Breaking News

လူ့အခွင့်အရေး ချိုးဖောက်မှုတွေရဲ့ အဆိုးသံသရာ

မြန်မာနွေဦးခရိုနီကယ် - ဧပြီလ ၂၉ မြင်ကွင်း

မိုးမခ၊ ဧပြီ ၃၀ ၊ ၂၀၂၅

လူ့အခွင့်အရေး ချိုးဖောက်မှုတွေရဲ့ အဆိုးသံသရာ

အကြမ်းဖက် အားပေးသူ၊ သတင်းပေးသူ၊ ဒေါက်တိုင်၊ ရန်သူ ဖြစ်တဲ့ တဖက်လက်နက်ကိုင်တပ်ကို ထောက်ခံသူ၊ အရပ်အခေါ်အဝေါ် ဒလန် စတဲ့ စွပ်စွဲချက်တွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင် မဟုတ်တဲ့ အရပ်သားတွေကို သတ်ဖြတ်တာ၊ မိသားစုဝင်တွေနဲ့ တချို့သော ဖြစ်ရပ်တွေမှာ ကလေးသူငယ်တွေပါ တလက်စထည်း နှုတ်ပိတ်သတ်ဖြတ်တာတွေ မြန်မာနိုင်ငံမှာ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။ ၂၀၂၁ ခုနှစ် မတိုင်ခင်ကလည်း အလားတူ အဖြစ်အပျက်တွေ တိုင်းရင်းသား လက်နက်ကိုင်တွေ လှုပ်ရှားတဲ့ နယ်မြေဒေသတွေမှာ ဖြစ်ပျက်တာ ရှိသလို ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မြောက်ပိုင်း ရိုဟင်ဂျာ အရပ်သားတွေ ထောင်ဂဏန်းကနေ သောင်းဂဏန်းဝန်းကျင်ထိ ရောက်အောင် သတ်ဖြတ်ခံရတဲ့ အဖြစ်အပျက်တွေလည်း ရှိခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ရခိုင်မြောက်ပိုင်း အဖြစ်အပျက်က မြန်မာပြည်တွင်းမှာထက် ကမ္ဘာက ပိုမိုသိရှိခဲ့ကြပြီး နိုင်ငံတကာ တရားရုံး ICJ ကို လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် အာဖရိက နိုင်ငံတနိုင်ငံက တရားလို လုပ်ကာ စွဲတင်ခဲ့တဲ့အထိ ဖြစ်ပျက်ခဲ့ရာမှာ အခုချိန်ထိ အမှုက ဆက်လက် စစ်ဆေးဆဲ အနေအထားဖြစ်ပါတယ်။

စစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု စတဲ့အဆင့်ဆင့်သော ကျူးလွန်မှုတွေက ခေတ်အဆက်ဆက် မှတ်တမ်းတင်ထားခဲ့ပေမယ့် ခုချိန်ထိ တရားမျှတမှု (တနည်းအားဖြင့် ကျူးလွန်သူက တာဝန်ခံမှုလုပ်ဆောင်လာရတဲ့အနေအထား) ကို မဆောင်ကြဉ်းနိုင်သေးတာလည်း တွေ့ရမှာ ဖြစ်ပါတယ်။

အထက်ကလို လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံရဲ့ အစိုးရတာဝန်ယူထားတဲ့ အဖွဲ့အစည်းက ကျူးလွန်ချိန်မှာ စစ်အာဏာသိမ်းမှု ထပ်မံဖြစ်ပွားလာတာကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှုတွေ ထပ်မံဖြစ်ပွားလာဖို့ ထပ်စေ့ဆော်သလို ဖြစ်ခဲ့ပါတော့တယ်။

စစ်အာဏာသိမ်းပြီးနောက် စစ်တပ်က ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အများအပြား ထပ်မံတိုးပွားလာပြီး စစ်တပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ လက်နက်ကိုင် အဖွဲ့တွေအနေနဲ့လည်း အရေအတွက် တခုထိ ရောက်ရှိလာနေတာဖြစ်ပါတယ်။

အာဏာသိမ်း စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို အလွယ်တကူ မှတ်မိသလောက်ပြောရင် ကရင်နီ (ကယား) ပြည် ဖရူဆိုမြို့နယ်ထဲက မိုဆူ ကျေးရွာအနီးမှာ သတ်ဖြတ်မှုက စလို့ စစ်ကိုင်းတိုင်းက မုန်တိုင်ပင် ကျေးရွာ သတ်ဖြတ်မှု၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှု၊ စစ်ကိုင်းတိုင်း လက်ထုတ္တော ကျေးရွာ စသဖြင့် အရပ်သား သတ်ဖြတ်ခံရတဲ့ အရေအတွက် ဆယ်ဂဏန်းကနေ ရာဂဏန်းထိရှိတဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။

တဖက်မှာလည်း တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေဘက်က သတ်ဖြတ်မှုတွေလည်း မနည်းမနော ရှိလာနေတာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်ထဲမှာ KNDO က လမ်းပြင်ဆင်တဲ့ ဆောက်လုပ်ရေးလုပ်သား (အမျိုးသမီးအပါအဝင်) ၂၅ ဦးကို သတ်ဖြတ်ခဲ့တဲ့ အဖြစ်အပျက်၊ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်ထဲက ကျေးရွာတရွာမှာ ပလုံကောက်တဲ့ အရွယ်မရောက်သေးတဲ့ လူငယ် ၆ ဦး (မိန်းကလေးအပါအဝင်) အချို့ကို အဓမ္မပြုကျင့်သတ်ဖြတ် အလောင်းဖျောက်ခဲ့တဲ့ အဖြစ်အပျက်၊ ယောနယ်မှာ ဒေသ PDF တဖွဲ့က မိသားစုဝင်တွေနဲ့ ဧည့်သည်အပါအဝင် ၇ ဦးကို သတ်ဖြတ်ကာ ကား၊ ငွေကြေး ပိုင်ဆိုင်မှုတွေ ယူဆောင်သွားတဲ့ အမှုတွေနဲ့ ဒလန်လို့ စွပ်စွဲချက်နဲ့ တဦးချင်း နဲ့ မိသားစုဝင်တွေပါ သတ်ဖြတ်တဲ့ အဖြစ်အပျက်တွေ ဒါဇင်နဲ့ ချီရှိလောက်တဲ့ အထိ တစတစများပြားလာတာ တွေ့ရပါလိမ့်မယ်။

ခုရက်ပိုင်း ဝန်းသိုမြို့ နယ်ထဲက အာမခံ ဆိုတဲ့ကျေးရွာမှာ ကလေးသူငယ်အပါအဝင် စျေးရောင်းတဲ့ မိသားစုတစုနဲ့ အခြားအရပ်သား စုစုပေါင်း ၇ ဦးကို လက်နက်ကိုင် အဖွဲ့တဖွဲ့က သတ်ဖြတ်သွားခဲ့ပါတယ်။ စစ်ဆေးမေးမြန်း နှိပ်စက်ပြီးနောက် ၇ ဦးလုံးကို သတ်ဖြတ်သွားခဲ့ပြီး အချို့သော ကနဦးထွက်ပေါ်တဲ့ သတင်းတွေမှာ ဒေသတွင်းက PDF တပ်ဖွဲ့က အဆိုပါ ၇ ဦးကို စစ်တပ်နဲ့ ဆက်သွယ်တာကြောင့် သတ်တယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့ပြီး နောက် ၂ ရက်ခန့်အကြာမှာ ဝန်းသို ပီဒီအက်ဖ် ဘက်က စစ်ကောင်စီတပ်တွေ သတ်တာဖြစ်နိုင်ကြောင်း ဖြေရှင်းထုတ်ပြန်တဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အသတ်ခံရတဲ့ လင်မယားနဲ့ ကလေးသူငယ်အပါအဝင် အခြား ၅ဦးဖြစ်ပြီး အဆိုပါ အသတ်ခံရသူတွေက ဆိုင်ကယ်နဲ့ မြို့တက်ပြီး ကုန်ပစ္စည်းဝယ်ကာ ရွာမှာပြန်ရောင်းချကြသူတွေဖြစ်ပြီး မြို့သွားတဲ့အခါ စစ်တပ်နဲ့ ဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ PDF တွေက သတ်ဖြတ်တယ်ဆိုပြီး အစောပိုင်း သတင်းဖေါ်ပြမှုတွေမှာ ပါရှိတာ ဖြစ်ပါတယ်။

အခုလို အဖြစ်အပျက်မျိုးမှာ သတင်းဌာနတွေရဲ့ သတင်းဖေါ်ပြမှုတွေကို ယတိပြတ် ယုံကြည်ရခက်ခဲတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ သတင်းဌာနတွေ အနေနဲ့ ဘယ်သတင်းထောက်မှ ဖြစ်ပျက်ရာ နေရာဒေသတွေကို သွားရောက် စိစစ်အတည်ပြုနိုင်တာ မဟုတ်ပဲ၊ အကျိုးစီးပွား ဆက်နွှယ်မှုရှိနေတဲ့  သတင်းရင်းမြစ် (တခါတရံမှာ ကျူးလွန်တယ်လို့ စွပ်စွဲခံရတဲ့သူ) တွေက သတင်းဌာနတွေကို ဆက်သွယ်ပေးပို့ကြတဲ့အတိုင်း သတင်းဌာနတွေက ဖေါ်ပြကြတဲ့ အခြေအနေမျိုးမှာ သီးခြားလွတ်လပ်တဲ့ သတင်းရင်းမြစ်နဲ့ မေးမြန်း အတည်ပြုတာမျိုးကို စစ်ပွဲတွေဖြစ်ပွားနေတဲ့ အခြေအနေမှာ ဘယ်သတင်းဌာနမှ မလုပ်ဆောင်နိုင်ကြပါဘူး။

အဖြစ်အပျက်မှန်ကို သိရှိတဲ့ ဒေသခံတွေ အနေနဲ့လည်း ဒီဒေသမှာ နေထိုင်နေရတာကြောင့် သတင်းဌာနတွေကို ဆက်သွယ် ပြောဆိုရဲတဲ့ အနေအထားမရှိသလို တခါတရံမှာ ဖေါ်ပြတဲ့ သတင်းအောက်မှာ မှတ်ချက်ပေးတာမျိုးလောက်သာ လုပ်ရဲကြတဲ့ အနေအထားဖြစ်ပါတယ်။

ဒီလတ်တလော အဖြစ်အပျက်ကို ဖတ်ရှုကြားသိရတဲ့အခါ အရင်နှစ်တွေက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေနဲ့ ပတ်သက်လို့ အဖြစ်မှန်ကို ဖေါ်ထုတ်နိုင်းခြင်း မရှိသေးတာ၊ တရားမျှတမှု မရနိုင်သေးတာတွေကို ပြန်လည် သတိရစေတာလည်း ဖြစ်ပါတယ်။

အရင့်အရင် အဖြစ်အပျက်တွေကို မဖေါ်ထုတ်နိုင်ခြင်း၊ အချို့သော ရှင်းလင်းတဲ့ အဖြစ်အပျက်တွေမှာ ကျူးလွန်သူကို ဘယ်လို အရေးယူသလဲ ဆိုတဲ့အပိုင်းက ပွင့်လင်းမြင်သာမှု မရှိတဲ့ အဖြစ်တွေကြောင့် အခုလို အသစ်သော ဖြစ်ရပ်တွေ ထပ်ပြီးကျူးလွန်ကြသလားဆိုတဲ့ အတွေးလည်း ပေါ်လာစေတာ ဖြစ်ပါတယ်။

အတိတ်က ဖြစ်ရပ်တွေကနေ လုံလောက်တဲ့ တာဝန်ခံမှု၊ တာဝန်ယူမှုတွေ၊ သင်ခန်းစာတွေ မယူနိုင် မဖေါ်ဆောင်နိုင်ကြသရွေ့ အနာဂတ်မှာ လူ့အခွင့်အရေးချိုးဖောက်မှု၊ စစ်ရာဇဝတ်မှု နဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေ ထပ်မံဖြစ်ပွားဖို့ အခွင့်သာနေဆဲ ဖြစ်တယ်လို့ ဆိုချင်ပါတယ်။

စစ်ကောင်စီဘက်က ကျူးလွန်မှုတွေအတွက် မှတ်တမ်းတင်ထားပြီး တချိန်ကျ တာဝန်ခံမှုကို ရရှိစေမယ်လို့ ယုံကြည်မှတ်ယူထားကြသလို တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေ ကျူးလွန်တာတွေကိုလည်း အခုနေအခါမှာ ရနိုင်သမျှ တရားမျှတမှု ၊ တာဝန်ခံမှုကို ရှာဖွေရယူနိုင်မှ နောက်ထပ် အလားတူအဖြစ်တွေ မပေါ်ပေါက်နိုင်မှာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar