ဖလော်ဒါဟန် - WFP မုန့်နဲ့ ငလျင်
မိုးမခ ၊ ဧပြီ ၂၈ ၊ ၂၀၂၅
ငလျင်ကာလ တလမပြည့်ခင် အချိန်လေးမှာ WFP မုန့် တထုပ် ကျွန်မဆီ ရောက်လာတယ်။ ကျွန်မဆိုတာ ခေတ်မီသူတယောက် မဟုတ်ပေမဲ့ အထုပ်ကို ထုပ်ပိုးထားတာမြင်ရုံနဲ့ဒါဟာ WH နဲ့ ဆက်စပ်နေတဲ့ပစ္စည်း ဆိုတာ သဘောပေါက်လိုက်တယ်။
အသက်ရွယ်အို ကျွန်မနဲ့ ဆွေမျိုးတော်စပ်သူက လက်ဆင့်ကမ်းပေးလာတာပါ။
ကျွန်မလည်း အဘကို ပြောလိုက်ပါတယ်။
ဒါ စားလို့ကောင်းတယ်။ အာဟာရပြည့်ဘီစကစ်လို့ ကျွန်မ အဘက ရှေးဆယ်တန်း ဘီလစ်စ်အောင် ဆိုတော့ ဗဟုသုတကြွယ်ပါတယ်။
စာဖတ်သူလည်း ဖြစ်တော့ ကျွန်မ ပြောလိုက်တဲ့စကားကို သိပ်ရှင်းပြစရာမလိုဘူးပေါ့လေ။
ဟုတ်တယ်။ WFP က ထုတ်တာ။
Not for sale လို့ ရေးထားတယ်တဲ့။
ကျွန်မလည်း ထပ်ပြီး မေးခွန်းလေး မေးလိုက်တယ်။
ဘယ်က ရလဲပေါ့။ ကျွန်မတို့ရွာက သက်ကြီးရွယ်အိုတွေအတွက် ဝေမျှတာမရှိတော့ ကျွန်မအတွက် မေးခွန်းဖြစ်လာတာပါ။
အဘကလည်း ပြန်ပြောပါတယ်။ တောင်မြို့က သားသူငယ်ချင်းက ပေးလိုက်တာတဲ့။
ကျွန်မကိုလည်း အဲဒါလေး စားပါ။ အာဟာရပြည့်မုန့် ဖြစ်တယ်။
ကျွန်မလည်း လက်ထဲမှာရှိနေတဲ့ မုန့်ထုပ်လေးကို ဖောက်လိုက်တယ်။ တချပ်မြည်းလိုက်တယ်။အတော်ကို စားလို့ အဆင်ပြေပါတယ်။
ကျွန်မလို ဘီစကစ်ကြိုက်သူအတွက်တော့ အဆင်ပြေပါတယ်။
ကျွန်မလည်း မနက်ကျမှ ကျန်တာ ကော်ဖီနဲ့စားမယ်ဆိုပြီး လေလုံအောင် ထည့်သိမ်းလိုက်တယ်။
တကယ်ဆို အခုလို ငလျင်ကာလမှာ ကျွန်မတို့လို ငလျင်ခံ ပြည်သူများအတွက် အစိုးရ နာမည်ခံထားပြီး အစိုးရလခစား ပြည်သူ့ဘဏ္ဍာကို ထိုင်စားနေတဲ့သူတွေကတော့ အဆင်ပြေပါတယ်။
အဲဒီ အဆင်ပြေသူတွေ ဖြစ်တဲ့ ရပ်ရွာ အုပ်ချုပ်ရေး၊ ကျန်းမာရေးစောင့်ရှောက်သူဆိုလို့ ငလျင်ခံကာလမှာ ဖြူသလား မည်းသလားတောင် မသိ တိတ်ဆိတ်နေလေရဲ့။ ရပ်ရွာထဲလည်း မလာ။ တနေ့ကတော့ ဘေးအိမ်က ကလေးမလေး ဆေးသွားထိုးတယ်ကြားတယ်။ ငလျင်နဲ့ ကျန်းမာရေးက ဒွန်တွဲနေတော့ အိပ်မပျော် စားမဝင်ရောဂါကြောင့် ဆေးဖိုး ၁ သောင်း ယူလိုက်တယ် ဆိုပဲ။
ကျေးလက်ကျန်းမာရေးရေးနဲ့ အုပ်ချုပ်ရေးမှာ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိတဲ့ ဝန်ထမ်းတွေကတော့မျက်နှာပြောင်ပြောင်နဲ့ ပြည်သူကို ဒုက္ခပေးနေဆဲပါ။
ယနေ့အချိန်အထိ ပြည်သူက ပြည်သူလို နေထိုင်စားသောက်ရတဲ့အတွက် ဆင်းရဲပင်ပန်းမှုဆိုတာ အစိုးရလခစားတွေထက် ပိုပါတယ်။
အထူးသဖြင့်အခုလို စနစ်ကြီးမှာ ပိုပြီး ဒုက္ခမျိုးစုံခံနေရတာပါ။
ငလျင်က ထပ်ဆင့်လိုက်တော့ လူထုနေထိုင်မှုဘဝတွေကစလို့ အခြေပျက် အနေပျက်ဘဝတွေရောက်ရတာပါပဲ။
ကျွန်မက ငလျင်နဲ့လည်း ဆက်စပ်လို့လည်း မဟုတ်ပါဘူး။ အချို့သောပြည်သူတွေက ဗဟုသုတနဲ့အသိမရှိကြတော့ ငွေနောက်ကိုပဲ အစွမ်းကုန်လိုက်နေကြတာမျိုးတွေ ဖြစ်လာတယ်။
နောက်ဆုံး ဒီငွေကပဲ သူတို့ကို ဒုက္ခပေးနိုင်တယ်ဆိုတာမျိုး အသိမရှိတော့တဲ့ အနေအထားအထိ ဖြစ်လာကြတယ်။
ကျွန်မက ပြောဖြစ်ပါတယ်။ အဘတို့ရပ်ရွာက ငွေကိုပဲ တန်ဖိုးထားနေတာ၊ လူကို တန်ဖိုးမထားကြဘူးလို့ အခုတော့ ငလျင်ဒဏ်ခံရတော့ အဖြစ်အပျက်တိုင်းက မယုံနိုင်စရာ ဖြစ်လာကြတယ်။ လမ်းဘေးမှာတဲထိုးနေရတဲ့ဘဝထိ ဖြစ်လာကြတယ်။
အစားရေစာ စားနိုင်ဖို့ တန်းစီကြရတယ်။
လူ့ဘဝမှာ ရှင်သန်ချိန်တိုင်းက မိမိကို ကိုယ်ကျိုးမပျက်ဖို့ အရင်ဆုံး စဉ်းစားဆင်ခြင်နိုင်တဲ့ဆင်ခြင်တုံတရားရှိဖို့လောက်တော့ အသိပညာ ရှိနေကြရမှာပါ။
အခက်အခဲတိုင်းကို ကျော်ဖြတ်နိုင်တယ် ဆိုတာ ငွေရှိလို့ ကျော်ဖြတ်နိုင်သည်ပဲ ထားဦး။
သက်ဆိုင်ရာ အဖွဲ့အစည်းအလိုက် ရေရှည်အတွက်မှာတော့ မိမိဘဝနဲ့ မိမိပတ်ဝန်းကျင်မှာ အခက်အခဲမရှိ ကူညီစောင့်ရှောက်နိုင်ဖို့တော့ကြိုးစားကြဖို့တော့ လိုပါလိမ့်မယ်။
ဒါမှသာ ယနေ့လို ခေတ်ဆိုး စနစ်ဆိုး ဘေးဆိုးများကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
ကျွန်မတို့ပြည်သူတွေက အသိပညာဗဟုသုတ မကြွယ် စာမဖတ်ကြတော့ မိမိကိုယ်ကိုယ် အားမကိုးချင်တော့ကြဘူး။
မိမိကိုယ်ကိုယ် ကာကွယ်မစောင့်ရှောက်ချင်ကြဘူး။
ငွေ တသောင်းပေး ဆေးတချောင်းထိုး သက်သာဆိုတဲ့ အသိတရားပဲ ရှိလာကြတယ်။
အာဟာရပြည့်အစားအစာ အစား ဈေးပေါတဲ့အချိုရည်တွေကို မှီဝဲလာကြတယ်။
ကျန်းမာရေးအသိ၊ မိမိကိုယ်ကိုယ် ကျန်းမာရေးစောင့်ရှောက်မှူ အားနည်းခြင်းကလည်း အချို့သော ကျေးလက်ကျန်းမာရေး ဆရာ၊ ဆရာမတွေအတွက် ပြည်သူရဲ့ ငွေကြေးကို မျက်စိတ်မှိတ် နားပိတ် ဘယ်လိုအခြေအနေမှာပဲ ဖြစ်ဖြစ် လိမ်ညာယူလို့ ကောင်းနေဆဲပါ။
အခုလို ဘေးဒုက္ခရောက်နေချိန်မှာတောင် အာဟာရပြည့်မုန့်ဆိုတာ ပြည်သူတွေရဲ့ လက်ဝယ်ကို မရောက်ရှိဘဲ သတင်းမီဒီယာများမှ ရောင်းရန် မဟုတ် ဆိုသည်ကို လက်ဝယ်ရောက်နေသူများ သိအောင် ထုတ်ပြန်နေရသည်မှာ မြန်မာပြည်အတွက် ရှက်စရာအဖြစ် ထောက်ပြ ဝေဖန်စရာ ဖြစ်ခဲ့ရပါတယ်။
ပြည်သူများကတော့ အာဟာရပြည့်မုန့်လည်း မသိ၊ ဆေးဝါးလည်းမသိ ဘာဆိုဘာမှမသိဘဲ ငလျင်ဒဏ်နဲ့အတူ ခေတ်ဆိုး စနစ်ဆိုးကို ဖြတ်ကျော်နေကြဆဲဆိုတာ ထောက်ပြရင်း။
သတ္တဝါတွေ ကျန်းမာကြပါစေ။
ဖလော်ဒါဟန်
၂၇.၄.၂၀၂၅
၁၂:၁၅ p:m
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar