မြူမှုံ - ငလျင် ရေးတဲ့ နွေပန်းချီ
မြူမှုံ - ငလျင် ရေးတဲ့ နွေပန်းချီ
မိုးမခ ၊ ဧပြီ ၁ ၊ ၂၀၂၅
မျက်ရည်စက်တွေလား...။
သွေးစက်တွေလား...။
အနီရောင် နိမိတ်ပုံတွေက
သွေးနဲ့မျက်ရည် ရောနှောလို့...။
မိုးခြိမ်းသလို ဖျက်အားပြင်း ဗုံးသံတွေလား...။
သေနတ်သံတွေလား...။
လှုပ်ခါသံတွေက တော်လဲသလို မြည်ဟီးလို့...။
ပြိုကျသံတွေကြား
ဘယ်ပြေးပြေး
လိုက်လောင်နေတဲ့ သောကမီးများ
အသံယောင်ယောင် အသက်ငွေ့ငွေ့
ရင်နင့်စရာ အနိဋာရုံတွေကြား
တိုးဖျော့ဖျော့ တောင်းခံလို့...
တောင်းပန်သံများ...
ကူပါ...ကယ်ပါ...
လည်တိုင်ကွဲလု အာခေါင်ခြစ်အော်လိုက်တဲ့
အသံနက်နက်တွေ
နောက်ဆုံး... ညည်းတွားသံမှတပါး
....
သက်ဆိုင်သူ မိသားစုဝင်တွေကြား
အမျိုးသမီးတွေက မျက်ခွံတွေ မို့မောက်လို့
အမျိုးသားတွေက မျက်တွင်းအချိုင့်သား
လူမမယ် သားသမီးငယ်တွေက
အကြောက်တရား ကြီးစိုးနေတဲ့
မျက်လုံးလေး ကလယ်ကလယ်နဲ့...
မိသားစုကောင်းကင်ဟာ
ဘယ်တော့မှ ကြယ်မစုံတော့ဘူး...။
ဘာမှမရှိတဲ့ ဘဝတွေကနေ
ဘာမှမရှိကြတော့တဲ့ အသက်ခန္ဓာများ...။
သမိုင်းအမွေများ လဲပြိုပျက်စီးလို့
လူသားချင်း စာနာထောက်ထားသူတွေဆီက
ခိုးယူ စားသုံးကြမယ့် မအလနဲ့ အပေါင်းအပါများ...။
ဒီနွေဟာ မျက်ရည်တွေနဲ့...
ဒီနွေဟာ ပိုပြီး ပူပြင်း...လောင်မြိုက်လို့...
ဒီနွေဟာ ငိုကြွေးသံတွေနဲ့ ဥသြတွန်တယ်
ဒီနွေဟာ ဘုရားစေတီတွေ မရှိ
ဒီနွေဟာ သွေးတွေနဲ့ လက်ပံပွင့်တယ်
ဒီနွေဟာ မြို့ရွာပျက်တွေနဲ့ အထီးကျန်တယ်
ဒီနွေဟာ အသက်တွေနဲထပ်တူ
ရွက်ခြောက်တွေကြွေတယ်
ဒီနွေဟာ စစ်အာဏာရှင် အပေါင်းအပါနဲ့
ခွေးရူးတွေကို ပိုမြူးစေတယ်
ဒီနွေဟာ...
ငလျင်ရေးတဲ့ ပန်းချီကားချပ်...။ ။
-
t.me@moemakaPlease show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar