Breaking News

ရတနာပုံဆရာမှတ်ကြီး - လှူသူယူသူကြည်ဖြူနွေး



ရတနာပုံဆရာမှတ်ကြီး - လှူသူယူသူ ကြည်ဖြူနွေး

(မိုးမခ) ဧပြီ ၁၁၊ ၂၀၂၅

ငလျင်မထိခိုက်သူတွေ ယူနေကြတာလား

ခု ငလျင်မှာ တချို့တွေ ပြောနေကြတာရှိတယ်။ ဘာပြောတာလဲဆိုတော့ ဒီငလျင် ထိခိုက်ခံစားရတဲ့လူတွေကတော့ ဘာမှ မရကြဘူးပေါ့လေ၊ ယူနေကြတာတွေက ငလျင်မထိခိုက်တဲ့လူတွေက ယူနေကြတယ်တဲ့။ အဲဒါ ဘယ်သူတွေလဲဆိုတော့ ဆင်းရဲသူ ဆင်းရဲသားတွေပေါ့လေ။ တကယ်တော့ ငလျင်တိုက်ရိုက် ထိခိုက်တာက သူဌေးတွေပဲ။ သူဌေးတွေဆိုတာ အလုပ်ရုံ ပိုင်ရှင်တွေပေါ့။ အလုပ်စီမံ ဖန်တီးပေးနိုင်သူတွေပေါ့။ သူတို့ ထိခိုက်သွားတော့ နောက်ဆက်တွဲ လိုက်ထိခိုက်တာက  သူတို့ရဲ့ အလုပ်သမားဖြစ်တဲ့ ဆင်းရဲသားမိသားစုတွေမဟုတ်လား။ ဆင်းရဲသားမိသားစုတွေက ငလျင်ဖြစ်ပြီးတဲ့ နောက်မှာ အလုပ်လက်မဲ့ ချက်ချင်းဖြစ်သွားတယ်။  အလုပ်ရုံဆီကို မသွားရဲကြတာတွေ ဖြစ်သွားတယ်။ အလုပ်ရုံတွေကလည်း မဖွင့်ရဲဘူး။ ဘာလို့လဲဆိုတော့ အဆောက်အဦတွေ ထိခိုက်သွားလို့ မဖွင့်ရဲဘူး။ ထပ်ဖြစ်ရင်တော့ သူတို့တာဝန် လုံးလုံး ဖြစ်သွားမှာကိုး။ ပြီးတော့ တချို့မိသားစုတွေဆို သေသလားရှင်သလားမသိသေးတဲ့မိသားစုဝင်တွေ အလုပ်သမားတွေ၊ သေသွားပြန်ရင်လဲ အလောင်းရဖို့နဲ့ သောက ဗျာပါဒတွေနဲ့ လုံးခြာလည်နေကြတုန်းမဟုတ်လား။ ဒီ ငလျင်အခိုက်အတန့်မှာ ဖြစ်တာကတော့ ဘယ်သူ့ဘယ်သူမှ  အပြစ်တင်ဖို့  ခက်ခဲပေမဲ့လို့ နောက်မှ ထပ်ဖြစ်တာကတော့ တာဝန်ရှိသွားပြီ။ အဲဒီတော့ အလုပ်ရုံ တော်တော်များများလည်း မဖွင့်ရဲဘူး။ ဆိုလိုတာက ဒီငလျင်က သူဌေးကို ထိခိုက်တာ မှန်ပေမဲ့လို့ ချက်ချင်းငတ်သွားတာက ဆင်းရဲသားဖြစ်သွားတယ်။ အဲဒါကြောင့်မို့ ဆင်းရဲတဲ့သူတွေက တန်းစီ တိုးကြတာပေါ့၊ ဒါက တစ်ချက်။

နောက်တစ်ချက်က ငလျင်ကူတဲ့သူတွေက ဘာပြောလဲဆိုတော့ ထိခိုက်သွားတဲ့သူတွေက သူဌေး သူကြွယ်နဲ့ လူလတ်တန်းစားတွေများတဲ့အခါကြတော့ တော်ရုံ တန်ရုံ ပစ္စည်းဝေရင် မယူဘူး။ အဲဒီတော့ ပန်းကန် ခွက်ယောက် ပစ္စည်းလေးတွေဝေမယ်လို့ စဥ်းစားတဲ့အခါကြတော့ ပလတ်စတစ်ဆိုရင် မဝေပါနဲ့ပေါ့။ စတီးတို့ ဘာတို့တောင် ဟန်ကျပန်ကျလေးတွေ စဥ်းစားပေးကြတာရှိတယ်။ သူတို့က ပိုက်ဆံရှိတဲ့လူတွေကို ထောက်ထားတာပေါ့လေ။ ဒါပေမဲ့ ဝေရမယ့်သူဘက်ကကျပြန်တော့လည်း အရေအတွက်များများလည်း ရစေချင်တော့ ကွာလတီကောင်းတဲ့ပစ္စည်း သိပ်မစဥ်းစားဖြစ်ကြဘူး။ ဒီလိုမျိုးလေးတွေလဲ ရှိတယ်ပေါ့။


လူမှုအဆောက်အအုံပျက်သွားတာ အားလုံးကို သက်ရောက်တယ်


နောက်တစ်ခု အရေးကြီးတာက ဒီ ဆင်းရဲတဲ့သူက လူအများစု ဖြစ်နေတယ်။ ကာလကလည်း ကိုဗစ်ကတည်းက ပျက်လိုက်တာ။ ကိုစစ်လာတော့လဲ ကိုဗစ်ကို တိုက်ဖျက်သလို စုပေါင်းတိုက်ဖျက်ကြရတာကိုး။ ကိုဗစ်လို ကိုစစ်ကလဲ လူတွေကို လိုက်သတ်တာမဟုတ်လား။ ခု ကိုစစ်တိုက်ဖျက်ရေးကာလတလျှောက်လုံးမှာလဲပဲ အုပ်ကြီးတို့ ရာအိမ်မှူးတို့ ဆယ်အိမ်မှူးတို့ဆိုတာ ဘာတွေ လုပ်နေတယ်။ ဘယ်လိုသဘောထားရှိတယ်ဆိုတာ အားလုံး သိတာပေါ့နော်။ သူတို့ရဲ့ သဘောထားတွေကလည်း စစ်အုပ်ချုပ်မှုကို ထင်ဟပ်ပြသတဲ့ဟာတွေပေါ့။ လူတွေက တခါတလေ စားစရာသာ မရှိတာ၊ ကိုယ့်ကလေး စစ်မှုထမ်းဖို့ ဆွဲခေါ်မှာကြောက်ရင်ကို အုပ်ကြီးတောင်းတာ ပေးရတဲ့ဘဝတွေမို့လား။ အဲဒီအခြေအနေမှာ ငလျင်လှုပ်တာဆိုတော့ ဆင်းရဲသားက ဆင်းရဲသထက် ပိုဆင်းရဲလာတယ်။

သိပ်ဆင်းရဲသွားရင် ဘာမှမရှိတော့ရင် လူဆိုတာ မထူးဇာတ်ခင်းတတ်တာမျိုးဘဲ။ အဲဒီတော့ ဆင်းရဲသားတွေဝေရတာပေါ့၊ ငလျင် တိုက်ရိုက်မထိလို့ အဲဒီလူတွေကို မဝေပါနဲ့လို့ မပြောဘဲနဲ့ အလုပ်မကိုင်တွေ ပြန်မပေါ်ခင် အဲဒီလူတွေ စားဝတ်နေရေး အဆင်ပြေနေရင်၊ တရက် တရက် စားစရာ ရှိနေရင်၊ ငလျင်ကြောင့် ဘေးဒုက္ခသင့်ပြီးတော့ တချို့သိပ်ပြီးတော့ မလုံမခြုံ နေရတဲ့လူတွေဟာ အေးအေးဆေးဆေး နေရမယ်။ စိတ်ပူပင်သောက လျော့ပါးပြီး ခေါင်းကောင်းကောင်းချ နားနေအိပ်စက်နိုင်မယ်။ သိပ်ဆင်းရဲတဲ့သူတွေကများ၊ အဲဒီလူတွေလည်း ဝေမဲ့သူမရှိ၊ လှူဒါန်းမဲ့သူမရှိဘူးဆိုရင် ဘယ်သူမှတော့ အငတ်ခံမှာ မဟုတ်ဘူး။ လုတာ ယက်တာတွေ ဖြစ်လာမယ်။ ခိုးတာတွေ ဖြစ်လာမယ်။ နဂိုကမှ ဆေးသမားမွေးထုတ်ထားလွန်းလို့၊ ရာဇဝတ်သားတွေ ထောင်ကထုတ်ထားလွန်းလို့ ခိုးဆိုးလုနှိုက်ပေါရတဲ့ကြားထဲလေ။ ပျူတို့ ဘာတို့ အဲဒီလို အုပ်စုတွေကလဲ မြို့ပေါ်မှာ အခြေကျပြီးသားတွေ။ သူတို့တွေကလည်း ဒါလုပ်ဖို့ စောင့်နေတာ။ တောကြောင်တွေကလဲ ဒုနဲ့ဒေး။

အဲဒီတော့ အဲဒီတောကြောင်တွေ လက်ခမောင်းခတ်တဲ့အထဲမှာ သာမန် ဆင်းရဲသူ ဆင်းရဲသားတွေပါ ရောနှော ပါလာလို့ရှိရင် လုံးဝ ပျက်စီးသွားနိုင်တယ်။ မြို့ပြကြီးတွေက ကျီးနဲ့ ဖုတ်ဖုတ် ဖြစ်သွားနိုင်တယ်။ သူဌေးတွေ မနေတော့ဘူး၊ လုပ်ငန်းရှင်တွေ မနေတော့ဘူးဆိုရင် ဒါကြီးက ပြီးသွားပြီ၊ ဘာမှ မကျန်တော့ဘူး။ အချင်းချင်း ပြန်ပြီးတော့ လုယက် ယူငင်နေတဲ့သူတွေ၊ အချင်းချင်းပဲ မညှာမတာ တိုက်ခိုက်ရိုက်နှက်နေတဲ့သူတွေ ဒါမျိုးတွေပဲ ကျန်နေမယ်ဆိုလို့ရှိရင်တော့ လုံးဝဗြောင်းဆန် ‌ပြိုပြီးသား ကျောင်းကန်ပါ ထပ်မှောက်သွားမယ်။ အဲဒီအခြေနေကြီးက ရောက်သွားလို့ မဖြစ်ဘူး။

ဘာတွေက  ချက်ခြင်း အရေးကြီးသလဲ


နောက်တခါ ကျန်းမာရေးကိစ္စ၊ ဒီ DB တွေ တအားများပြီးတော့ ခု မိုးရွာလိုက်တဲ့အခါ ကျန်းမာရေးကိစ္စကို အားလုံးက စိုးရိမ်လာတယ်။ ရေ သန့်သန့်ပြန့်ပြန့် သောက်လို့ မရဘူး။ ရေသန့်မရှိဘူး။ ရေသန့်မပြောနဲ့ သုံးရ ချိုးရေတောင် ရှားပါးနေတယ်။ လတ်တလောမှာ ဒါမျိုးတွေကို ပိုပြီးတော့ အာရုံစိုက်ပြီး ဖြေရှင်းပေးနိုင်ရင် ကောင်းမယ်ပေါ့။


နောက် အိမ်သာ။ ယင်လုံအိမ်သာလိုအပ်ချက်တွေ များတယ်။ ဒါတွေကို စနစ်တကျဖြစ်ေအာင် ဝိုင်းဝန်း လုပ်ဆောင်ပေးနိုင်ကြရင် ကောင်းတယ်။ လူတွေ စားစရာလည်း ရှိနေဖို့ လိုတယ်။ ကျန်းမာရေးနဲ့ ညီတဲ့ နေထိုင်ရမှုလည်း လိုတယ်။ ရှေ့ရှောက် နေကလဲ တအားပူမယ်။ တချက်တချက် မိုးက ထရွာမယ်ဆိုရင် ကျန်းမာရေးကိစ္စက ဖြစ်လာရင် အဆိုးဆုံးပေါ့။ ဖြစ်လာလို့ရှိရင် အဆင်ပြေတဲ့သူတွေကတော့ ရှောင်ကြမှာပေါ့။ တခြားအဆင်ပြေရာ သွားကြမှာပေါ့။ မပြေတဲ့သူတွေက ဒီဒုက္ခသုက္ခတွေကြားထဲ ကျန်နေရမှာ။ တကယ့်ကို မြို့ပျက်ကြီး ဖြစ်သွားနိုင်တယ်။  အဲဒါမျိုးကို ပိုပြီး စဥ်းစားစေချင်တယ်။

ဒီနေရာမှ ဘီလူးက ဘယ်သူလဲ

ဒီ ငလျင်က မင်းအောင်လှိုင်အဖို့ကတော့ သားတရားစီရင်ခန်းမှာပါတဲ့ 'ဘီလူး' နေရာပဲဆိုတာ အားလုံး သိကြပါတယ်။ အဲဒီတော့ ဒီဘက်က တိုင်းပြည်ကောင်းစားရေးကို တော်လှန်ရေးလုပ်နေတဲ့ ပုဂ္ဂိုလ်တွေအားလုံးက မိခင်စိတ်ရှိတဲ့မိခင်အစစ်တွေ။ အဲဒီအခါကျတော့ သူ မတရားညစ်ပတ်နေတာ မတရားစုတ်ပဲ့နေတာတွေ သိပေမဲ့လို့ သူအသိအမှတ်ပြုခံရဖို့ အခွင့်အရေးရနေတာပေါ့လေ။ တကယ် ကယ်ဆယ်စောင့်ရှောက်လိုစိတ်ကတော့ မရှိဘူးဆိုတာ ပိတ်သိမ်းထားတဲ့ ဆေးရုံတွေလည်း ပြန်ဖွင့်မပေးတာ၊  CDM လုပ်ထားတဲ့ ဆရာ ဆရာမတွေကိုလဲပဲ ကုသခွင့် မပေးတာ‌တွေနဲ့ကြည့်ရင် သိသာပါတယ်။ သူ ပြည်သူလုထုအပေါ်မှာ ဘယ်လို ရက်စက်တဲ့စိတ်ရှိတယ်ဆိုတာ အားလုံး သိကြပါတယ်။ ဆင်းရဲသားလဲ သိတယ်။ ချမ်းသာတဲ့သူလဲ သိတယ်။ ဒါပေမဲ့ အဲဒီအသိတရားကို ကြာကြာကိုင်ထားနိုင်ဖို့ဆိုတာ အစစအရာရာ အဆင်ပြေမှလေ။

အဲဒီတော့ အားလုံး အဆင်ပြေအောင် ကူပေးနေကြတဲ့သူတွေ ကူပါစေ။ ဒီလူတွေကို မင်းအောင်လှိုင်က  မုန်းတယ်။ ၁၀ လီကပဲ ကူကူ၊ ၉ လီကပဲ ကူကူ၊ ၁၁ လီကပဲ ကူကူ တကယ်တန်းကျတော့ သူ မုန်းတယ်။ သူ ဘယ်သူ့မှ ကြည့် မရဘူး။ သူ့ လူတွေကိုတော့ သူ လိုအပ်ချက်အတွက် ထုတ်သုံးလာတာတွေ ရှိလိမ့်မယ်ပေါ့။ သူ့ရဲ့ မဘသ ဂိုဏ်းဝင်တွေ ရှေ့တက်လာတာတွေ ရှိတယ်။ ခရိုနီတွေ ရှေ့တက်လာကြတာတွေ ရှိတယ်။ တချို့ မ သတွေ ခရိုနီတွေကလဲပဲ သူ့ အလွန်မှာ တိုင်းပြည် အသိအမှတ်ပြုခံထားရဖို့လိုတဲ့လူတွေ ရှိတယ်။ ဒါပေမဲ့ သူတို့ ဘာရည်ရွယ်ချက်နဲ့ ဝင်ကူကူပေါ့၊ ဒီအချိန်မှာကတော့ ဒုက္ခရောက်နေတဲ့သူတွေက ကူတာကို လက်ခံကြမှာပေါ့။ ကိုယ်ကလဲ အဲဒီအချက်ကို လက်ခံပေးရမှာပေါ့။ အဲဒါကို သွားပြီး ဆန့်ကျင်နေလို့လဲ မဖြစ်ဘူး။ လူတွေရဲ့ လက်ငင်းဒုက္ခ ပြေလည်ဖို့ရာ အားလုံးက  အဲဒီအပေါ်မှာပဲ တစ်ခုတည်းသောစိတ်ကို ထားရမှာဘဲ။

ဒါပေမဲ့ တော်လှန်ရေးအရ ကြည့်ရင်တော့ ဒီလောကမှာ စစ်ကောင်စီက ရှိမနေမှ ဖြစ်မှာ။ သူရှိနေရင် သဘာဝဘေးတင်မဟုတ်ဘူး၊ သူ လုပ်ထားတဲ့ဘေးက ဒီ သဘာဝဘေးထက် မလျော့ဘူး။ သဘာဝဘေးထက်တောင် ပိုကြီးသေးတယ် ။ သူလုပ်လို့ သေသွားတဲ့လူက ၂ ဖက်တွက်လိုက်မယ်ဆိုရင် သောင်းကျော်တယ်။ အရင်ကာလတွေပါကြည့်ရင် မရေတွက်နိုင်တော့ဘူး။ ဒါကိုတော့ မျတ်ခြေပြတ်လို့ မရဘူးပေါ့နော်။ တော်လှန်ရေးရဲ့ ရည်မှန်းချက်ကို မျက်ခြေပြတ်လို့တော့ မရဘူး။ ဒါပေမဲ့လို့ တဖက်က လူထုတိုက်ရိုက်ခံစားနေရတဲ့ ဒုက္ခတွေ လျော့ပါး သက်သာဖို့ကျတော့လဲ လိုက်လျော ညီထွေ လုပ်ပေးလိုက်ရတဲ့ဟာတွေ ရှိတယ်။ မလုပ်ပေးလို့လဲ မရဘူးပေါ့။ 

ခုလို မိခင်အရင်းကတော့ ကလေးကို ဘီလူးနဲ့ ပြိုင်ဆွဲလို့ မရဘူးပေါ့။ ဘီလူးနဲ့ ပြိုင်ဆွဲလို့ မရဘူး၊ လျှော့ပေးရတဲ့ အနေအထားတွေ ရှိတယ်။ ဒါကတော့ ဉာဏ်သာတဲ့လူက သူဟာသူ ပြန်ပြီးတော့ လုပ်ယူနိုင်တယ်။ အဲဒီတော့ ဒီ လောလောဆယ် ငလျင်ကူတဲ့ ကိစ္စမှာ မင်းအောင်လှိုင်ရဲ့ ပထမ သဘောထားက ဘယ်သူ့ကိုမှ ကူတာ မကြိုက်ဘူး။ သူ ကူမယ်လို့လဲ မထင်နဲ့။ သူက ဟန် ကူ ကူမှာ။ ဘယ်သူ ကူတာမှ မကြိုက်လို့ ငါပဲ ကူမယ်ဆိုရင်လဲ အဆင်ပြေသေးတယ်။ အဲလိုလဲ မဟုတ်ဘူး။ ဟန်ကူပဲ ကူမယ်။ ဘာလို့လဲဆိုတော့ နိုင်ငံတကာက ဝင်လာမဲ့ ငွေတွေကို သူ လက်ခံထားတယ်။ နိုင်ငံတကာနဲ့ ဆက်ဆံရေး သူ တည်ဆောက်တယ်။ လဂျဒမေစီ ရချင်တယ်ပေါ့နော်။ ရချင်တဲ့ အတွက်ကြောင့် သူ ကူပြပါလိမ့်မယ်။ တချို့ ကလဲ သူ့ဆီ ဝင်လာတာဆိုတော့ သူ ပေးပြရမဲ့ဟာလဲပဲ ရှိတယ်။ အဲဒီအပိုင်းမှာ သူ့လူတွေကိုဘဲ သူပေးမယ်။ခေတ်အခြေအနေက နာဂစ်တုန်းက အခြေနေမျိုးမဟုတ်ဘူး။

တော်လှန်ရေးက မျက်ခြေမပြတ်လို့ မရဘူး

 IT ခေတ်ကြီးရဲ့ ထိပ်ကို ရောက်နေကြပြီဆိုတော့ သန်းရွှေနဲ့စစ်တပ် နာဂစ်တုန်းက အကုန်ဖြတ်စားသလိုမျိုးတော့ သူလုပ်လို့ မရဘူးပေါ့။ ခုကျတော့ သူ့ကို ရိုးရိုး အတိုက်အခံရှိတာတောင် မဟုတ်ဘူး။ သူ့ ကို တော်လှန် ပုန်ကန်နေတဲ့သူတွေ ရှိတယ်။ သူ့ကို မနက်ဖြန်‌နေ့ ညမှာတောင် ဖြုတ်ချနိုင်တဲ့သူတွေက အတွင်းရော အပြင်ရော ရှိတယ်ဆိုတော့ သူ ယီးတီးယားတားတော့ လုပ်လို့မရဘူး။ မရလို့ တကယ်ကူမှာလားဆိုတော့လဲ မကူဘူး။ အဲဒီ ပိုက်ဆံတွေ သူလိုချင်တယ်၊ သုံးချင်တယ်၊ ဘုံးချင်တယ်၊ သူ့ရဲ့စစ်ရေးမှာ သုံးချင်တယ်။ အဲဒီတော့ သူသည် အကူတော့ ပြရမယ်ပေါ့။ 

တချို့ နိုင်ငံခြားအကူညီတွေကကျ သူ့ဆီ တိုက်ရိုက်မလာဘူး။ တိုက်ရိုက်မလာဘူးဆိုရင် ဘယ်သူတွေဆီက လာမလဲဆိုတော့ တချို့ဟာတွေကလဲ နုကြည် ဘက်ကို လာတာ ရှိပါလိမ့်မယ်။ တချို့ကြလဲ cso ဆီကနေ လာတာ ရှိတယ်။ CSOမှာလဲ သူ့ဆီပဲ ပြန် မှတ်ပုံတင်ထားတဲ့ဟာတွေကလဲ အများကြီးပေါ့။ အဲဒီလူတွေကို သူ ပွဲထုတ်ပြီးတော့ သုံးတာတွေ ရှိမယ်။ ဒါလည်းပဲ limit ထားမယ်။ အဲဒီပိုက်ဆံတွေကို သူက ကျပ်နဲ့လဲမယ်။ အဲဒီ အဖွဲ့တွေလူတွေဆီကနေ အခွန်တွေ ယူမယ်။ သူ့မှာ ငလျင်အကြောင်းပြုပြီး ဂွင်တွေ အများကြီး ထုမယ်ပေါ့။ 

ရန်သူက ရန်သူပဲ

တော်လှန်ရေးကတော့ ဘယ်သူမှလဲ မျက်ခြေပြတ်မသွားဘူး။ ပြတ်သွားကြမှာလည်း မဟုတ်ဘူး။ သူ မရှိမှ ဖြစ်မယ်ဆိုတာ အားလုံး လက်ခံတယ်။ နားလည်တယ်။ ဒါပေမဲ့ ဒီအခိုက်တန့်လေးမှာတော့ တယောက်နဲ့ တယောက်  အပြစ်မတင်ဘဲနဲ့ ပြည်သူမှ ပြည်သူကို သွားနေတဲ့ ကိစ္စသည်၊ ပြည်သူမှ ရန်သူသို့၊ ရန်သူမှ ပြည်သူသို့ ဖြစ်မသွားဖို့ အရေးကြီးတယ်။ ရန်သူမှ ပြည်သူသို့ကလဲ စေတနာရော ရည်ရွယ်ချက်ရော မမှန်မဟုတ်တဲ့အတွက် ဖြစ်ပေါ်သွားလို့ မရပါဘူး။ ပြောချင်တာက အဲဒါပါပဲ။


ရတနာပုံဆရာမှတ်ကြီး




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar