Breaking News

မြင်းခြံမြို့ ဆုံရွာက လူ ၃၀ ကျော် သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှု နဲ့ ကျောက်ထုမြို့နယ်ထဲက လေကြောင်းတိုက်ခိုက်မှု၊

မြန်မာနွေဦး ခရိုနီကယ် - မေ ၉ မြင်ကွင်း

(မိုးမခ) မေ ၁၀၊ ၂၀၂၄

မြင်းခြံမြို့ ဆုံရွာက လူ ၃၀ ကျော် သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုနဲ့ ကျောက်ထုမြို့နယ်ထဲက လေကြောင်းတိုက်ခိုက်မှု၊

မေလ ၉ ရက်နေ့ နံနက် ၅ နာရီမှာ ပျူစောထီးရွာလို့ အများသိကြတဲ့ မြင်းခြံမြို့နယ်ထဲက ဆုံရွာဆိုတဲ့ ကျေးရွာကို ၁၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ - CDSOM၊ ၂၊ မန္တလေးခရိုင် တပ်ရင်း ၅၊ ၃၊ မြင်းခြံခရိုင်တပ်ရင်း (၉) ၄၊ Myingyan Black Tiger (MBT)၊ ၅၊ ဇာမနည်ပျောက်ကျားအဖွဲ့- ငါန်းဇွန်၊ ၆၊ အညာမြေ-ကျောက်ပန်းတောင်း၊ ၇၊ ဒေါင်းစစ်သည်၊ ၈၊ LACR - မြင်းခြံ၊ ၉၊ Wolf Brothers၊ ၁၀၊ ဒေါင်းညီနောင်၊ ၁၁၊ မြင်းခြံခရိုင် ရင်း - ၁၊ ၁၂၊ T.G.Y.R၊ G7 မြောင်၊ ၁၃၊ ပြောက်ကျားလင်းယုန်၊ ၁၄၊ ဆင်ရိုင်းစစ်ကြောင်း- မြောင် အဖွဲ့ ၁၄ ဖွဲ့ စုပေါင်းပြီး ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ Red News Agency သတင်းဌာနက ဖော်ပြထားတာတွေ့ရပါတယ်။ 

ဒီသတင်းဖေါ်ပြမှုမှာ ဆုံရွာတိုက်ပွဲက ပြန်လာတဲ့ PDF တပ်ဖွဲ့ဝင်တွေကို ဒေသခံရွာသားတွေက သပြေပန်းနဲ့ ကြိုဆိုကြတဲ့ ဆိုတဲ့ သတင်းကို ခေါင်းစဥ် အနေနဲ့ဖေါ်ပြထားတာ တွေ့ရပြီး အခြားသော သတင်းဌာနတွေရဲ့ သတင်းတွေမှာတော့ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် ဆုံရွာက ကျေးရွာသူ ကျေးရွာသား အနည်းဆုံး ၃၂ ဦး သေဆုံးပြီး ၁၄ ဦး ဗုံးစတွေထိ မှန်ဒဏ်ရာရကြတယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။ မြင်းခြံမြို့နယ်ထဲက ဆုံရွာဟာ မြင်းမူမြို့ တောင်ဘက် ဧရာဝတီမြစ်ကမ်းအနီးမှာ တည်ရှိတဲ့ ကျေးရွာတရွာဖြစ်ပြီး စစ်ကောင်စီကို ထောက်ခံတဲ့ ပြည်သူ့စစ် (ပျူစောထီး) တွေအခြေစိုက်တဲ့ ကျေးရွာလို့ သတင်းတွေမှာ ဖေါ်ပြကြပါတယ်။ ဒီရွာကို အနီးတဝိုက်က PDF တပ်ဖွဲ့တွေ စုပေါင်းပြီး လက်နက်ကိုင် အင်အား ၂၀၀ လောက်နဲ့  အလစ်အငိုက် ဝင်တိုက်ခဲ့ရာမှာ အခုလို အရပ်သားလို့ ယူဆရတဲ့ ဆုံရွာက အမျိုးသမီးနဲ့ ကလေးငယ် အပါအဝင် လူ ၃၂ ဦးသေဆုံးခဲ့ရတယ်လို့ သတင်းဖော်ပြချက်တွေကို ကြည့်ပြီး ယူဆရပါတယ်။  

ပျူစောထီးတွေကို ထောက်ခံတဲ့ ကျေးရွာတွေ စစ်ကိုင်းတိုင်းထဲမှာ၊ မကွေးတိုင်း အထက်ပိုင်းနဲ့ မန္တလေးတိုင်းတွေထဲမှာ အသီးသီးရှိနေကြပြီး ဂန့်ဂေါမြို့နယ်ထဲက မြောက်ခင်ရန်းလို ကန့်ဘလူမြို့နယ်ထဲက ကျေးရွာတချို့က သတင်းတွေမှာ မကြာခဏပါရှိပြီး လူသိများကြပါတယ်။ အခုလို ဆုံရွာ တိုက်ခိုက်မှုမှာ သေဆုံးကြရတဲ့သူတွေရဲ့ ဓါတ်ပုံတွေကို စစ်တပ်ထောက်ခံတဲ့ တယ်လီဂရန်တွေဘက်မှာ နေ့တွင်းချင်း ပျံ့နှံ့လာခဲ့ပြီး မီးလောင်ကျွမ်းပြီး ကျားမ ခွဲခြားရခက်တဲ့ ရုပ်အလောင်းတွေ၊ လူလတ်ပိုင်းနဲ့ လူကြီးပိုင်း အမျိုးသမီးရုပ်အလောင်းတွေ၊ အသက် ၁၀ နှစ်ဝန်းကျင်လို့ခန့်မှန်းရတဲ့ကလေးငယ်တွေ၊ သေနတ်ဒဏ်ရာ သို့မဟုတ် ရော့ကက်လောင်ချာ ပေါက်ကွဲမှုကြောင့် အသက်ဆုံးရှုံးရတာလို့ မှန်းဆရတဲ့ သူတွေ ရွာထဲက လမ်းနဘေး မြေကြီးမှာ တန်းစီပြီးပုံထားကြတာတွေ့ ရပါတယ်။ 

စစ်ကောင်စီရဲ့ တပ်တွေ စစ်ကြောင်းထိုးစဥ် သတ်ဖြတ်ခဲ့တဲ့ အဖြစ်အပျက်တွေ စစ်ကိုင်းတိုင်း မုန်တိုင်ပင်ရွာ အဖြစ်အပျက်၊ ပအဖ ရုံးသစ်ဖွင့်ပွဲကို လေကြောင်းမှ တိုက်ခိုက်ခဲ့လို့ ကလေးငယ်နဲ့ အမျိုးသမီး၊ သက်ကြီးရွယ်အိုတွေ အပါအဝင် လူ ၁၇၀ ကျော် သေဆုံးခဲ့တဲ့ အဖြစ်အပျက်၊ ကချင် ပြည်နယ် ဖားကန့်အနီးမှာ ကေအိုင်အေက ကျင်းပတဲ့ အထိမ်းအမှတ် ဖျော်ဖြေပွဲကို လေကြောင်းက ဗုံးကြဲခဲ့ရာမှာ လူ၇၀ ဝန်းကျင် သေဆုံးခဲ့တဲ့ အဖြစ်အပျက်နဲ့ အခြားသော စစ်ကောင်စီတပ်တွေ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေအများအပြားရှိခဲ့ရာက အခု ဆုံရွာအဖြစ်အပျက်က PDF  အင်အားအများအပြားနဲ့ စစ်ကောင်စီထောက်ခံတဲ့ပြည်သူ့စစ်တွေကိုတိုက်ခိုက်ရာမှာ အရပ်သားတွေ သေ ဆုံးရတဲ့အဖြစ်အပျက်လည်း အထက်ကဖြစ်ရပ်တွေလောက် အသက်ဆုံးရှုံးမှု မများသည့်တိုင် လက်နက်ကိုင်မဟုတ်သူလို့ ယူဆရတဲ့ အရပ်သားတွေ ၃၀ ကျော်သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်က PDF တွေရဲ့ စစ်ရေးဆိုင်ရာ ကျင့်ဝတ် စည်းမျဥ်းတွေ ချိုးဖောက်ပြီး တဖက်ကို ထောက်ခံတဲ့ ကျေးရွာသားတွေ၊ မိသားစုဝင်တွေကို လက်စားချေသတ်ဖြတ်မှုအဖြစ် မှတ်တမ်းတင်ခံရမယ့် အနေအထားမျိုးလည်း ဖြစ်ပါတယ်။ 

အတိတ်က မြန်မာ့သမိုင်းမှာ လက်နက်ကိုင် တိုက်ခိုက်မှုတွေအတွင်း အခုလို အရပ်သား အများအပြား ကို တဖက်ကို ထောက်ခံလို့ ဆိုတဲ့ စွပ်စွဲချက်၊ သံသယနဲ့ သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်တွေရှိနှင့်ပြီး ဖြစ်ပါတယ်။ ၁၉၆၀ ပြည့်နှစ်က ဖဆပလ အစိုးရကို လက်နက်ကိုင် တိုက်ခိုက်နေတဲ့ သခင်စိုး ဦးဆောင်တဲ့ အလံနီကွန်မြူနစ်ပါတီက စစ်တပ်ထောက်ခံလို့ဆိုတဲ့ စွပ်စွဲချက်နဲ့ ထီးလင်းမြို့နယ်ထဲက ဆင်စွယ်ရွာက အမျိုးသား ၇၄ ယောက်ကို သတ်ဖြတ်ခဲ့တဲ့ အဖြစ်အပျက်လိုမျိုး ရှိခဲ့ပြီး ၁၉၇၃ ခုနှစ် သခင်စိုး လက်နက်ချ အဖမ်းခံပြီးနောက် ဆင်စွယ်ရွာ လူသတ်မှုအတွက် သေဒဏ်စီရင်ချက် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှာ လက်နက်ကိုင်တပ်ဖွဲ့ဝင် မဟုတ်တဲ့ အရပ်သားတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ အများစုကို စစ်ကောင်စီရဲ့ တပ်တွေက ကျူးလွန်ခဲ့၊ ကျူး လွန်နေဆဲဖြစ်ပြီး အစောဆုံးအဖြစ်အပျက်က ကရင်နီပြည် ဖရူဆိုမြို့နယ်က မိုဆူးရွာမှာ စစ်ဘေးရှောင်သူ ကလေး၊ အမျိုးသမီး အပါအဝင်လူ ၄၀ လောက်ကို ပစ်သတ်ပြီး ကားနဲ့အတူ မီးတင်ရှို့ခဲ့တဲ့ ဖြစ်ရပ်ဖြစ်ပါတယ်။ 

စစ်ကောင်စီတပ်တွေ ကျူးလွန်တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို မှတ်တမ်းတင်ထားပြီး တချိန်မှာ တာဝန်ရှိသူတွေ အပြစ်ပေး အရေးယူနိုင်ဖို့ ကြိုးစားကြမှာဖြစ်ပါတယ်။ 

ဒီလို အနေအထားမှာ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ PDF လက်နက်ကိုင် အဖွဲ့တွေကလည်း အလားတူ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမျိုးတွေ မကျူးလွန်မိဖို့ အရေးကြီးတယ်လို့မြင်ပါတယ်။ အခု ဆုံရွာက အဖြစ်အပျက်မျိုး၊ ဒိမတိုင်ခင် မကွေးတိုင်း ဆောမြို့မှာ အခုလောက် အရေအတွက် မများသော်လည်း မိသားစုဝင်တွေနဲ့ ဧည့်သည်အပါအဝင် အရပ်သား ၆ ဦးကို YDF လို့ အတိုကောက်ခေါ်တဲ့  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သတ်ဖြတ်ပြီး ကား၊ ငွေကြေးနဲ့ ရွှေတွေကို ယူဆောင်သွားတဲ့ အဖြစ်အပျက်တွေ ဖြစ်ပျက်ခဲ့ဖူးတာ ဖြစ်ပါတယ်။ 

ဒီလိုအဖြစ်အပျက်တွေနဲ့ ပတ်သက်လို့ နောက်နောင် မဖြစ်ပွားအောင် အရေးယူ အပြစ်ပေးနိုင်ခြင်း မရှိသေးတာလည်း တွေ့ရမှာဖြစ်ပါတယ်။ စစ်ကောင်စီဘက်က ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေ အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့လည်း အရေးယူ အပြစ်ပေးနိုင်ခြင်း မရှိသေးသလို  PDF တပ်ဖွဲ့တွေကကျူးလွန်ခဲ့တဲ့ အထက်ကသတ်ဖြတ်မှုတွေကိုလည်း အရေအတွက်အားဖြင့် နည်းပါးပေမယ့် တော်လှန်ရေး အင်အားစုတွေ အနေနဲ့ အရေးယူ အပြစ်ပေးနိုင်ခြင်း မရှိသေးတာ တွေ့ရမှာဖြစ်ပါတယ်။ အရေးမယူနိုင်ခြင်း အကြောင်းက တခုထက်မက ရှိနိုင်တာဖြစ်ပါတယ်။

ဒေသအလိုက်၊ မြို့အလိုက်၊ ကျေးရွာအလိုက် ဖွဲ့စည်းထားတဲ့ PDF လက်နက်ကိုင်အဖွဲ့တွေကို အထက်က တာဝန်ခံရမယ့် အဖွဲ့အစည်းအနေနဲ့ အမိန့်ပေးနိုင်တဲ့ အာဏာ မရှိတာ ဖြစ်နိုင်သလို တိုင်းရင်းသား နယ်မြေ မဟုတ်တဲ့ ဒေသက တော်လှန်ရေး အင်အားစုတွေရဲ့ ဦးဆောင် အဖွဲ့အစည်းလို့ ယေဘုယျအားဖြင့် မှတ်ယူကြတဲ့ NUG အစိုးရရဲ့ MOD ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ အခုလို စစ်ဆင်ရေး၊ တိုက်ခိုက်မှုတွေမှာ တိတိကျကျ လိုက်နာရမယ့် ထိတွေ့တိုက်ခိုက်မှုဆိုင်ရာ စည်းမျဥ်းစည်းကမ်း Rules of Enngagement တွေကို ကြပ်မတ်နိုင်တဲ့ အနေအထားမရှိတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သို့မဟုတ် အဲလို နိုင်ငံတကာက လက်ခံထားကြတဲ့ စည်းမျဥ်းစည်းကမ်းတွေကို လိုက်နာဖို့ ကြပ်မတ်ဖို့ မူဝါဒ၊ ဆန္ဒ ၊ စနစ် တို့မရှိတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

မေလ ၉ ရက်နေ့မှာပဲ စစ်ကောင်စီတပ်က လေယာဥ်တွေက အစည်းအဝေးလုပ်နေတယ်လို့ ဆိုတဲ့ အကြည်ရွာ ဘုန်းကြီးကျောင်းကို ဗုံးကြဲခဲ့ရာမှာ ဘုန်းတော်ကြီးတပါးအပါအဝင် လူ ၂၀ ခန့်သေဆုံးတယ်ဆိုတဲ့ သတင်းလည်း နေ့တွင်းချင်း ပေါ်ထွက်လာခဲ့ပါတယ်။ ဘုန်းတော်ကြီးကျောင်းထဲမှာ စာသင်ယူနေတဲ့သူတွေလည်း ရှိသလို ယာဥ်လိုင်းကိစ္စနဲ့ပတ်သက်တဲ့ အစည်းအဝေးတခုလည်း ကျင်းပနေချိန်မှာ အခုလို စစ်ကောင်စီလေတပ်က ဗုံးကြဲမှုကြောင့် သေဆုံးကြရတာလို့ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။ 

ဒါကတော့ စစ်ကောင်စီက ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတခု ထပ်မံတိုးလာတာလို့ ဆိုရမှာဖြစ်ပါတယ်။

-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar