Breaking News

ကိုရွေး - အရပ်သတင်း

Art by Than Htay Maung
အရပ်သတင်း
ကိုရွေး
(မိုးမခ) ဧပြီ ၃၀၊ ၂၀၂၅

ပါးစပ်သတင်းလိုလို ဇာတ်သီချင်းလိုလို
နတ်မင်းဟာ မတ်တပ်ရပ်ရင်း ဈာန်ရနေတာတဲ့

အရပ်ထဲမှာပြောနေကြတာ
လိုရင် ခြင်ထောင်ထဲ
မလိုရင် ဂါတ်တဲ
မမကြီး ဆိုတာလည်းပါရဲ့

အချစ်တစ်ခြမ်း စစ်တစ်ခြမ်းမှာ
မြစ်ကမ်းကိုဖြတ်ကူးသွားကြတာလည်းပါရဲ့

တချိန်က အက်ကြောင်းလေးဟာ
အခုတော့
ခုန်ကူးလို့မရတော့တဲ့ငလျင်ကြီးဖြစ်လာတယ်ဆိုတာလည်းပါရဲ့

သွပ်လိုတာကဆယ်ချပ်
ဝယ်နိုင်တာက ငါးချပ်ဆိုတာလည်းပါရဲ့

ငွေတစ်သောင်းပါသွားတာ
ငပိရည်နဲ့တို့စရာတောင်
မလောက်ချင်တော့ဘူးဆိုတာလည်းပါရဲ့

ဒါ့ထက်ချွေတာရရင်လည်း
အငတ်ခံဖို့ပဲရှိတော့တယ်ဆိုတာလည်းပါရဲ့

ချစ်သဲနဲ့နီးခါနီးမှ
စစ်ပွဲကပြီးမှပြန်ခဲ့မယ်ဆိုတာလည်းပါရဲ့

အချစ်ခါးခါး မခါးခါး
စစ်ခါးတယ်သား
ရေခြားမြေခြား ပညာရှာသွားဆိုသူလည်းပါရဲ့

ဒီအရပ်မှာပဲဝေပြီး
ဒီအရပ်မှာပဲကြွေမယ်ဆိုတဲ့ပန်းကလေးတွေလည်းပါရဲ့

နိုင်ငံမခြားသော်လည်း
နံရံခြားနေတဲ့ မိသားစုထမင်းဝိုင်းတွေလည်းပါရဲ့

ဒေါင်းအလံတစ်ဝက်ကို
ကျောင်းပြန်တက်မှဆက်ထူမယ်ဆိုတဲ့အဖြူထည်လေးတွေလည်းပါရဲ့

တချို့ရွာတွေရေနစ်ပြီး
တချို့ရွာတွေ မီးဖုတ်ခံနေရတာလည်းပါရဲ့

အတိတ်ကိုလည်းမေ့မရ
အနာဂတ်ကိုလည်းမတွေးရဲ
လောလောဆယ် ပိုက်ဆံအိတ်ဇစ်ပြဲနေပြီဆိုတာလည်းပါရဲ့

ငလျင်ခဏခဏလှုပ်သလို
ရင်ခဏခဏလှုပ်တယ်
တပြည်လုံးအပူကို
ရင်ထဲမှာယူသိမ်းထားရသလိုပဲဆိုတာလည်းပါရဲ့

အိပ်မရတဲ့ညတွေများလာသလို
ညလိုမှောင်တဲ့နေ့တွေများလာပြီဆိုတာလည်းပါရဲ့
.
အပူလှိုင်းတွေလည်းဖြတ်ဦးမယ်တဲ့
မုန်တိုင်းတွေလည်းလာဦးမယ်တဲ့

ရန်ကုန်ရေ ရန်ကုန်
ဟေးးး  ရန်ကုန် သွေးမအေးနဲ့
ပြန်ဆုံရင်ကံကောင်းဖို့
ရန်ကုန်ရေ 
ဆန်မကုန်အောင်ဉာဏ်ကောင်းကြဦးစို့။
                                    
28 Apr 2025
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar