Sunday, June 15, 2025

ဖလော်ဒါဟန် - ဂေဟစနစ်နဲ့ ပြည်သူ

ဖလော်ဒါဟန် - ဂေဟစနစ်နဲ့ ပြည်သူ

မိုးမခ ၊ ဇွန် ၁၅ ၊ ၂၀၂၅

ဝါဆို၊ ဝါခေါင် ရေဖောင်‌ဖောင်လို့ ဆိုပေမဲ့ နယုန်လပြည့်မတိုင်မီ နှစ်ရက်လောက်က အင်းတွေထဲရေပြည့်လာလိုက်တာ အခုဆို နှမ်းခင်တွေ ရေမြုပ်ကုန်ပါပြီ။

ရာသီဥတုကလည်း ဖောက်ပြန်သည့်သဘောမှာ ရှိသလို နှစ်စဉ် ရေတက်ချိန် ဆိုတာကို အဘယ်သို့မှ ခန့်မှန်း၍မရအောင် ရာသီဥတုဖြစ်စဉ်တွေက ပြောင်းလဲနေတာပါပဲ။

မိုးကလည်း ကောင်းသလို ဒုဋ္ဌဝတီ မြစ်ရေကလည်း မြင့်တက်နေလေရဲ့။

တောင်တမန်အင်းရေက အမရပူရတဝိုက် ရွာစဉ်များ မရောက်ခင် ပတ်ပတ်လည် လယ်ကွင်းတွေမှာ ရေများ တရွေ့ရွေ့တိုးနေပါပြီ။

နှံစားပြောင်းတွေလည်း ရေနဲ့အတူ လဲခိုနေကြတယ်။ ချဉ်ပေါင်ပင်တွေလည် ရေနစ်ကုန်လို့ အခင်းပိုင်ရှင်က ရသလောက် နုတ်နေကြတယ်။

ချောင်းမြောင်း ဆိုတာ တိတိပပ မရှိတော့တဲ့အနေအထားမှာ အမှိုက်တွေကလည်း မြင်ရက်စရာမရှိ။

ညစ်ညမ်းလှတဲ့ ရေပြင်ကြီးမှာ ကြွပ်ကြွပ်အိတ်နဲ့ စည်းကမ်းမဲ့စွန့်ပစ်ထားကြတဲ့ အမှိုက်တွေက မျောချင်ရာ မျောနေကြပြီ။

အနံ့အသက်မကောင်းလှတဲ့ ရေဆိုး ရေညစ်များမှာ လူထုကတော့ ကျန်းမာရေးလည်း မသိ‌တော့သလို ပတ်ဝန်းကျင်ရဲ့ အလှတရားတွေ ထိန်းသိမ်းဖို့ဆိုတာ ဝေလာဝေး။

တချိန်က လမ်းဘေးမြောင်းတွေကို မည်သူပိုင် မည်သူ့ခွင့်ပြုချက်ဖြင့် ယနေ့အချိန်မှာ မြေဖို့ပြီးအိမ်ကြီးအိမ်ကောင်းတွေ ဆောက်ပြီး နေကြတယ် မသိပါ။

မန္တလေးအနီးတဝိုက် ရွာစဉ်တွေမှာ ဂေဟစနစ်တွေ ပျက်သုဉ်းနေသလို စည်းကမ်းမဲ့ နေထိုင်လာကြတာပါပဲ။

ယနေ့အချိန်မှာ ရှေးယခင်မှ စည်းကမ်းတကျ တည်ဆောက်ထားသည့် အဝန်းအဝိုင်းများမှာ ရေသွင်းမြောင်း ရေနုတ်မြောင်း‌တွေကို ပိတ်ဆို့လိုက်ခြင်းဖြင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုကို ဦးတည်လာတာပါပဲ။

ဒီထက်ဆိုးတာက အချို့ရေထွက်မြောင်းများကို အမှိုက်ပစ်သည့်ကျင်းအလား အလွယ်တကူ စွန့်ပစ်လာကြခြင်းပါ။

ခေတ်ဆိုး စနစ်ဆိုးမှာ ပြည်သူတွေဘဝကလည်း ထင်ရာမြင်ရာ လုပ်နေကြသလို အောက်ခြေအဆင့်အထိ မည်သည့်တည်ဆောက်ရေးမျှ မတွေ့ရသလို ပြုပြင်ထိန်းသိမ်းခြင်း ပညာပေးရေးဆိုတာလည်း မရှိတော့ပါဘူး။

ပြည်သူ့အစိုးရလက်ထက်က အမှိုက်သိမ်းသည့် အခြေခံအလုပ်ကိုတောင် ကျယ်ကျယ်ပြန့်ပြန့် မလုပ်တော့သလို ရပ်ရွာလူထုကလည်း ဖြစ်သလို မိမိတို့ဘဝတွေကို ဖြတ်သန်းနေကြသလားလို့‌တောင် ထင်မိလာတယ်။

ဒီထက်ဆိုးတာက‌ ငွေကြေးးရှိသူများက ရပ်ရွာမှာရှိသည့် လမ်း‌ဘေးမြောင်းကြီးများကို မြေဖို့ပြီး မိမိကိုယ်ကျိုးအတွက် အိုးအိမ်တည်ဆောက်ပြီး နယ်ချဲ့လာကြတာပါပဲ။

အပျက်အပျက်နဲ့ အာဏာရှင်လက်ထက် ပျက်စီးယိုယွင်းမှုတွေက ပြည်သူတွေအတွက် စစ်မှုထမ်းဥပဒေ ပေါ်တာဆွဲ လုယက်မှုတွေသာ ရှေ့တန်းစစ်မျက်နှာ ဖြစ်လာကြတာ မဆန်းပါဘူး။

ပြည်သူထဲက ပြည်သူတယောက်အနေနဲ့ မိမိနေထိုင်တဲ့ ဝန်းကျင်အစိတ်အပိုင်းလေးမှာ‌တောင် ပျက်စီးဆုံးရှုံးမှုတွေကို ပြုပြင်ပြောင်းလဲဖို့ လွယ်ပါ့မလား။

ယနေ့အချိန် ရေကြီး မိုးရွာချိန်မှာပဲ ဖြစ်ဖြစ်၊ နေသာနေတဲ့ အချိန်မှာပဲ ဖြစ်ဖြစ် ပြောင်းလဲနေတဲ့ လူ‌ထုနေထိုင်မှု စရိုက်တွေကို ပြန်လည်တည့်‌မတ်ဖို့တော့ လိုပါလိမ့်လို့ ထင်မိပါတယ်။

ပျက်စီးယိုယွင်းမှုတွေက စစ်မဖြစ်တဲ့နေရာ မြို့ကြီးတွေ တဝိုက်မှာ ဒေသဆိုင်ရာ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု ပျက်စီးယိုယွင်းမှုတွေ အားကောင်းလို့နေပါပဲ။

မြို့အပြင် မြေလွတ်မြေရိုင်းတွေကို ‌မြေဖို့ပြီး အထပ်မြင့်တိုက်တွေ တည်ဆောက်တာက ဒီနေ့အချိနလို ရေဝင်တဲ့ အချိန်‌တွေ စိတ်လာသလို ရေတက်နှုန်းလည်း မြန်လာရတဲ့ အနေအထားမျိုးတွေနဲ့ ရင်ဆိုင်လာကြရပါတယ်။

ဥတုရာသီ တောကိုမှီ ဆိုတဲ့ စကားကို ယနေ့အချိန် ပြည်သူတွေကိုယ်တိုင် ဖျက်ဆီးပစ်နေကြတယ် ဆိုတာထက် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများမှ ရပ်ရွာအကျိုးနဲ့ပတ်သက်လို့ မည်သည့်စီမံချက်စွမ်းဆောင်မှုများ မရှိတော့သည့် အနေအထားများ လက်‌ရှိအခြေအနေများက သက်‌သေပါပဲ။

ယနေ့အချိန်မှာ ဒုဋ္ဌဝတီမြစ်ရေ၊ ဧရာဝတီမြစ်ရေတွေ မြင့်တက်လာတော့မယ့် အနေအထားမှာ ပြည်သူတွေအတွက် ဘာကိုမှ ကြိုတင်ကာကွယ်မှုမှဆိုတာ မရှိကြသေးပါ။

တက်ရေ အတက်မြန်ပါက တရက်၊ နှစ်ရက်အတွင်း ရေပြင်ကြီး ဖြစ်သွားနိုင်တဲ့ အနေအထားမှာ ပြည်သူတွေ အသက်အိုးအိမ် စည်းစိမ်တွေ မပျက်စီးဖို့ကို မိမိတို့ကိုယ်ကိုယ် ကာကွယ်ကြရမယ် ဆိုတာ အသိပေးမျှ‌ဝေရင်း။

-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar