Saturday, June 14, 2025

သီအိုဇော် - ဖွားဖွားစုအတွက် မြေးတို့ရဲ့ကဗျာ

သီအိုဇော် - ဖွားဖွားစုအတွက် မြေးတို့ရဲ့ကဗျာ

မိုးမခ ၊ ဇွန် ၁၄ ၊ ၂၀၂၅


ဖွားဖွားစုက

သားသားတို့ မီးမီးတို့

ကျောင်းမှာ ကစားဖို့

ရီမုဒ်အရုပ်ကား တောင်းတော့ပေးတယ်

ဖေဖေနဲ့ မေမေ

နေ့တိုင်း ဆဲတဲ့ သူကြီးကျ

သေနတ်တွေ ပါတဲ့ ကားနဲ့

ရွာထဲ ကျောင်းထဲ သွားပစ်ခိုင်းတယ်။


ဖွားဖွားစုက 

စာတွေ အများကြီး တတ်ပါစေလို့ ဆုပေးခဲ့တယ်

ဖိုးဖိုးနဲ့ဖွားဖွား

ညတိုင်း ကျိန်စာခိုးခိုးတိုက်တဲ့ သူကြီးကျ

စာသင်လို့ မရအောင် 

ကျောင်းကို ဗုံးနဲ့ကြဲချခိုင်းတယ်။


ဖွားဖွားစုကို ချစ်တယ်

နေ့တိုင်း အဆဲခံရတဲ့

ညတိုင်း ကျိန်စာအတိုက်ခံရတဲ့

ငရဲကျမှာ သေချာတဲ့ 

တိုက်ပုံအဖြူနဲ့ သူကြီးကိုတော့ အရမ်းမုန်းတယ်။


ဖွားဖွားစုနဲ့ ပြန်တွေ့ချင်တယ်

မင်္ဂလာပါ ဖွားဖွားစုလို့ 

အော်ပြီး နှုတ်ဆက်ကြမယ်

ကစားစရာ အသစ်တွေကိုလည်း 

ထပ်ပြီးတော့တောင်းမယ်

ကျေးဇူးတင်ပါတယ် ဖွားဖွားစုလို့

လုပြီး ပြန်ပြောကြမယ်

ရထားတဲ့ စာတွေကိုလည်း 

လက်ပိုက်ပြီးတော့ ဝိုင်းရွတ်ပြမယ်။


ဖွားဖွားစုကို ချစ်တယ်

ဖွားဖွားစု ကျန်းမာပါစေ

ဖွားဖွားစု အသက်ရာကျော်ရှည်ပါစေ။

-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar