ကိုနီတွတ် - စည်းမထိုး၊ ကြွေမပစ်၊ ပဏ္ဍာမဆက်၊ တွဲလက်ခိုင်မြဲ၊ နွေဦးတော်လှန်ရေးအောင်ပွဲ
*စည်းမထိုး၊ ကြွေမပစ်၊ ပဏ္ဍာမဆက်၊
တွဲလက်ခိုင်မြဲ၊ နွေဦးတော်လှန်ရေးအောင်ပွဲ*
ကိုနီတွတ်
(မိုးမခ) ဧပြီ ၁၁၊ ၂၀၂၅
'အောင်နိုင်သူနဲ့ရှုံးနိမ့်သူကွာခြားချက်က အောင်နိုင်သူအမြဲမြင်တာက ပြဿနာရဲ့အဖြေဖြစ်ပြီး ၊ရှုံးနိမ့်သူအမြဲမြင်တာက အဖြေရဲ့ပြဿနာတွေကိုဖြစ်တယ်။ အောင်နိုင်သူက အဖြေရဲ့အပိုင်း အစဖြစ်ပြီး ရှုံးနိမ့်သူကပြဿနာရဲ့အပိုင်းအစဖြစ်တယ်။အောင်နိုင်သူက"ခင်ဗျားကိုယ်စားကျွန်တော်လုပ်ပါရစေ" လို့အမြဲပြောပြီး ရှုံးနိမ့်သူက "အဲဒါကျွန်တော်လုပ်ရမဲ့အလုပ်မဟုတ်ဘူး" လို့အမြဲပြောတယ်။ အောင်နိုင်သူက"အခက်အခဲရှိပေမဲ့လုပ်နိုင်ပါတယ်"လို့အမြဲပြောတယ်။ရှုံးနိမ့်သူက"လုပ်လို့ တော့ရတယ်...ဒါပေမဲ့အခက်အခဲရှိတယ်" လို့အမြဲပြောတယ်။'
DR HENRY C.LEE
(New Haven တက္ကသိုလ်ဘွဲ့နှင်းသဘင်တွင်ပြောခဲ့သောစကား)
နွေဦးတော်လှန်ရေး၏အထွေထွေထိုးစစ်ကြီးကို အရှိန်အဟုန်ပြင်းပြင်း အားကောင်းမောင်းသန် စခါနီးတွင်.(၇.၇) ရစ်ချက်တာစကေးရှိသည့် စစ်ကိုင်းငလျင်ကြီးက (၂၈.၃.၂၀၂၅) နေ့တွင်လှုပ်ခတ်လိုက်ရာ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ၊ ရှေးဟောင်းအမွေအနှစ်များ၊လမ်းပန်းဆက်သွယ်ရေးများ အားလုံးနီးပါးရပ်တန့်သွားသည်။ ပျက်စီးသွားသည်။ အငတ်ဘေးဆိုက်တော့သည်။ ပြည်သူများ၏ဘဝမှာ ရေပူနှင့်သတ်တော့လည်း သေ၊ ရေအေးနှင့်သတ်လည်းသေ။ နဂိုကမှ ယာရှင်ကိုမျောက်ကအမောင်းခံနေရသည့်ဘဝ။ သဘာဝဘေးကြီးထပ်လာပြန်တော့ မြန်မာပြည်သူများမှာ မတ်တပ်စာလည်းခက်၊ တုံးလုံးစာလည်းမရှိ။ ဖွတ်ကျောပြာစု မျက်ဖြူဆိုက် ခါးချည့် ရှိသမျှလည်းပလုံ၊ သိသမျှတွေလည်းအခက်ကြုံ၊ကြည့်သမျှတွေလည်းရင်တုံပန်းတုံ။
စစ်ကိုင်းငလျင်ဟုအမည်တွင်ငြား မအလ၏နေပြည်တော်နှင့် ငလျင်ကြောပေါ်တည်ထားမိသည့် တပ်ရင်းဌာနချုပ်များ၊စစ်အဆောက်အဦများ၊ ကပစစက်ရုံများ၊ စစ်တန်းလျားများ ပြိုကျပျက်စီး ဆုံးရှုံးသွားသည်။ ထိုအထဲတွင် မအလခါးပိုက်ဆောင်တပ်စခများ၊ သူတို့၏မိသားစုများအပြင် အာဏာရှင်များ၏ ၆ လုံးတန်းအိမ်ယာများ၊ မအလ၏သန်းနှစ်ရာတန်အိမ် များပါပျက်စီးဆုံး ရှုံး သေဆုံးမှုသတင်းက ဖုံးကွယ်နေသည့်အကြားက ပေါ်ထွက်လာသည်။
၄ နှစ်ကျော်ရှိလာပြီဖြစ်သော ပြည်သူ့နွေဦးတော်လှန်ရေးစစ်ကြောင့်လည်း စခများမှာတိုက်ပွဲတိုင်းရှုံး၊၊ စစ်ဌာနချုပ်၂ ခုလည်းလက်လွတ်လိုက်ရသည်။ နေ့စဉ်စခန်းသိမ်းတိုက်ပွဲများတွင်လည်း သေဆုံးသူ၊အလံဖြူထောင်သူ၊လက်နက်ချအဖမ်းခံရသူ၊ထွက်ပြေးနေသူစခများကလည်းမနည်းမနော။ မြို့ပြများနှင့်သူတို့၏စခန်းများအတွင်းထဲတို့၌သာ ခံစစ်အသေထိုင်ထားသော မအလနှင့်စခ၊ ရခများသည်တော်လှန်တပ်များ၏အဝိုင်းခံများအဆင့်သာရှိတော့သည်။ လူပုစိတ်တို ခွေးပုရန်လိုမင်းအောင်လှိုငိသည် သူလောက်တော်သူမရှိ၍ ဆက်လက်တာဝန်ထမ်းဆောင်ရပါသည်ဟု အသံကောင်းဟစ်နေငြား စစ်ပွဲကို ကောင်းကောင်းမတိုက်ဘူးသူပီပီ ဥုံ့တလဲလဲ ဖွတလဲလဲ ယတြာချေရင်း ဖင်မနိုင်ခေါင်းမနိုင် မျက်ဖြူဆိုက်နေသည်။
တော်လှန်ရေးတပ်များက ပြည်သူများထံအလှူခံ လက်နက်ဝယ် တော်လှန်ရေးဆင်နွဲခဲ့သည်ကို ခွက်ခေါက်သည်ဟု လှောင်ပြောင်ခဲ့ကြသည့်မအလနှင့်အပေါင်းအပါများ၊ဘောမများနှင့်စစ်ကျွန်Non-CDMsများ။ ပြည်သူကရွေးချယ်တင်မြှောက်ထားခြင်းလည်းမရှိ၊မတော် မတရားအာဏာသိမ်းထားသည်အပြင် ကမ္ဘာ့နိုင်ငံအသီးသီးကလည်း သံတမန်ရေးရာအဆင့်လျှော့၊ ရင်းနှီးမြုပ်နှံမှုများကလည်း ထွက်ခွါပြီးရင်းထွက်ခွါ၊ နိုင်ငံတော်အရန်ဘဏ္ဍာငွေကိုလည်းအကုန်ဖြုန်း၊ သဘာဝဘေးရန်ပုံငွေကိုလည်း အဆင်ခြင်မဲ့သုံးထား၊ ဖုံးထားသည်။ ဒေါ်လာငွေလည်းပြတ်၊ စစ်စရိတ်ကလည်းအဆမတန်ကုန်၊ ဝါဇီစက်ရုံတွင် ငွေစက်က္ကူရိုက်ထုတ်ယုံလောက်သာအမြင်ရှိသည့် မအလ၊ တရုတ်ကပ်လိုက်၊ ရုရှားဘော မ လိုက်နှင့်နိုင်ငံတော်၏အရင်းအမြစ်ဟူသမျှ တက်တက်စင်ကုန်အောင် ပေါင်နှံရောင်းစား အကြပ်ရိုက်နေ သည်။
မအလအဖြစ်ကား ရေးစရာကလောင်လည်းမရှိ၊ ထွေးစရာစောင်လည်းမရှိ။ လွယ်မလားစိတ်ကူးရင်း မရဲတရဲရေစုန်ကို ရွက်တိုက်တော့သည်။ တော်လှန်ရေးသမားများကိုဖက်ခွက်စားဆိုခဲ့သည့်စကားများသည် ခုတော့မအလနှင့်အပေါင်းအပါများအတွက်ဖြစ်သွားလေပြီ။
သို့သော်ပြည်သူကိုကူညီရန်မဆိုထားနှင့်၊သူ၏သစ္စာတော်ခံတပည့်လက်အောက်ငယ်သားများမှအစ ဗိုလ်ချုပ်များအထိ ကျီးထိုးထိုး ခွေးဆွဲဆွဲ လဒစားစား ပေလယျာကန်သဘောထားနိုင်သည့်အာဏာရူး လူကြောက်ကြီး၊ အမှားကိုလည်းမဝန်ခံ၊အရှုံးကိုလည်း လက်မခံ၊ကြံသမျှ ရန်စ ရန်မီးချည်းသာဖြစ်နေသည်။
ငလျင်ဒဏ်ခံပြည်သူများကိုကယ်ဆယ်ရေးသည် ကမ္ဘာ့နိုင်ငံများတာဝန်၊ ခွက်ခေါက်ထားခဲ့ပြီလေ။ ပြည်သူများကိုလည်းကယ်ရန်အချိန်မရှိ။ ငလျင်ကိုအကြောင်းပြု စစ်တိုက်ရန်သာ မောင်းထုနေသည်။ ပြည်သူများကိုတော့အငတ်ဘေးဆိုက်ပစေ၊အကြမ်းဖက်ဖမ်းဆီးထောင်ချ သတ်ဖြတ်ရုံသာမက စစ်မှုမထမ်းမနေရဥပဒေပြုကာ မိဘပြည်သူအပေါင်းကို မျက်ရည်ဖြိုင်ဖြိုင်ကျစေခဲ့သည်။ ငလျင်ရန်ပုံငွေများ၊ ကယ်ဆယ်ရေးပစ္စည်းများ ကိုလည်းသူတို့မှတဆင့် ဝေငှစေသည်။
လက်ဖက်ခြောက်စိုးဝင်းကလည်း စကစခွင့်ပြုချက်မရှိပဲ ဘယ်ပရဟိတမှ လုပ်ပိုင်ခွင့်မရှိဟူ၏။ သေဆုံးပြည်သူ ၁ ဦးကို ၁၀ သိန်းပေးမည်တဲ့၊ မရဏပြည်ကိုလိုက်ပေးမည့်အပေါက်။ ပရဟိတများမှ ပြည်သူများထံတိုက်ရိုက်ပေးဝေသည်ကိုလည်း ပုလင်းတူဗူးဆို့ လက်ဝေခံအထက်ဖားအောက်ဖိ အုပ်ချုပ်ရေးမှူး၊ ပျူစောထီးအငတ်များက လိုက်လုအကြမ်းဖက်နေသည်မှာလည်း အငယ်စားမအလများနယ်။
EROs တပ်များ၊NUG ဦးဆောင်မှုအောက်က PDFs များက ငလျင်ဒဏ်ခံရသည့်ပြည်သူများကို အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်နိုင်ရန် အပစ်အခတ် မည်ရွေ့မည်မျှရ ယာယီရပ်ဆိုင်းထားကြောင်း အသီးသီးကြေညာခဲ့ကြသည်ကိုလည်း မအလသည်သံယောင်လိုက်ကာကြေညာခဲ့ပြန်သည်။ သို့သော်လေတပ်က ဗုံးလိုက်ကျဲသည်။ အောက်ခြေတပ်ရင်းများကစစ်ကြောင်းထိုးသည်။အပစ်အခတ်ယာယီရပ်စဲထားသည်ကို အခွင့်ကောင်းယူကာ စစ်ပြင်ဆင်သည်။ အကြံဆိုး အကြံယုတ်ဖြင့် နွေဦးတော်လှန်ရေးသမားများကို အကြမ်းဖက်သမားများအဖြစ်ပုံဖော်နိုင်ရန် ကြံစီနေသည်။အလုံးစုံပျက်သုဉ်းဖြိုခွင်းနိုင်ရန် ဆင်ကြံ ကြံနေသည်။
သို့သော် ရှေ့ကဖုံး နောက်ကပေါ် ဆိုသကဲ့သို့ကမ္ဘာ့သတင်းဌာနများတွင် မအလ၏ငလျင်ဒဏ်ခံရသောပြည်သူများကို ယာယီအပစ်အခတ်ရပ်စဲထားသည့်ကာလအတွင်း လေယာဉ်ဖြင့်ဗုံးကျဲသတ်ဖြတ်မှုများကို အံဩတကြီးဖော်ပြလာခဲ့သည်။ သူတို့ကိုယ်တိုင် ကမ္ဘာကိုအကူအညီပေးရန် ဖိတ်ခေါ်ခဲ့သော်လည်း အကန့်အသပ် ဘောင်ကျဉ်းကျဉ်း အစောင့်အကြည့်ခံနေရ၍ ပြည်တော်ပြန်သူကလည်းပြန်သွားကြသည်။ စေတနာနှင့်လည်းကူညီရသေး အပြစ်ကလည်းအပြောခံရဆိုသည့်အပေါက်ကိုဘယ်နိုင်ငံကြီးသားကများ ကြိုက်နှစ်သက်ပါမည်နည်း။
ပါးစပ်ကပြောချင်ရာပြော လက်ကလုပ်ချင်ရာလုပ်၊ကိုယ်လုပ်ခဲ့သည့်အရှုပ်ထုတ်ထဲကလည်းရုန်းမထွက်တတ်။ သမ္မတလည်းလုပ်ချင်၊ဥပဒေလမ်းကြောင်းအတိုင်းလည်းမလိုက်။ သေနတ်ကိုင်နိုင်တိုင်း ဗိုလ်လုပ် ထင်ရာစိုင်းခွင့်ရသည်ဟုသော တောတွင်းဥပဒေသကို လက်ကိုင်ထား၊ ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲကိုဖျက် အာဏာသိမ်းလိုက်ထြင်းကမှားလိုက်သည့်အမှား။ ထိုမျှမက အတိုင်ပင်ခံနှင့်နိုင်ငံတော်သမ္မတ၊ဝန်ကြီးများကို မတရားအမှုဆင် ဖမ်းဆီးထောင်ချယုံမက လွတ်တော်အမတ်များကိုလည်းနှိပ်စက်သတ်ဖြတ်ခဲ့သည်။ ပြည်သူကလက်မခံ၊ EROs၊ PDFs များကတော်လှန်၊ကမ္ဘာ့နိုင်ငံများကမဆက်ဆံ....ဆိုတော့သူ့အမှားကိုသိလာပုံရသည်၊
သို့သော်နောင်တမရ။ ထိုအမှားကိုဖုံးဖိရန် နောက်ထပ်အမှားကျူးလွန်ပြန်သည်။ အမှားပေါ်အမှားတင့်ရင်းဆင့်ရင်း အကုသိုလ်အဟုန်ကြီးကြီးလာသည်။ ကျားမြီးဆွဲရင်း မတည်မြဲသောအာဏာကိုလက်လွတ်ရမှာကြောက်ကြောက်လာသည်။ ၆ လသက်တမ်း ၈ ကြိမ်တိုးထားပြီးအပြင် တိုးတိုးလာသောအကြမ်းဖက် လုယှက်သတ် ဖြတ် မီးရှို့ဖျက်ဆီးနေမှုများကြောင့် စစ်ဘေးရှောင်ပြည်သူများ ၃ သန်းကျော် ၄ သန်းရှိလာသည်။ ထိုသို့ပြုလုပ်နေခြင်းကို တရားသောစစ်ဟူသတတ်။ တရားသောစစ်အောင်ရမည်ဟု ဉာဏ်အမွဲ အကြံလွဲ အဆန်ချောင်နေသည့်မအလ။ မင်းတုတု ခွေးသေသေ ရမည်မှာ နီးနီးလာနေမှန်းသိလာပုံရသည်။ ညအိပ်ပျော်မှ ပျော်လေစ၊ သေချာတာကတော့ မအလ၏တောင်းတွင်းအိမ်မက် ကရောက်ကယက်ကား မက်လုမက်လုနှင့် မိုးလင်းတော့မည်သေချာ၏။
တဖက်မှာတော့ NUG အမျိုးသားညီညွတ်ရေးအစိုးရသည် တာတိုမှာခွန်အားကိုချွေ၊တာရှည်အတွက် ဇွဲခတ်ရင်း ပြည်သူကိုဦးထိပ်ထားကာ အမှားရှိလာကပြင်သည်။ ဝေဖန်လာသမျှ ဆိတ်ဆိတ်နေ သည်းခံသည်။ သူတို့လည်းလူသားများဖြစ်ရာ စိတ်ဆိုးတတ်ပါသည်။သို့သော်နွေဦးနော်လှန်ရေးဦးတောင်နေသူများပီပီ လုပ်စရာရှိတာ မမှိတ်မသုန်လုပ်သည်။ဦးလည်မသုန်ထမ်းရွက်သည်။ သူတကာခြေထိုးသမျှ မလဲကျအောင်ရှေ့ဆက်သည်။ လဲကျပါက ပြန်ထသည်။ EROs များနှင့်အကြိမ်ကြိမ်တွေ့သည်။ ဆွေးနွေးညှိနှိုင်းသည်။ မတူတာခွဲလုပ် တူတာတွဲလုပ်သည်။ အမျိုးမျိုးစွပ်စွဲခံရသမျှ မကြားချင်ယောင်ဆောင်သည်။ မမြင်ချင်ယောင်ပြုသည်။ လေလှိုင်းပေါ်ကအစိုးရဟူ၍လည်း ကဲ့ရဲ့လှောင်ပြောင်ခံရသည်။ ဒရုန်းအဖွဲ့များကိုလည်း NUG ၏လေတပ်ဟု မဲ့ရွဲ့ စောင်းမြောင်းကြသည်။ နေရာဒေသအသီးသီးကပကဖများ၊ဒေသကာကွယ်ရေးတပ်များ၊လက်အောင်ခံPDFsများကိုလည်းမစုစည်းနိုင်။သူတစ်လူ ငါတစ်မင်း။EROsတပ်များကလည်း သူတို့နယ်သူတို့တိုက်နေကြသည်။
နွေဦးတော်လှန်ရေးအစမို့ညဤသို့ဤနယ် ဖြစ်နေခြင်းကို ကောင်းကောင်းသဘောပေါက်သည်။ အမျိုးမျိုးသောဒက္ခများကို ခါးစည်းခံသည်။ နွေဦးတော်လှန်ရေး အောင်ကိုအောင်ရမည် စိတ်ဓာတ်ဖြင့် ပြည်သူနှင့်အတူလျှောက်၊ အလှူ့ရှင်များနှင့်လက်တွဲ၊ အလွဲတွေဖယ်ထုတ်၊ အလုပ်ကိုအလုပ်နှင့်တူအောင်လုပ်ခဲ့ကြသည်။
အထွေထွေထိုးစစ်ကြီးဆင်နွဲရန်ပြင်တင်နေချိန် (၂၈-၃-၂၀၂၅) နေ့ စစ်ကိုင်းငလျင်ကြီးက မအလမအေယိုးကြောင့် ဒုက္ခရောက်နေကြရသော ပြည်သူအပေါင်းကို ကယ်ဆယ်ကူညီနိုင်ရန် ၄ နှစ်ကျော်ကြာပြင်လာခဲ့သောအထွေထွေထိုးစစ်ကို ၂ ပတ်တာယာယီရပ်ဆိုင်းလိုက်ကြောင်း၊ ပြည်သူသာပထမဖြစ်ကြောင်း အလုပ်နှင့်သက်သေပြသည်။ အကြမ်းဖက်မအလထံ ပြည်သူများကိုကယ်ဆယ်နိုင်ရန် ကမ်းလှမ်းခဲ့သည်။
စစ်ခွေးတပ်များ၏ရန်စတိုက်ခိုက်မှုများ၊ စ်ပြင်ဆင်နေမှုများ၊ အကြမ်းဖက်သမားအဖြစ်ပုံဖော်ရန်ကြံစီနေမှုများကို ရှောင်ရှားရင်း သူတို့ကြုံးသွင်းသမျှကို သတိကြီးကြီးထား ဂုန်းဆင်းပြလိုက်သည်ကတော့အမျိုးသားညီညွတ်ရေးအစိုးရ NUG။ NUG သမ္မတကြီးဒူဝါလရှီလ၏ဦးဆောင်ဦးရွက်ကောင်းမှု၊ ဆရာကြီးဒေါက်တာဇော်ဝေစိုး၊ ကုလသံအမတ်ကြီးဦးကျော်မိုးထွန်း၊ ဒေါ်ဇင်မာအောင်နှင့် အခြားသောဝန်ကြီးများ ၏ မဆုတ်မနစ်ကြိုးပမ်းမှုများ၊ ကိုမင်းကိုနိုင်၊ ဒေါက်တာတေဇာဆန်း၊ ပန်ဆယ်လိုနှင့် ပြည်ပရောက်မြန်မာပြည်သူပြည်သားများ၏ ညီညွတ်သောအားမာန်၊ CDMs များ၏အပင်အပန်းခံ အငတ်ခံ ကြံ့ကြံ့ခ တော်လှန်စိတ်ဓာတ်များ၊ EROs နှင့်PDFs များ၏နားလည်မှုရှိသောတက်ဆံရေးတည်တောက်နိုင်မှု၊ EROs တပ်များ၏ဦးတောင်မှုများသည် မည်မျှပင်ခက်ခဲပါစေ၊ပြဿနာအဖြေသည် အကြမ်းဖက်မအေယိုးမအလနှင့်အပေါင်းအပါများ၏ အမှားလုပ်ရပ်ကိုအပြီးတိုင်ပယ်ရှားရမည်ဖြစ်ကြောင်းနှင့် စစ်ကိုင်းငလျင်ကြီးကြောင့်အသံကောင်းဟစ်၊သူတို့၏ းရှုံးမှုများကိုဖုံးကွယ်၊အပူလုပ်ကိုဟန်လုပ်ရင်း သူတို့၏ နေပြည်တော်မှာ မရဲတရဲ ကြောက်လန့်တကြား ကျီးလန့်စာစား နေရသည့်အာဏာရူးနှင့်အပေါင်းအပါများကိုအဆုံးသပ်ပေးခြင်းသည်သာအထူးလိုအပ်ကြောင်းပင်မဟုတ်လား။
တရုတ်နှင့်ရုရှားတို့ထံ နိုင်ငံကိုထိုးရောင်းစားပြီး ပြည်သူအပေါင်းကို ဒုက္ခပေါင်းစုံပေးနေသည့် မအလ၏လူမိုက်လုပ်ရပ်သည် ပြဿနာ၊ ထိုပြဿနာ၏အပိုင်းအစများကိုတစ်စခြင်းတစ်စခြင်း ဆွဲဖြုတ် သုတ်သင် တတ်သူသာ အောင်မြင်မှု။ ဤမြန်မာပြည်သူများ၏နွေဦးတော်လှန် ရေးတွင် အရှုံးအနိုင်ထွက်ပေါ်လာတော့မည်။ အောင်နိုင်သူနှင့်ရှုံးနိမ့်သူကား အဖြေပြတ်ပြတ်သားသားထွက်ပေါ်လာတော့မည်တည်း။
(8-4-2023)
-
Join Us @ MoeMaKa Telegramt.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar