မောင်လူမွှေး - ညရဲ့အရသာ
မောင်လူမွှေး - ညရဲ့အရသာ
မိုးမခ ၊ ဩဂုတ် ၂၆ ၊ ၂၀၂၆
ညတွေကို တိတ်တဆိတ်လေး ဖြတ်သန်းရတာကို မောင်လူမွှေး သဘောကျတယ်။ သီချင်းသံတွေ မရှိ။ စကားပြောသံတွေ မရှိ။ အသံချဲ့စက်သံတွေ မရှိ။ တရားဟောသံတွေ မရှိ။ မပြည့်တဲ့ ဆုပေးသံတွေလည်းမရှိ။ မူးယစ်ရမ်းကားမှုတွေ မရှိ။ အင်းဆက်ကလေးတွေရဲ့ အော်သံသာရှိတဲ့ ညကို မောင်လူမွှေး နှစ်သက်နေတယ်။ မောင်လူမွှေးနားမှာ ခွေးနှစ်ကောင်ဟာ အေးအေးဆေးဆေး ဝပ်နေတယ်။
တနေကုန် မိုးရွာပြီး ညနေမှ မိုးတိတ်ထားတော့ ညဟာ လန်းဆန်းနေတယ်။ ညဦးမှာ လျှပ်စီးတွေဟာ ကောင်းကင်ကို ခြိမ်းခြောက်ထားပေမဲ့ ကြယ်ကလေးတွေ တစ်လုံးစ၊ နှစ်လုံးစ ပေါက်လာတယ်။ ဒီကြယ်ကလေးတွေက "မနက်ဖြန် စစ်ရှောင်တောတိုက်မှာ မိုးမရွာဘူး" လို့ ပြောပြနေကြတာ ဖြစ်ပါတယ်။
တဲပြင်ကို ထွက်ကြည့်တော့ မီးလင်းတဲ့ တဲဟာ မောင်လူမွှေးအိပ်တဲ့ တဲတစ်တဲတည်း ဖြစ်နေတာ တွေ့ရတယ်။ အခြား ဘယ်တဲမှာမှ မီးမထွန်းကြတော့ဘူး။ မီးမလင်းကြတော့ဘူး။ တောတိုက်ထဲမှာ တဲတစ်တဲတည်း မီးလင်းနေတာဟာ ညရဲ့ ရစ်သမ်ပျက်တာပဲလို့ သိလိုက်တယ်။ မောင်လူမွှေး ဆိုလာမီးသီးကို မှိတ်ပစ်လိုက်တယ်။ အဲဒီတော့ တောတိုက်တစ်ခုလုံး အမှောင်ညီမျှသွားပြီး ညရဲ့ အရသာဟာ ပိုပေါ်လွင်လာတယ်လို့ ခံစားမိတယ်။
အမြင့်ပေ သုံးသောင်းဝန်းကျင်ကနေ ပျံသန်းနေတဲ့ လေယာဉ်ပျံကြီးတွေရဲ့ အသံကို မကြာမကြာ ကြားရတယ်။ ကမ္ဘာ့နိုင်ငံတွေကို ကူးချည်သန်းချည် လုပ်နေကြတဲ့ ပုံမှန်လေယာဉ်ပျံကြီးတွေပါ။ မောင်လူမွှေးတို့ဟာ ကမ္ဘာကြီးထဲမှာ သီးသန့် အထီးကျန်နေတဲ့သူတွေ၊ ခေတ်လွန်ကမ္ဘာကြီးရဲ့ လျစ်လျူရှုခြင်းခံရသူတွေဆိုတာကို လေယာဉ်ပျံကြီးတွေရဲ့ အသံက သတိပေးနေတယ်။ လေယာဉ်ပျံကြီးတွေကို အော်ခေါ်လို့ မကြားဘူး။ မောင်လူမွှေးတို့ ဘယ်လောက်အော်အော် ကမ္ဘာကြီးက မကြားသေးပေ။
တောတိုက်စစ်ရှောင်စခန်းရဲ့ မိုးရာသီညတွေဟာ လုံခြုံမှုကို ပေးတယ်။ မိုးရာသီမှာ ညရဲ့အရသာကို ကောင်းကောင်းခံစားလို့ရတယ်။ ဆောင်းရာသီတွေ၊ နွေရာသီတွေ ဆိုရင် ညရဲ့ အရသာကို ကောင်းကောင်းခံစားနိုင်ဖို့ မသေချာ။ ကောင်းကင်မှာ နတ်ဆိုးတစ်ကောင်လို အော်ဟစ်ပြီး လာတတ်တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လေယာဉ်တွေဟာ ညရဲ့ အလှကို လုံးဝ ဖျက်ဆီးပစ်နိုင်တယ်။
အမှောင်ထဲမှာ တစ်နာရီနီးပါး ထိုင်ပြီးနောက်မှာ ခပ်တိုးတိုး ထွက်ပေါ်နေတဲ့ တဝေါဝေါ အသံကို သတိထားမိလာတယ်။ တဲနဲ့ ခပ်လှမ်းလှမ်းက မြောင်းကလေးရဲ့ ရေစီးသံ။ တောတိုက်တစ်ခုလုံးရဲ့ ထမင်းအိုး၊ ဟင်းအိုးကို နွေ၊ မိုး၊ ဆောင်း ဖြည့်ပေးနေတဲ့ ရေမြောင်းကလေးရဲ့အသံ။ ဒီအင်ဒိုင်းမြေဟာ ဒီမြောင်းလေးရှိလို့သာ သီးပင် စားပင် စိုက်ပျိုးလို့ရနေတာ။ တခါ တခါ ရေဟာ ပညာနဲ့ အလားသဏ္ဌာန်တူတယ်။
ညတွေထဲမှာ တောတိုက်က တဲတွေမှာနေပြီး ဖြတ်သန်းရတဲ့ အရသာဟာ ဒီကာလမှာ စိတ်ချမ်းသာရဆုံး အခိုက်အတန့်တွေပါပဲ။ စစ်ရှောင်စခန်းဆိုရင်လည်း တဲတွေက စုနေတဲ့အတွက် ညဟာ ဒုက္ခတွေနဲ့ ကြပ်နေတတ်တယ်။ ရွာတွေမှာဆိုလည်း ပျော်ရွှင်ယောင်ဆောင်နေကြတဲ့ အသံတွေ၊ ဓလေ့ထုံးစံအရ ထွက်ရတဲ့အသံတွေ၊ ညရဲ့အရသာကို လုယူတတ်ကြတဲ့ မနက်ဖြန် ဆိုတဲ့ အတွေးတွေနဲ့ ညဟာ မီးရောင်အောက်မှာ ရှုပ်ထွေးနေလေ့ရှိတယ်။
တောတိုက်ရဲ့ ညအရသာကို သိသွားတဲ့ လူတွေအဖို့ ရွာကို မပြန်ချင်ကြတော့ဘူး။ တောတိုက်ရဲ့ညတွေကို စွဲမက်ပြီး ရွာကို ပြန်အိပ်လို့ရပေမဲ့ မအိပ်ကြတော့တဲ့သူတွေ များစွာရှိတယ်။ "တောထဲက အေးဆေးတယ်" တဲ့။ "ခေတ်ကောင်းရင်တောင် မပြန်တော့ဘူး" ဆိုတဲ့ လူတွေ ရှိတယ်။ မောင်လူမွှေးကတော့ မနက်ဖြန် ရွာတွေဘက်ကို ပြန်ရမယ်။ တစ်ရွာပြီး တစ်ရွာ ကူးရမယ်။ ညကို နှောင့်ယှက်တတ်တဲ့ အရာတွေကနေ သက်သာအောင် အခန်းထဲမှာ ပုန်းရမယ်။
အခန်းထဲမှာ ပုန်းနေရတဲ့ ညတွေကျတော့လည်း ပျင်းရိငြီးငွေ့စရာ ကောင်းပြန်ရော။ သက်ပြင်းချသံတွေနဲ့ပဲ ညကို ဖြတ်သန်းနေရတယ်။ ညအမှောင်ထက် ဖိအားတွေက သိပ်သည်းလာတဲ့ကာလမှာ ညရဲ့အရသာကို တောတိုက်တစ်နေရာမှ ခံစားခဲ့ရတယ်။ ဒီလို မခံစားခဲ့ရတာ ကြာပေါ့။ ကောင်းကင်က ကြယ်ကလေးတွေက ပြောနေကြတယ်။ မနက်ဖြန် မိုးမရွာဘူးတဲ့။ ဟုတ်ကဲ့။ မကြာမီ နိုင်ငံတွင်းမှာ ဒုက္ခမိုးတွေ မရွာတော့ဘူးလို့ ပြောနိုင်မဲ့ ကြယ်ကလေးတွေ ရှိတန်ကောင်းပါရဲ့။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar