Breaking News

⁨မဲဆောက်က နေ့သစ်အထက်တန်းကျောင်း ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲနဲ့ပညာရည်ချွန်ဆုပေးပွဲကျင်းပ


မဲဆောက်က နေ့သစ်အထက်တန်းကျောင်း ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲနဲ့ပညာရည်ချွန်ဆုပေးပွဲကျင်းပ

ကိုနိုင် (မိုးမခ)။ Radio NUG၊ ဇူလိုင် ၉၊ ၂၀၂၅


ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က ရွေ့ပြောင်းမြန်မာအလုပ်သမားတွေရဲ့ ကျောင်းသူကျောင်းသားတွေကို နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ ဖွင့်လှစ်သင်ကြားပေးနေတဲ့ နေ့သစ်အထက်တန်းကျောင်း ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲနဲ့ ပညာရည်ချွန်ဆုပေးပွဲကို ဇူလိုင် ၉ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။ 



အခမ်းအနားကို ကျောင်းတည်ထောင်သူဆရာကြီး ဦးမိုးကြိုးနဲ့ အတူ ကျောင်းဒါရိုက်တာ ဆရာမကြီး၊ ကျောင်းအုပ်ဆရာမကြီး၊ ဖိတ်ကြားထားတဲ့ ဂုဏ်သရေရှိဧည့်သည်များ၊ ဆရာ၊ ဆရာမများ ကျောင်းသား ကျောင်းသူများနဲ့ ကျောင်းသားမိဘတွေနဲ့ သတင်းမီဒီယာတွေတက်ရောက်ခဲ့ကြပါတယ်။ 



New Day Learning Center ရဲ့ ၂၀၂၄/ ၂၀၂၅ ပညာသင်နှစ်အတွင်း ဆုရရှိခဲ့တဲ့ကျောင်းသားကျောင်းသူတွေကို ပညာရည်ချွန်ဆုတွေကို ကျောင်းတာဝန်ရှိသူတွေက ပေးအပ်ချီးမြှင့်ခဲ့ကြပါတယ်။ အဲဒီနောက် Grade 10 သင်ယူပြီးမြောက်အောင်မြင်ခဲ့တဲ့ကျောင်းသား ကျောင်းသူတွေကိုလည်း သင်ယူပြီးမြောက်ကြောင်းလက်မှတ်နဲ့ နွေရာသီတလတာ ထိုင်းစာစကားသင်တန်းပြီးမြောက်ကြောင်းလက်မှတ်တွေကိုလည်း ပေးအပ်ခဲ့ကြပါတယ်။

အခမ်းအနားကို အခမ်းအနားမှူးများအဖြစ် ဆရာဖြိုး၊ ဆရာသက်လွင်ဦးတို့မှ တာဝန်ယူဆောင်ရွက်သွား ခဲ့ကြပြီး မြန်မာ့ကျောင်းသီချင်းဖြင့်သီဆိုဂုဏ်ပြုခြင်း၊ ကျောင်းဒါရိုက်တာ ဆရာမကြီး ဒေါ်ယုဇန က အဖွင့်အမှာ စကားပြောကြားခြင်း၊ ထေ့စပန်းမြို့နယ်အုပ်ချုပ်ရေးမှူး က နှုတ်ခွန်းဆက် စကားပြောကြားခြင်းနဲ့ ထဆိုင်လွတ်ရပ်ကွက်လူကြီးက နှုတ်ခွန်းဆက်စကားပြောကြားခြင်းစတဲ့ အစီအစဉ် ၅ခု နဲ့ ကျင်းပခဲ့ကြပါတယ်။ 
နေ့သစ်အထက်တန်းကျောင်းမှာ လက်ရှိ စာသင်ကြားနေတဲ့ ရွေ့ပြောင်းမြန်မာကျောင်းသူကျောင်းသားဦးရေ ၆၀၀ ကျော်ရှိပါတယ်။⁩







Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar