Sunday, April 27, 2025

ကောင်းဇေလူ - တရုတ်ရဲ့ ဗိုလ်ကျလွှမ်းမိုးရေးဝါဒကို ဆန့်ကျင်ကြ၊ နွေဦးတော်လှန်ရေးဘက်က ရပ်တည်ကြ

တရုတ်ရဲ့ ဗိုလ်ကျလွှမ်းမိုးရေးဝါဒကို ဆန့်ကျင်ကြ၊ နွေဦးတော်လှန်ရေးဘက်က ရပ်တည်ကြ

ကောင်းဇေလူ 

မိုးမခ ၊ ဧပြီ ၂၇ ၊ ၂၀၂၅

မြန်မာ့အရေးကိစ္စနဲ့ပတ်သက်လို့ တရုတ်အစိုးရရဲ့ လက်ရှိဝင်ရောက်စွက်ဖက်နေမှုဟာ မြန်မာ့အချုပ်အခြာ အာဏာကို လွန်လွန်ကျူးကျူးစော်ကားမော်ကားလုပ်တဲ့ အဆင့်ရောက်နေပြီဖြစ်တယ်။ အထူးသဖြင့် လားရှိုးမြို့ အလွှဲအပြောင်း ကိစ္စနဲ့ ပတ်သက်လို့ တရုတ်အထူးကိုယ်စားလှယ် ကြီးကြပ်နေတယ်ဆိုတဲ့ အချက်ဟာ အတော်ဘောင်ကျော်တဲ့ စွက်ဖက်မှုဖြစ်တယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ် စားလှယ် မစ္စတာတိန့်ရှီကျွင်း ကိုယ်တိုင် လားရှိုးမြို့မှာ ကိုယ်တိုင်ရောက်ရှိကြီးကြပ်နေတယ်လို့ ဆိုတယ်။ မစ္စတာ တိန့်ရှီကျွင်းဟာ ဧပြီလ ၁၈ ရက်နေ့က တရုတ်နိုင်ငံအလံနဲ့ ပစ်ခတ်ရပ်စဲမှုစောင့်ကြည့်ရေးအဖွဲ့ဆိုပြီး စာတန်းတွေကပ်ထားတဲ့ မော်တော်ယာဉ်တွေနဲ့အတူရောက်ရှိလာတာလို့ ဒေသခံတွေက ပြောတယ်။

တရုတ်အစိုးရရဲ့ ကြားဝင်ဆောင်ရွက်မှုနဲ့ ကိုးကန့်တပ်မတော် (MNDAA) နဲ့ စစ်ကောင်စီတို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ပြီးခဲ့တဲ့ဇန်နဝါရီ ၁၈ ရက်နေ့ကစလို့ အပစ်အခတ်ရပ်စဲရေးသဘောတူခဲ့ကြတာလို့ အဲဒီအချိန်က တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုခဲ့ကြောင်း RFA သတင်းက ဖော်ပြတယ်။ အဲဒီဆွေးနွေးပွဲမှာ MNDAA နဲ့ စစ်ကောင်စီတို့အကြား ဘယ်အချက်ကိုသဘောတူခဲ့ကြတယ်ဆိုတာကို တရားဝင် ထုတ် ဖော်ပြောဆိုတာမရှိကြပေမဲ့ အပစ်အခတ်ရပ်စဲပြီးသုံးလခန့်အကြာမှာ လားရှိုးမြို့ကနေ MNDAA တပ်တွေဆုတ်ခွာပြီး စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားနဲ့ လည်ပတ်မဲ့ အစီအစဉ်တွေ ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။ ဒေသခံတွေကတော့ မကြာခင် စစ်ကောင်စီလက်အောက်ရောက်ရှိတော့မယ့် အခြေအနေကို စိုးရိမ်နေကြတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လားရှိုးမြို့ခံတစ်ဦးက RFA ကိုပြောခဲ့ကြောင်း သိရတယ်။

လာရှိုးမြို့ပေါ် ကနေ MNDAA တပ်ဖွဲ့ ဆုတ်ခွာပေးရတဲ့ ကိစ္စရဲ့ နောက်ကွယ်မှာ တရုတ်လက်မည်းကြီးရှိနေတာကို သိသိသာသာ မြင်နိုင်တယ်။ ရှေးက တရုတ်စစ်ဘုရင်ခေတ်က လုပ်ဟန်မျိုးနဲ့  MNDAA ခေါင်းဆောင်ပိုင်း မိသားစုဝင်တွေကို ပြန်ပေးဆွဲထားပြီး၊အကျယ်ချုပ်ဖမ်းဆီးထားခဲ့တယ်။ တနည်းအားဖြင့် မာဖီးယားလူဆိုးဂိုဏ်းကြီးရဲ့ လုပ်ပုံကိုင်ပုံမျိုးကို တရုတ်အစိုးရက ကျင့်သုံးလာတာ ဖြစ်တယ်။  အလွန် အော့နှလုံးနာဖွယ် တရုတ်နိုင်ငံရဲ့ ပဒေသရာဇ်အာဏာရှင်ဆန်ဆန်လုပ်ရပ်အဖြစ် မြန်မာပြည်သူအများက ရှုမြင်ခဲ့တယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံမှာ တရုတ်မုန်းတီးရေး/ရှီကျ့ဖျင်ဆန့်ကျင်ရေး နိုင်ငံရေးအမြင်ကြီးထွားလာနေတယ်။ နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ "ရှီကျင့်ဖျင်နဲ့ ဝမ်ယီ" တို့ရဲ့ခေတ်သစ်နယ်ချဲ့ဝါဒကို ဆက် လက်တိုက်ဖျက်ရမယ့် အခြေအနေဖြစ်လာနေတယ်။

မြန်မာဂျန်ဇီးလူငယ်မျိုးဆက်တွေဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးကလည်း စစ်အာဏာရှင်စနစ် အမြစ်မပြတ်သရွေ့ နောက်ပြန်မလှည့်ရေး သန္နိဋ္ဌာန်ချထားကြပြီး ဖြစ်တယ်။ တရုတ်၊ ရုရှားနဲ့ အာဆီယံအဖွဲ့တို့ဟာ မြန်မာ့အရေး မြေပြင်လက်တွေ့ကို အသိအမှတ်မပြုဘဲ  ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ဖို့ မျှော်လင့်နေကြတယ်။ မင်းအောင်လှိုင် စစ်အုပ်စုဟာ နိုင်ငံရေးစားပွဲဝိုင်းမှာ ထိုင်နိုင်လောက်တဲ့ ကိုယ်ကျင့်သီလ အခြေခံမရှိသူတွေ/အကြမ်းဖက်သမားတွေဖြစ်နေတာကိုသိမြင်ပါလျက်နဲ့ တရုတ်၊ ရုရှားနဲ့ အာဆီယံ နိုင်ငံတွေကမမြင်ဟန်ဆောင်နေကြတယ်။

အပစ်ရပ်ရေးကြေညာပြီး အဆက်မပြတ်ဗုံးကျဲတိုက်ခိုက်နေတာကို မမြင်သလိုမသိသလိုလုပ်နေကြတာဟာ လူ့ကျင့်ဝတ်ကို မျက်ကွယ်ပြုတာဖြစ်တယ်။  မြေပြင်အခြေအနေမှာ ရွာတွေမီးရှို့ပြီး လူသတ်ဝါဒ ကျင့် သုံးနေတဲ့ ဖက်ဆစ်စစ်အာဏာရှင်တွေနဲ့ ဆွေးနွေးဖို့မဖြစ်နိုင်တော့တာ လက်တွေ့အခြေအနေဖြစ်တယ်။ ဒီလို မြေပြင်လက်တွေ့အနေအထားကို ကုလသမဂ္ဂ၊ အမေရိကန်နဲ့ တရုတ်အပါအဝင် အာဆီယံနိုင်ငံတွေ မြင်အောင်ကြည့်ဖို့လိုတယ်။ ဝိုင်းဝန်းရှုတ်ချ ပြစ်တင်ဖို့လိုတယ်။

မျိုးဆက်အပြောင်းအလဲနဲ့အတူ ပေါ်လာတဲ့ နိုင်ငံရေးအမြင်၊ တော်လှန်ရေး အတွေးအခေါ်အသစ်ကို လက်ခံကြဖို့ လိုတယ်။ မြန်မာနိုင်ငံအခြေအနေက အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို အမြစ်ကလှန်ဖို့ လူငယ်မျိုးဆက်သစ်တွေက ဆုံးဖြတ်ထားကြတာ ဖြစ်တယ်။ သွေးကြွေးမှာ ဆွေးနွေးစရာမရှိလို့ ခံယူထားကြတာ ဖြစ်တယ်။ ဒီသဘောထားကို ဖီဆန်ရင် အကြမ်းဖက်စစ်ကောင်စီနဲ့ကျေိတ်ထဲ တဉာဏ်တည်းလို့ ဝေဖန်ခံရမှာ ဖြစ်တယ်။

လတ်တလောမှာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် မြန်မာနိုင်ငံမှာ လူပေါင်း ၄,၀၀၀ ကျော် သေဆုံးပြီး ပြည်သူလူထုတွေရဲ့အိုးအိမ်တိုက်တာတွေ အများအပြား ပြိုကျပျက်စီးခဲ့ကြောင်း သတင်းတွေအရ သိနိုင်တယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ စစ်ကောင်စီက ဧပြီလ ၂ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ နိုင်ငံတစ်ဝန်းယာယီအပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့တယ်။ ဧပြီ ၂၃ ရက်ကနေ ၃၀ ရက်နေ့အထိ နောက်ထပ်တစ်ပတ်ယာယီအပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးခဲ့ကြောင်းလည်း သတင်းတွေမှာ ဖော်ပြတယ်။

သို့ပေမဲ့ RFA သတင်းဌာနကပြုစုထားတဲ့ စာရင်းတွေအရ ပထမအပစ်ရပ်ကြေညာခဲ့တဲ့ အချိန်သုံးပတ်အတွင်းမှာ နိုင်ငံတစ်ဝန်းစစ်ကောင်စီကဗုံးကြဲတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သား ၁၆၁ ဦးသေဆုံးပြီး နောက်ထပ် ၂၉၉ ဦးဒဏ်ရာရခဲ့ကြောင်းသိရတယ်။ ဒီစစ်တပ်ဟာ ကတိဖောက်ဖျက်တဲ့နေရာမှာ နံ ပါတ်တစ်ပါပဲ။ သူပေးတဲ့ကတိတွေကို အလွယ်တကူ ယုံလို့ မရဘူးဆိုတာကို မြန်မာပြည်အတွင်းမှာ လူတိုင်းသိတဲ့ပေးထားချက်ဖြစ်တယ်။ ဒါကြောင့် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ကတိမတည် တာဝန်ယူမှု တာဝန် ခံမှုလုံးဝမရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ "ယာယီအပစ်အခတ်ရပ်စဲရေးသက်တမ်းတိုးမှု" ကို အလွယ်တကူ မယုံကြည်သင့်ဘူး။ စနစ်ကျတဲ့စောင့်ကြည့်အကဲခတ်ရေးအဖွဲ့တွေဖွဲ့ပြီး စောင့်ကြည့်ဖို့လိုအပ်တယ်။ ဒီအတောအတွင်းမှာ ငလျင်ဘေးဒုက္ခကြောင့် ဆိုးဆိုးရွားရွားမွှေနှောက်ဖျက်ဆီးခံရတဲ့ မြန်မာပြည်သူများကို စစ်အုပ်စုကနေ့စဉ်ဆက်လက်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ မစ္စ Yanghee Leeပြောကြားထောက်ပြထားတာတွေ့ရတယ်။ ဧပြီလအတွင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တာ ဖြစ်တယ်။

"မြန်မာပြည်သမိုင်း၏မည်သည့်ကာလနှင့်မဆို နှိုင်းချင့်ကြည့်ပါက စစ်အုပ်စု၏လေကြောင်းတိုက်ခိုက်မှုများမှ ကလေးများအပါအဝင် အရပ်သားများကိုသတ်ဖြတ်ခြင်းဟာ ယခုကာလတွင် အများဆုံးပင်ဖြစ်ပါတယ်။ စစ်အုပ်စုသည် ရာစုနှစ်တခုကျော်အတွင်း မြန်မာနိုင်ငံကိုတိုက်ခတ်ခဲ့သည့် အဆိုးရွားဆုံးငလျင်ဘေးဒုက္ခကြီးကြောင့် အလွန်ဆိုးရွားစွာ မွှေနှောက်ဖျက်ဆီးခံရသည့်အရပ်သားများကို ယခုအချိန်မှာပင် ဆက်လက် ဗုံးကြဲတိုက်ခိုက်နေပါတယ်"လို့ Yanghee Lee က ဝေဖန်ထောက်ပြထားတယ်။

ဒါ့အပြင်မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ (SAC-M) ဟာ ဧပြီ (၄) ရက်နေ့က ဂျီနီဗာမြို့မှာ ပြီးဆုံးခဲ့တဲ့ 'ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ' ရဲ့  (၅၈) ကြိမ်မြောက် အစည်းအဝေးအတွင်း မြန်မာနိုင်ငံအပေါ်  ပြန်လည်အားသစ်လောင်းပေးရေး နိုင်ငံတကာရဲ့အာရုံစိုက်မှုကို ကြိုဆိုအပ်ယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်။

အာဆီယံအဖွဲ့ဟာ မြန်မာနိုင်ငံနှင့်အာဆီယံဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ လုပ်ငန်းများ ဖော်ဆောင်ရန် လုံးဝပျက်ကွက်ခဲ့တယ်။ အာဆီယံသည် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် အခြားနိုင်ငံများနှင့်အတူ မြန်မာနိုင်ငံအတွက် ဒေသဆိုင်ရာတုံ့ပြန်မှုတရပ်ကို ဦးဆောင်ရမှာဖြစ်ပြီး၊ NUG၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် မြန်မာ့အရပ်ဘက်လူ့အဖွဲ့အစည်းတို့နှင့်ပူးပေါင်း၍ နိုင်ငံ၏ဒေသအများစုဖြစ်သည့်  စစ်တပ်၏ထိန်းချုပ်မှုပြင်ပရှိ ဒေသများအပါအဝင် အလွန်အမင်းလိုအပ်နေသော အသိုင်းအဝိုင်းများထံသို့ နယ်စပ်ဖြတ်ကျော်လမ်းကြောင်းများမှတဆင့် 'လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ' ပေးပို့ရမှာ ဖြစ်တယ်လို့ မစ္စတာ Marzuki Darusman က လည်းပြောကြားခဲ့ကြောင်း သိရတယ်။

အာဆီယံဥက္ကဋ္ဌနဲ့စစ်ခေါင်းဆောင်တို့ ဧပြီ ၁၇ ရက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွေ့ဆုံပွဲမှာ တိုက်ခိုက်မှုတွေ ရပ်စဲထားဖို့ဆွေးနွေးခဲ့ပေမဲ့ စစ်ကောင်စီတပ်ရဲ့ဗုံးကြဲတိုက်ခိုက်မှုတွေကတော့ ရပ်တန့်မသွားကြောင်း RFA သတင်းက ဖော်ပြတယ်။ ဒေသခံတွေရဲ့ပြောဆိုချက်အရ ဧပြီ ၁၈ ရက်ကနေ ဧပြီ ၂၀ ရက်အထိသုံးရက်အတွင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၅၅ ဦးသေဆုံးပြီး နောက်ထပ် ၉၀ ဒဏ်ရာရခဲ့တယ်။ သေဆုံးထိခိုက်သူတွေထဲ ကလေးငယ်တွေ၊ အမျိုးသမီးတွေနဲ့ စစ်ဘေးဒုက္ခသည်တွေလည်းပါဝင်တယ်လို့ သိရတယ်။ သုံးရက်အတွင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု အများဆုံးက မန္တလေးတိုင်းဖြစ်ပြီး ၃၇ ဦးသေဆုံးပြီး ၄၁ ဦးဒဏ်ရာရခဲ့တယ်လို့ RFA သတင်းကဖော်ပြတယ်။ စစ်ကောင်စီတပ်ရဲ့ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ တနင်္သာရီတိုင်းတွေမှာလည်း အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်။

စစ်တပ်က ယာယီအပစ်အခတ်ရပ်စဲခဲ့တဲ့ သီတင်းသုံးပတ်အတွင်းမှာလည်း ရန်ကုန်၊ ဧရာ၀တီနဲ့ နေပြည်တော်ကလွဲပြီး ကျန်ဒေသ ၁၂ ခုကို လေကြောင်း တိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ ပြင်းပြင်းထန်ထန် လုပ်ခဲ့တယ်။ လက်ရှိအချိန်အထိ ဗုံးကြဲ လေကြောင်း တိုက်ခိုက်မှုတွေ အဆက်မပြတ် လုပ်နေဆဲဖြစ်တယ်။ ကလေးတွေနဲ့အမျိုးသမီးတွေအပါအဝင် သာမန်အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုနဲ့ပတ်သက်လို့ Al Jazeera သတင်းထောက်က မေးမြန်ရာမှာ စကစ ပြောခွင့်ရ ဇော်မင်းထွန်းက PDF ထောက်ခံသူတြွေဖြစ်လို့ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ဝန်ခံပြောကြာခဲ့တာတွေ့ရတယ်။ ဒါဟာ စစ်ရာဇဝတ်မှုကျူးလွန်ကြောင်းဝန်ခံတာဖြစ်တယ်။

မကြာသေးမီက မြန်မာနိုင်ငံမှာ စစ်တပ်က ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ မတရား ဖမ်းဆီးထိန်းသိမ်းထားသူတွေကို လွှတ်ပေးဖို့ နဲ့ လိုအပ်နေသူအားလုံးအတွက် လူသားချင်းစာနာမှုအကူအညီတွေ အဟန့်အတားမရှိ ပေးခွင့်ပြုဖို့ အမေရိကန် အရှေ့အာရှ နဲ့ ပစိဖိတ်ရေးရာဗျူရို အကြီးတန်းအရာရှိ Sean O’Neill က တိုက်တွန်း တောင်းဆိုခဲ့တာ တွေ့ရတယ်။

ကမ္ဘောဒီးယားနိုင်ငံ Siam Reap မြို့မှာ ဧပြီ ၂၂ ရက်နေ့က ကျင်းပတဲ့ ၃၇ ကြိမ်မြောက် အမေရိကန်-အာဆီယံ ဆွေးနွေးပွဲအတွင်းပြောကြားခဲ့တာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားတယ်။ ဒီဆွေး နွေးပွဲအတွင်း အရှေ့တောင်အာရှဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိုထိန်းသိမ်းဖို့အတွက် အာဆီယံ နဲ့ အမေရိကန်တို့ ဆိုက်ဘာလုံခြုံရေး၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု၊ အွန်လိုင်းလိမ်လည်မှု၊ ကာကွယ် ရေးနဲ့အကြမ်းဖက်မှုတန်ပြန်ရေး စတဲ့ နိုင်ငံဖြတ်ကျော်မှုခင်းတွေမှာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖို့ကတိပြုခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနထုတ်ပြန်ချက်မှာဖော်ပြထားကြောင်း RFA သတင်းအရ သိရတယ်။

သို့ပေမယ့် တရုတ်ရဲ့ ဝင်ရောက်စွက်ဖက်မှုရ MNDAA ကိုးကန့်တပ် လားရှိုးမြို့ ကနေ ဆုတ်ခွာပေးရပြီး၊ စစ်ကောင်စီ အကြမ်းဖက်တပ်အင်အားထောင်ချီပြီး ဝင်ရောက်လာတယ်လို့ မြို့ခံတွေက ဆိုတယ်။ လားရှိုးမြို့ကိုစစ်ကောင်စီတပ်နဲ့ ဌာနဆိုင်ရာတွေဝင်ရောက် တပ်စွဲနိုင်ရေးအတွက် လားရှိုးကို တရုတ်နိုင်ငံက ကိုယ် စားလှယ်တွေ ရောက်ရှိလာပြီးဆောင်ရွက်ခဲ့ကြောင်း သတင်းတွေ အခိုင်အမာထွက်လာပြီဖြစ်တယ်။ လက်ရှိ လားရှိုးမြို့ပေါ် ၁၂ ရပ်ကွက်ကို တရုတ်နိုင်ငံကကြားဝင်ပြီး ကိုးကန်နဲ့ စစ်ကောင်စီက ညှိနှိုင်းအုပ်ချုပ်မှာ ဖြစ်တယ်လို့လည်း သတင်းတွေထွက်နေတယ်။ လားရှိုးမြို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်တဲ့အတွက် မြို့ခံတွေကြားမှာ စိုးရိမ်မှုတွေလည်း ရှိနေကြောင်းလည်း ကြားရတယ်။

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၊ လားရှိုးမြို့ကို MNDAA အဖွဲ့က စစ်ကောင်စီကို လွှဲပြောင်းပေးအပ်ဖို့ တရုတ်နိုင်ငံက ကြားဝင်ဖိအားပေးခဲ့တာဖြစ်တယ်။  တိန့်ရှီကျွင်းခေါင်းဆောင်တဲ့အပစ်ခတ်ရပ်စဲမှု စောင့်ကြည့်ရေးအဖွဲ့ကိုလည်း လားရှိုးကို စေလွှတ်ခဲ့တယ်။ မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးကို အလေးထားပါတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ မစ္စတာ ဂျိုဂျခွနက မီဒီယာတွေကို ဖြေကြားထားပေမယ့်၊ မြေပြင်လက်တွေ့မှာတော့ တရုတ်ရဲ့ဗိုလ်ကျလွှမ်းမိုးရေးလုပ်ဟန်ကိုပြောင်ပြောင် တင်းတင်း ကျင့်သုံးသွာတာ တွေ့ရတယ်။

လားရှိုးမြို့ကို MNDAA ကိုးကန့်တပ် ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတွေက ၂၀၂၄ သြဂုတ်  ၃ ရက်မှာ အပြီးတိုင် သိမ်းယူနိုင်ခဲ့တာ ဖြစ်တယ်။ စစ်ကောင်စီကို လားရှိုးမြို့ လွှဲအပ်ဖို့ တရုတ်နိုင်ငံက ဗိုလ်ကျလွှမ်းမိုး ဖိအားပေး စွက်ဖက်နေတဲ့အပေါ်  ပြည်သူတွေကြားမှာ မကျေမနပ် ပြင်းပြင်းထန်ထန် ဝေဖန်နေကြတာကို သတိပြုသင့်တယ်။ အထူးသဖြင့် မြန်မာပြည်မြေပုံကို ခုတ်ထစ်လှီးဖြတ်ပြီး တရုတ်နိုင်ငံ အကျိုးစီးပွားအတွက် ခြယ်လှယ်လာခြင်းဟာ လက်ပိုက်ကြည့်နေကြရမယ့် ကိစ္စ မဖြစ်သင့်ဘူး။ အခုကတည်းက နွေဦးတော်လှန်ရေးရဲ့ ရှေ့လုပ်ငန်းစဉ်မှာ ရှီကျင့်ဖျင် နဲ့ ဝမ်ယီတို့ရဲ့ ခေတ်သစ်နယ်မြေချဲ့ထွင်မှုကို ဘယ်လို ခုခံတိုက်ဖျက်ကြမလဲဲဆိုတာ ထည့်သွင်းတွက်ချက်ထားကြဖို့လိုပြီလို့ ယူဆပါတယ်။  

တရုတ်၊ အိန္ဒိယ၊ ထိုင်းနှင့် အာဆီယံနိုင်ငံတွေအနေနဲ့ စစ်ကောင်စီ ကျူးလွန်နေတဲ့စစ်ရာဇဝတ်မှုတွေကို မျက်ကွယ်မပြကြဖို့ တော်လှန်ရေးဘက်က နိုင်ငံတကာကသိအောင် ကြေညာပြောဆိုသင့်တယ်။ စစ်ကောင် စီကို ပံ့ပိုးမယ့်အစား မြန်မာပြည်သူတို့ရဲ့  "စစ်အာဏာဆန့်ကျင်ရေး အခြေခံသဘောထား" ကို မှန်မှန် ကန်ကန်သိရှိအောင် လုပ်သင့်ပြီ ဖြစ်တယ်။ နိုင်ငံတကာအနေနဲ့ မြန်မာလူထုရဲ့ "ဖက်ဒရယ် ဒီမိုကရေစီ" လိုလားချက်ကို ဝိုင်းဝန်းထောက်ခံပေးကြရမယ့် အချိန်ဖြစ်ကြောင်း သတိပေးလိုတယ်။ တရုတ်ထောက်ခံမှုနဲ့ စစ်ကောင်စီကကျင်းပဖို့လုပ်နေတဲ့ အတုအ‌ယောင်ရွေးကောက်ပွဲမှာ ပါဝင်ဖို့ ပြင်ဆင်နေကြတဲ့ နိုင်ငံရေးပါတီတွေအနေနဲ့လည်း အချိန်မနှောင်းမီ ပြည်သူ့ဘက်သို့ကူးပြောင်းချိန်တန်ပြီ ဖြစ်တယ်။

အရပ်ဘက်အဖွဲ့အစည်းတွေအပါအဝင် ပြည်သူ့အကျိုးပြု အဖွဲ့အစည်းတွေအနေနဲ့လည်း တရုတ်-အာဆီယံတို့ ဖော်ဆောင်မယ့် နိုင်ငံရေးဆွေးနွေးပွဲ အတုအယောင်တွေကို ရဲရဲဝံ့ဝံ့ ကန့်ကွက်သွားကြဖို့ လိုပါတယ်။ အထူးသဖြင့် နယ်မြေစိုးမိုးမှု ၂၅ ရာခိုင်နှုန်းတောင် မရှိတော့တဲ့ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ အလွန်အရေးကြီးပါတယ်။ ဒီနေ့ မြန်မာနိုင်ငံအနာဂတ်အတွက် အရေးအကြီးဆုံးတာဝန်က ရှီကျင့်ဖျင်နဲ့ ဝမ်ယီတို့ရဲ့ စစ်တုရင်ခုံပေါ်က နယ်ရုပ်တွေအဖြစ် အသုံးချမှုမခံဘဲ အချိန်မနှောင်းမီ နွေဦးတော်လှန်ရေးဘက်/ဂျန်ဇီးမျိုးဆက်သစ်တို့ဘက်က ဝိုင်ဝန်းရပ်တည်သင့်ပြီ ဖြစ်တယ်။

-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar