြားသောအမှုကိစ္စများအတွက်လည်း လုံလောက်စွာသုံးနိုင်သောကြောင့် ဖြစ်သည်။ ငွေေကိုပေါများစွာကိုင်နိုင်သော ကာလတည်း။
ထိုတအာင်းဒေသအားလုံးနီးပါးကို 1027 operations ဖြင့်TNLA ကသိမ်း ပိုက်ထားရာ ထိုဒေသများဖြစ်သည့် ကျောက်မဲ (ပြည်ထောင်စုကားလမ်းအနောက်နှင့် အနောက်မြောက်ဖက်)၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့၊ နမ့်ခမ်း မြို့များရှိ စကစအုပ်ချုပ်ရေးယန္တရားအားလုံး ချုပ်ငြိမ်းသွားသည်။
ဒေသခံအောက်ခြေအုပ်ချုပ်ရေးမှူးများမှလွဲ၍ စကစဝန်ထမ်းများအားလုံးမရှိကြတော့။ ရှိသည့်အောက်ခြေအုပ်ချုပ်ရေးမှူးများလည်း စကစနှင့်ဆက်သွယ်လုပ်ကိုင်၍ မရတော့။ (အများအားဖြင့် အုပ်ချုပ်ရေးမှူးများ သည် အဖွဲ့အစည်းရှေ့မှောက်၌မလုပ်တော့ဟုဆိုသောလည်း အမှန်က တိုးတိုး လစာထုတ်၊ အခြားသောလုပ်နိုင်သောအလုပ်အချို့တွင်ဆက် လက်လုပ်ကိုင်လျက်ရှိိဆဲ။ ဤကား စကားချပ်)။
သို့သော် ထိုဒေသများရှိ ပြည်သူများအနေဖြင့် မှတ်ပုံတင်လိုလာသည်။ အချို့မိဘများ၏ အရွယ် ရောက်ပြီးသူ၊ အရွယ်ရောက်စသူတို့မှာ မှတ်ပုံတင်မရှိကြသေး။ အချို့က စစ် TNLA ၏စစ်ကောက်မှုကိုကြောက်၍ ဇာတိကိုစွန့်ခွာကာ မြို့ပြောင်းနေကြသည်။ အသီးသီးတို့သည် အချို့က ဆေးကု၊အချို့က တရုတ်ပြည်၊ အချို့က ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ကိုးရီးယား၊ဂျပန် စသဖြင့် သွားလိုကြသည်။ သွားနှင့်ကြသူလည်း ရှိသည်။ သွားရန်စီစဥ်ထားသူလည်း ရှိသည်။ စကစ အုပ် ချုပ်ရေးမှူးဟောင်း၊ ကြောက်သလိုလိုနှင့် ဝန်ခံထားသော်လည်း ခိုး၍လုပ်ကိုင်နေသောသူများနှင့် အုပ်စုစာရေးများအပိုင်း ရောက်လာကြပြီ။ အုပ်ချုပ်ရေးမှူးက ရွာမှာ၊ စာရေးက အများအားဖြင့် မြို့မှာနေကြရာ အုပ်စုတံဆိပ်တုံးကို ၂ ယောက်လုံး ကိုင်ထားကြသည်။ သို့မှသာ အရေးပေါ်အလုပ် ကိစ္စဟူသမျှ အချိန်နှင့် တစ်ပြေးညီ လုပ်နိုင်ကြမည်ဖြစ်သည်လေ။
စကစ၏ စစ်မှုမထမ်းမနေရအမိန့် ဥပဒေကြောင့်တစ်မျိုး၊ ဒေသခံကာ ကွယ်ရေးတပ်များ၏ စစ်ကောက်သောအခြေအနေများကြောင့် ခရီးထွက်လိုသူ လူငယ်လူရွယ်များ မှတ်ပုံတင်လိုလာကြသည်။ ယခင်က အုပ်ချုပ်ရေးမှူးများက ဦးဆောင်လုပ်ပေးလေ့ရှိသည်။ ယခုချိန်မှာတော့ မြို့ကိုသွားစရာမလိုတော့၊ လူဆိုသည်ကား မိမိအလိုရှိလျှင် အလွန်နှုတ်လုံလေ့ရှိတတ်ကြသည်။ အစကတည်းကကြောက်သလိုသလိုရှိပြီး ခိုးလုပ်နေသောအုပ်ချုပ်ရေးမှူးဟောင်းများ ဘယ်မှမသွားရဘဲ အိမ်မှာနေရင်း ငွေဝင်လမ်း ဖြောင့်နေသည်။ အုပ်စုတစ်စုလျှင် အနည်းဆုံး ၄၊ ၅၊ ၆ ရွာရှိရာ တစ်နေ့ကိုမှတ်ပုံတင်လုပ်လိုသူ၊ ခရီးသွားထောက်ခံစာလုပ်သူ အနည်းဆုံး ၁၀ ဦးကျော်သည်။ ထောက်ခံချက်ရေးပေးလိုက်ရုံဖြင့် တစ်မျိုးလျှင် ငါးထောင်တစ်သောင်း၊ ၁၀ ဦးကျော်နှင့်မြှောက်ကြည့်ပါ၊ ငါးသောင်းတစ်သိန်းသည်တစ်နေ့ဝင်ငွေ။ တစ်ခါတစ်ခါ မြို့ကိုဆင်း၍ စျေးဝယ်ရောင်ပြကာ မြို့သို့ပြောင်းရွေ့သွားသောသူများအတွက် ထောက်ခံစာလာရောက်လုပ်ပေးကြသည်။
ဓာတ်ဆီဖိုးက သီးသန့်။ အုပ်စုစာရေးသည် ထိုသူများကို လဝကရုံးသို့လိုက်ပါ၍ မှတ်ပုံတင်လုပ်ပေးသည်။ အမြန်ယူမလား၊ တစ်ပတ်စောင့်လား။ အမြန်ယူ တစ်စျေး၊ တစ်ပတ်စောင့် တစ်စျေး။ မှတ်ပုံတင်၊အိမ် ထောင်စုလုပ်၊ ခွဲ၊ မွေးတိုးထည့်၊ သေစာရင်းဖျက် စသဖြင့် အနည်းဆုံးတစ်ဦးတစ်ဦး ကုန်ကျမှုမှာ အနည်းဆုံးငါးသောင်း။ သိန်းချီပေးရသောသူများလည်း ရှိသည်။ စမတ်ကဒ်ကိုလည်း ဖြတ်လမ်းလား၊ တန်းစီမလား။သေချာပေါက် သုံးသောင်းပေးရသည်။ အုပ်စာရေး၏ဝင်ငွေလည်း အုပ်ချုပ်ရေေးမှူးနှင့် မတိမ်းမယိမ်း။ တစ်ပတ် စနေတနင်္ဂနွေမှလွဲ၍ ဖွင့်ရက်ငါးရက်လုံး လဝကရုံးကား လူအလွန်စည်သည်။ ရပ်ထားသောဆိုင်ကယ်၊ကား စသည့်ယာဥ်များ လဝကရုံးရှေ့လမ်းဘေးမှာ အပြည့်၊ နေရာမရှိ၍ ရုံးနီးနားဆိုင်များတွင် ထားထားရသည်။ အုပ်စုစာရေး၊ အုပ်ချုပ်ရေးမှူးတို့အနေဖြင့် စကစမှပေးသောလခသည် မှတ်ပုံတင်လုပ်ရာ တစ်ရက်စာသာရှိသည်။ တစ်လလျှင် လေးပတ်၊ တစ်ပတ်ငါးရက်၊ စုစုပေါင်း ရက်နှစ်ဆယ်၏ရငွေ တွက်သာကြည့်ပေရော။ ဘာကြောင့် သည်အခွင့်ရေးကိုဘယ်သူက ရှောင်လွဲနိုင်ပါမည်နည်း။ တောင်မီးလောင် တောကြောင်လက်ခမောင်းခတ် စကားပုံကို သတိရမိသည်။
မှတ်ပုံတင်အဟောင်းပြန်လျှောက်သလား၊ လဲလှည်လား။ ရုံးသွားလျှောက် လွှာဝယ်၊ တစ်စုံနှစ်ထောင်။ အုပ်ချုပ်ရေးမှူး၊ ရဲစခန်း ထောက်ခံစာဖိုး။ရဲစခန်းတွင် ဖုံးနံပါတ်ပေးခဲ့ရသေးသည်။ စာရင်းစစ်မှထောက်ခံစာဖိုးပေးရသလား ၊မပေးရဘူးလား ဖုံးဆက်မေးတတ်သည် တဲ့။ ဆက်လာလျှင်လည်း မပေးရပါဟု ေဖြကြားပေးပါတဲ့။ လဝကရုံးရောက်လျှင် ဖိုင်ဟောင်းရှာ၊ ရှာခ နှစ်ထောင်။ ထိုနေရာတွင် ဝန်ထမ်းသုံးလေးဦး ရှိသည်။ ထိုင်ချိန်မရ၊ ဖုံးပွတ်ချိန်မရ။ စကားပြောချိန်ဆို ဝေး။ တစ်နေ့ကို ထိုနေရာလာသူ ၁၀၀ အောက်မလျှော့။ (ဧည့်နိုင်ငံသားကိစ္စကလည်း ရှိသေး)။ မှတ်ပုံတင်အသစ်လုပ်မလား၊ အုပ်ချုပ်ရေးမှူး၊ ရဲစခန်းထောက်ခံစာဖိုး၊ သွေးစစ်ခ၊မိတ္တူကူးခ၊ လျှောက်လွှာခ၊ မှတ်ပုံတင်လုပ်ခ၊ စုစုပေါင်းတွက်ကြည့်လျှင်ငွေ ၂ သိန်းသည် ဘာမှမစားမသောက်ရပဲ ထွက်သွားသည်။
ရှိသေးသည်။ မိဘမှတ်ပုံတင်စုံလား၊ မစုံဘူးလား။ မစုံလျှင် ငါးဦးကော်မီတီမှသည် အသီးသီးသောထောက်ခံစာဖိုးများ၊ လျှောက်လွှာ၊ ရေးခ၊ ဖြည့်ခ၊ ဓာတ်ပုံဖိုး။ အုပ်စုစာရေးများအပြင် ပွဲစားများလည်း ရှိသေးသည်။ လဝကရုံးရှေ့အုတ်နံရံတွင် ထည်ဝါစွာကပ်ထားသောစာများမှာ မှတ်ပုံတင်အစ၊အိမ်ထောင်စုအလည်၊ ပုံစံတစ်ဆယ်အဆုံး အားလုံးသည် အလကားလုပ်ပေးသတဲ့။ ငွေကြေးလာဘ်လာဘပေးစရာမလို၊ ပေးရပါက တိုင်ကြားနိုင်သောဖုံးနံပါတ်စသဖြင့် ကပ်ထားသည်။ လက်တွေ့နှင့် အဖြစ်မှန်ကတခြားစီ။ နိုင်ငံသားတိုင်း မှတ်ပုံတင်မရှိမဖြစ်လိုအပ်သည်က အမှန်။သို့သော် မှတ်ပုံတင်တစ်ခုရဖို့ကငွေ ၂ သိန်းမပါဘဲ မရနိုင်။ သည်ကြားထဲ ဧည့်နိုင်သား တရုတ်ကုလားများသည် ထူးဆန်းစွာပန်းရောင်မှတ်ပုံတင်ကိုင်ထားကြသည်။ လူမျိုးကား ပလောင်၊ ရှမ်း၊ ကချင်၊ ရခိုင်များ။ ကြားသိရသည်မှာ သိန်းဆယ်ချီရမှန်းသိ၍ အိမ်တိုင်ရာရောက် ဝန်ဆောင်ပေး သည်တဲ့။ လွယ်လိုက်သည်ဖြစ်ခြင်း၊ ရုံးရောက်စရာမလို။ တစ်ခါတစ်ခါဒေသအခြေအနေအရ မိဘများမိမိ၏ကလေးအစစ်ဖြစ်သော်လည်း အိမ်ထောင်စုထဲ မထည့်ရဲ၊ စစ်ကောက်မည် စိုးသည်လေ။
အရွယ်ရောက်၍အသက်ကြီးမှထည့်ကြရာ အခက်အခဲများစွာကြုံတွေ့ပြီးမှ ရကြသည်။ လူအများပြောလေ့ရှိသော ငွေသည်ဒုတိယဘုရားသခင်ဆိုသောစကားကား မှန်လိုက်လေစွ။ ထိုငွေကြေးလာဘ်စားမှုများကားအကြီး အကျယ်၊ အတောမသတ်။ တိုင်ကြားနိုင်သောဖုံးနံပါတ်များ မည်သို့ပင်ကပ်ထားသော်ငြား အရေးယူခံရခြင်းကို မကြားသိရ။ ရှိခဲ့သော် ဌာနပြောင်းပေးရုံသာ။ အလုပ်ပြုတ်ဖို့ အခြေအနေမရှိပါ။ စကစအနေဖြင့်မည်သို့ အရေးယူမည်နည်း။ ကုလားကြီးနှင့် အရာကြီး၊ သူခိုးကြီးနှင့် သူခိုးလေးသာ ကွာသည်။ ခြေရာလက်ရာက အတူတူ။ ထို့အပြင် စကစအနေဖြင့်လည်း အရေးယူဖို့ လမ်းမရှိ။ သူ့လူ လျော့သွားနိုင်သည်မဟုတ်လော။ စကစ၏အသက်အရွယ်လိုက် စစ်မှုမထမ်းမနေရ စာရင်းဇယားများသည် အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်ရာအိမ်မှူး၊ အုပ်စုစာရေး၊ လဝက၊ထွေအုပ်များက အဓိက စာရင်းပြုစုပေးခဲ့သည်မဟုတ်လား။ စစ်သားစု ဆောင်းရာတွင်လည်း ထိုသူများက ကူညီပေးနေသည်မဟုတ်လော။ ထိုသူတို့၏ ကိုင်း ကျွန်းမှီ ကျွန်းကိုင်းမှီသည်ကတော့ လုံးဝ လိုက်ဖက်လွန်းပေါ်လွင်လွန်းလှသည်။
တအာင်းတိုင်းရင်းသားများ၏ ငွေအလွန်ရသည့် ရွေှဖီချိန်သည် ရက်ပေါင်း ၂၀ ကျော်ကျော်သာ ရှိသည်။ သို့သော် စကစအကြမ်းဖက်ခေတ် အုပ်ကြီး၊ထွေအုပ်စာရေး၊ လဝကများ၏ ရွှေဖီချိန်ကား နှစ်လုံးပေါက်။
မိုးရာသီမိုးအလွန်များ၍သာ မသွားသေးပဲရှိမည်။ ငွေကမပျက်။အကြမ်းဖက်စကစ မပြုတ်မချင်း ရှိနေဦးမည်။ အစစအရာရာ ကြောကော့အောင် ခံရသည်က ပြည်သူလူထု။ ထိုပြည်သူတွေမှသဘောမပေါက်လျှင် ခံပေးဦးတော့ဟု ရွဲ့ပြောရမလို။
သေချာသည်ကတော့ ရွှေဖီချိန်နှစ်ခုတွင် တအာင်းတိုင်းရင်းသားတို့၏ရွှေဖီချိန်သည် စကစအကြမ်းဖက်လက်အောက်ခံများ၏ရွှေဖီချိန်ကို ရှုံးသွားလေပြီ။ နောက်ကောက် ကျသွားလေပြီမဟုတ်ပါလား။ ။
ကိုနီတွတ်
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar